သောက်စားသူအားမူးယစ်၍ အသိတရား လွတ်ကင်းမေ့လျော့စေသော အရည်ကိုသေရည်ဟုခေါ်သည်။

သေရည်ဖြစ်ပေါ်လာပုံအစကား ရှေးလွန်လေပြီးသောအခါက ဟိမဝန္တာ၌ သစ်ပင်တစ်ပင်တွင် လူတစ်ရပ်လောက်ရှိသော အရပ်ဝယ် သစ်ကိုင်းသုံးခွဆုံအကြားတွင် အိုးစရည်း ပမာဏအခေါင်းတစ်ခုရှိ၏။ မိုးရွာသောအခါ ထိုအခေါင်းသည် ရေဖြင့်ပြည့်လျက်ရှိနေလေသည်။ ထိုသစ်ပင်ကြီးကိုဝိုင်းရံလျက် ပေါက်နေကြသော သဖန်း၊ သျှစ်သျှား၊ ငရုတ်ချိုပင်တို့မှ အသီးမှည့်တို့သည် ကြေလွင့်ကာမိုးရေပြည့်သော သစ်ခေါင်းကြီးထဲသို့ကျ၏။ ထိုသစ်ပင်ကြီး၏အနီးအလေ့ကျပေါက်သော သလေးစပါးခင်းမှလည်း သလေးနှံများကိုငှက်တို့ချီယူစားကြရာမှ သစ်ခေါင်းထဲသို့သလေးနှံများလည်းကျ၏။ ဤသို့ရသာစုံ ရောလျက်ရှိသောရေသည် နေပူဖြင့်ကျက်လေရာ သေပေါက်၍ နီရောင်ပြေးလာ၏။

နွေလအခါငှက်တို့သည် ရေငတ်သည်ရှိသော် ထိုသစ်ခေါင်းရေကိုသောက်ရာ မူးယစ်၍ အထက်သို့ ပျံပြီးလျှင် သစ်ပင်ရင်း၌ကျကုန်၏။ အတန်ငယ် အိပ်ပျော်ပြီးလျှင် တွန်မြူးကာ တစ်ဖန်ထ၍ပျံကြကုန်၏။ သစ်ပင်ထက်၌ မျောက်တို့လည်း ထိုအတူသာဖြစ်နေကြလေသည်။ တစ်နေ့သောအခါထိုသစ်ပင်ရင်းသို့ မုဆိုးတစ်ယောက် ရောက်လာ၍ ထိုအခြင်းအရာကိုမြင်လျှင် အဆိပ်ရည် မဟုတ်တန်ရာဟု ဆင်ခြင်ပြီး လျှင်အနည်းငယ်ခတ်၍ သောက်လေသည်။ မုဆိုးလည်းမူယစ်ကာ အလွန်ကျေနပ်လှသဖြင့် ထိုအရပ်တွင် တစ်ရက်နှစ်ရက်နေ၍ စားသောက်နေလေသည်။ ထိုမုဆိုးမှတစ်ဆင့် အရပ်ရပ်သို့ ပြန့်နှံ့ကာသေရည်ကို ချက်၍သောက်စားလာကြလေသည်။

သေရည်သေရက်တွင် မူးယစ်စေသောအရက်ပါရှိရာ အချို့ဗြစ်ရည်တွင် အနည်းဆုံးအရက်နှစ်ရာခိုင်နှုန်းမျှပါရှိ၍ အချို့အလွန်ပြင်းသော ဝီစကီဗရန်ဒီ တို့တွင်ကား ၆၈% အထိပါရှိလေသည်။ ဤသေရည်များတွင် ပါဝင်သော အရက်သည် ဂျုံ၊ ပြောင်း၊ မုယော၊ ဆန်၊ အာလူး၊ စပျစ်သီးစသော အသီးအနှံများမှရသော သကြားများထဲသို့ တဆေးထည့်ပြီးလျှင် ကစော်ဖောက်ရာမှ ရရှိလာခြင်းဖြစ်သည်။ အချို့အရက် များကိုသစ်သီးများ၊ သို့မဟုတ်ကောက်နှံများ ကစော်ဖောက်ပြီးမှ ပေါင်းတင်၍လည်းရရှိတတ်လေသည်။ ရှေးဗက်ဗီလုံးလူမျိုးတို့သည် ဗြစ်ရည်ကိုမုယောပင်ပေါက်မှ ပြုလုပ်ယူကြောင်း မှတ်တမ်းများတွေ့ရှိရသည်။ ဝိုင်အရက်ကို အီဂျစ်လူမျိုးတို့ကစတင်ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ကစော်ဖောက်၍ရသော သေရည်သေရက်များမှာ များသောအားဖြင့် ဗြစ်ရည်နှင့်ဝိုင်အရက်များဖြစ်ကြသည်။ ဥရောပအလယ်ပိုင်းတွင် ဗြစ်ရည်လုပ်ငန်းသည် ၁၃ရာစုနှင့် ၁၄ရာစုနှစ်များ၌ အကြီးကျယ်ဆုံးလုပ်ကိုင်ကြသည်။

ယခုခေတ် ဗြစ်ရည်များထဲတွင် များသောအားဖြင့်အရက်ရာခိုင်နှုန်း နှစ်မှ ခြောက်အထိပါရှိတတ်သည်။

ကုန်ကြမ်း

ပြင်ဆင်ရန်

ဗြစ်ရည်ချက်သည့် နည်းအမျိုးမျိုးရှိသည်တွင် များသောအားဖြင့် မုယောပင်ပေါက်မှပြုလုပ်ယူကြသည်။ တစ်ခါတစ်ရံပြောင်းနှင့် စပါးပင်ပေါက်များမှာလည်း ပြုလုပ်ယူကြသည်။

ပြုလုပ်ပုံ

ပြင်ဆင်ရန်

လုပ်နည်းမှာ မုယောကို ပထမရေတွင် ၄၈နာရီမှ ၇၆နာရီအထိ စိမ်ထားရသည်။ အနည်းဆုံး တစ်နေ့တစ်ခါ ရေဟောင်းကို သွန်၍ရေသစ်ထပ်၍ ထည့်ပေးရ၏။ မုယောများပျော့လာသောအခါ ကြမ်းပေါ်တွင် ပုံထားလိုက်က အပင်ပေါက်ကလေးများစထွက်လာ၏။ ယင်းသို့ အပင်ပေါက်ကလေးများ ထွက်လာသောအခါ ခပ်ထူထူ ဖြန့်ပေးရပြန်၏။ အပင်ပေါက်များ မုယောနှံသက်သုံးပုံနှစ်ပုံခန့်ရှိလာသောအခါ နောက်ထပ်မပေါက်စေရန် မီးဖိုကြီးတွင် ထည့်၍ လှော်လိုက်ရသည်။ ထိုနောက်မုယောပင်ပေါက် အခြောက်ကို သံလှိမ့်တုံးများတွင်ထည့်၍ ကြိတ်ရပြန်သည်။ အမှုန့်ကို ရေနှင့်ရော၍မပြစ်စေရန် ရေနွေးထည့်ပေးရသည်။ အပူချိန် ၁၄၅ဒီဂရီဖာရင်ဟိုက်သို့ရောက်သောအခါ မကြာမကြာ မွှေပေးရ၏။ ဤပူချိန်ကို ၁၆ဝဒီဂရီဖာရင်ဟိုက်အထိ ထားပေးပြန်သည်။ ထိုအခါ ဝေါ့ခေါ် မုယောပင်ပေါက်ရည် ရရှိလာလေသည်။ ထိုအရည်ကိုငှဲ့၍ ယူထားလိုက်၏။ ထိုနောက် မုယောပင်ပေါက်ရည်ကဲ့သို့ ဗြစ်ရည်ခတ် ဆေးနွယ်ပင်မှ အပွင့်ခြောက်များကိုထည့်၍ တစ်နာရီမှ ခြောက်နာရီအထိချက်ရသည်။ မုယောပင်ပေါက်ရည် ဂါလံ ၁ဝဝ တွင် ဗြစ်ရည်ခတ်ဆေးနွယ်ပွင့်ခြောက် တစ်ပေါင်မှ ၁၂ပေါင်အထိ ရောပေးနိုင်သည်။ ချက်ပြီးသော မုယောပင်ပေါက်ရည်ကိုအအေးခံပြီးလျှင် ကစော်ဖောက်ရန် စည်များတွင်ထည့်ထားလေသည်။ ထိုနောက်မုယောပင်ပေါက်ရည် ဂါလံ ၁ဝဝ တွင် တဆေး ငါးပေါင်ခန့်ထည့်၍ ရက်အနည်းငယ်မျှ ကြာအောင်ကစော်ဖောက်ထားလေသည်။ အပေါ်ယံတက်လာသော တဆေးကို ခပ်ပစ်ပြီးနောက်ကျန်သော အရည်ကား ဗြစ်ရည်ပင်ဖြစ်လေသည်။ ထိုနောက်ပုလင်းများတွင် မထည့်မီစည်ကြီးများတွင်ထည့်၍ နှစ်ချို့အောင်သိုလှောင်ထားတော့၏။

ဝိုင်အရက်သည်စပျစ်သီးနှင့် အခြားအသီးများမှရသော အရည်ကို ကစော်ဖောက်ထားခြင်းဖြစ်သည်။

ပြုလုပ်ပုံ

ပြင်ဆင်ရန်

စပျစ်သီးများကို အစေ့မကြေအောင်လှိမ့်တုံးနှစ်ခုဖြင့် ခြေပြီးလျှင်အရည်ကို ထုတ်ယူ၏၊ ထိုအရည်ကို ကစော်ပေါက်လာအောင် ရက်ပေါင်း အတော်ကြာထားသောအခါ ဝိုင်အရက်ဖြစ်လာလေသည်။ ဝိုင်အရက်တွင် မူးယစ်စေသော အရက်ရာခိုင်နှုန်း ရှစ်မှ ၁၄ အထိ ပါဝင်လေသည်။ ဝိုင်အရက်သည်ပထမတွင် ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဟန်ဂေရီ၊ စပိန်နှင့်ပေါ်တူဂီနိုင်ငံများတွင် အလွန်ကျော်ကြားခဲ့သည်။

[] ပေါင်းချွေးခံယူရသောသေရည်သေရက်များသည် တရုတ်လူမျိုးများက စတင်ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည်။ တရုတ်လူမျိုးတို့သည် ဆန်မှအလွန်ပြင်းသော သေရည်ကို ခရစ်မပေါ်မီကပင်ပြုလုပ်ခဲ့ကြသည်။ မြန်မာလူမျိုးတို့ ချက်လုပ်သည့်အရက်များမှာ အထူးသဖြင့် ကောက်ညှင်းနှင့် ထန်းလျက်တို့ကို ကစော်ဖောက်၍ ပေါင်းခံယူသော အရက်များဖြစ်ကြသည်။ ဝီစကီနှင့်ဗရန်ဒီအရက်များသည် ဥရောပတိုက်တွင် ပထမဆုံးပေါင်းခံယူသော သေရည်များဖြစ်ကြသည်။

ဗရန်ဒီအရက်သည် ဝိုင်အရက်ကိုသော်လည်းကောင်း၊ သို့မဟုတ် စပျစ်သီး၊ ပန်းသီး၊ သစ်သော့သီးစသော အသီးများ၏အရည်ကိုသော်လည်းကောင်း၊ ပေါင်းခံယူသော သေရည်ဖြစ်သည်။ ဗရန်ဒီတွင်မူးယစ်စေသောအရက် ရာခိုင်နှုန်း ၄၅မှ ၅၅အထိပါသည်။

ဝီစကီအရက်သည်ပြောင်း၊ မုယော၊ ဂျုံ၊ ရိုင်းစပါး စသော ကောက်နှံများ၏ ကစော်ဖောက်ပြီးသော အရည်ကိုပေါင်းခံယူသောအရက်ဖြစ်သည်။ ယင်းတွင်မူးယစ်စေသောအရက်ရာခိုင်နှုန်း ၄ဝမှ၅၄အထိပါဝင်သည်။ ဝီစကီအရက်ကို ၁၂ ရာစုနှစ်က အိုင်ယာလန်နှင့် စကော့တလန်ပြည်များတွင် ပထမဆုံးပြုလုပ်ကြသည်။ ရမ်အရက်ကိုရှေးအခါကတည်းကပင် ကြံနှင့်ဆန်မှ ပေါင်းခံယူကြသည်။

ဖော်ပြခဲ့သောပြင်းသောအရက်များအပြင် လှော်ဇာရည်၊ စိမ်ရည်စသည့်ရိုးရိုး တဆေးဖြင့် ကစော်ဖောက်ပြီး ပြုပြင်ယူသော ကစော်များလည်းရှိသည်။

ထန်းရည်၊ ဓနိရည်

ပြင်ဆင်ရန်

ထို့ပြင်ထန်းရည်၊ ဓနိရည်စသော သစ်ပင်မှသဘာဝအလျောက် ထွက်သည့် ချိုမြိန်သောအရည်ကို မူးယစ်စေတတ်သော သေရည် အဖြစ်သို့ ပြောင်းလည်းပြုပြင်ထားသည့် သေစာများလည်းရှိပေသေးသည်။

အရက်သေစာသောက်စားခြင်းသည် လူ့အသိဉာဏ်ကိုယုတ်လျော့စေ၍ ပညာအမြော်အမြင် ဆင်ခြင်တုံတရားကင်းကွာစေရကား မျက်မှောက်လောက၌ ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်အောင် လှုံ့ဆော်ပေးနိုင်သည်။ အရက်သေစာ သောက်လိုက်သောအခါ ဦးနှောက်ကြောများကို တိုက်ရိုက်သွား၍ ထိခိုက်သည့်ပြင် နှလုံးသားနှင့်တကွ တစ်ကိုယ်လုံးရှိ ကြွက်သားနှင့်အကြောတို့ကို အားလျော့စေသဖြင့် ကျန်းမာရေး ကိုလည်းများစွာ ထိခိုက်စေလေသည်။ သေရည်သေရက်သောက်စား မူးယစ်သောသူသည် မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ဥစ္စာဆုတ်ယုတ်ခြင်း၊ ငြင်းခုံများခြင်း၊ ရောဂါထူပြောခြင်း၊ အကျော်အစော မရှိခြင်း၊ အင်္ဂါမစုံခြင်း၊ ပညာနည်းခြင်းစသည့် အပြစ်ခြောက်ပါးကို လက်ငင်းခံစားရသည်။ သေသည်၏ အခြားမဲ့၌ ငရဲကြီး ငရဲငယ်တို့တွင်ခံရခြင်း၊ တိရစ္ဆာန်ဖြစ်ရခြင်း၊ ပြိတ္တာဖြစ်ရခြင်း၊ အကယ်၍လူ့ပြည် လောက၌ လူဖြစ်ပါသော်လည်း ရူးသွပ်ရခြင်း၊ စိတ်မတည်တံ့ဘဲ ပျံ့လွင့်သောစိတ်ရှိခြင်း၊ ဆွံ့အခြင်း၊ ထစ်ငေါ့ခြင်း၊ ပါးစပ်မှ အရည်ယိုကျခြင်း ငယ်စဉ်ကပင်မိုက်မဲတွေဝေခြင်းများ ဖြစ်ရကြောင်းဘုရားရှင် ဟောတော်မူခဲ့လေသည်။

[]


  1. https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%80%E1%80%BA
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)