ဗြိတိန်ပြည်၏ ပန်းချီအနုပညာကို ရှေ့တန်းသို့ ပို့ဆောင်ခဲ့ သော ပုဂ္ဂိုလ်များအနက် တောမတ်ဂိန်းစဗားရားသည် တစ်ယောက် အပါအဝင် ဖြစ်သည်။ လူပုံတူနှင့် ရှုခင်းများ ရေးခြယ်ရာတွင် ကဝိမြောက် တစ်ဦးဖြစ်၏။ ဂိန်းစဗားရားသည် ခရစ် ၁၇၂၇ ခုနှစ်တွင် ဆပ်ဖတ်ခရိုင် ဆဒ်ဗာရီမြို့၌ မွေးဖွား ၏။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်၏။ အသက် ၁၄ နှစ်သားကပင် တောမတ်သည် သူနေထိုင်သည့် အရပ် ပတ်ဝန်းကျင်ရှိ ရှုခင်းများကို ရေးခဲ့သည်။ ထို့နောက် သူ၏ ဖခင်က ကလေး၏ ဝါသနာနှင့် အရည်အချင်းကိုသိ၍ လန်ဒန်မြို့သို့ပို့ပြီးလျှင် ဟျူး ဗတ်ဂရေ့ဗလောထံ၌ အက်ချင်းခေါ် စားဆေးဖြင့် ပုံဆွဲဲခြင်းအတတ်ကို သင်ယူစေသည်။ ၁၇၄၅ ခုနှစ်တွင် တောမတ်သည် အစ်ပစွစ်မြို့၌ နေထိုင်ကာ ရှုခင်း ပန်းချီကားများနှင့် ပုံတူကားများကို ရေးဆွဲလေသည်။ ၁၇၆ဝ ပြည့်နှစ်တွင် ဗသမြို့သို့ ပြောင်းရွှေ့၍ ပုဂ္ဂိုလ်ကျော်ကြီးများ၏ ပုံတူပန်းချီကားများကို ရေးဆွဲလေရာ သတင်းကြီးလာသည်။

သောမတ်စ် ဂိန်းစဗားရား

ထို့နောက် လန်ဒန်မြို့တော်သို့ ပြောင်းရွှေ့၍ တတိယဂျော့ဘုရင် နှင့် မိဖုရားတို့၏ ပုံတူကားများနှင့် အခြားထင်ရှားသော ယောက်ျား မိန်းမ ကချေသည်များကို ရေးဆွဲသည်။

ဂိန်းစဗားရားက ရှုမျှော်ခင်းကားများ ရေးဆွဲခြင်းကိုသာ စိတ်ပါသည်ဖြစ်သော်လည်း ထိုခေတ်ကလူများတို့သည် ထိုကား များကို တန်ဖိုးမထားတတ်ကြချေ။ ထို့ကြောင့် လူပုံတူများကို သာ တွင်ကျယ်စွာ ရေးဆွဲခဲ့ရသည်။ ၁၇၆၈ ခုနှစ်တွင် ဂိန်း စဗားရားသည် တော်ဝင်အနုပညာတံခွန်အသင်းကြီးသို့ ဝင်ခွင့် ရခဲ့၏။ အသင်းကြီးသို့ သူရေးဆွဲသည့် ရှုမျှော်ခင်းနှင့် လူပုံတူ ကားများကို ပေးပို့ခဲ့ရာတွင် လူပုံတူကား သုံးခုအတွက် အသင်း ကြီးနှင့် မကျေမနပ် ဖြစ်သောကြောင့် အသင်းဝင်အဖြစ်မှ နုတ် ထွက်ပြီးလျှင် သီးခြားပြခန်းတစ်ခု ဖွင့်လှစ်လေသည်။ သို့သော် လည်း သူ၏ပြခန်းမှာ သူမျှော်မှန်းသလောက် မအောင်မြင်ခဲ့ ချေ။

ဂိန်းစဗားရားသည် အလွန်ခေါင်းမာသူတစ်ယောက် ဖြစ် သည့်အလျောက် ဆာဂျော့ရွာရေးနောနှင့်လည်း အတိုက်အခံ ဖြစ်ခဲ့သေး၏။

သူ၏ လက်ရာ ပြောင်လှသော ပန်းချီကားများကို တွေ့ရှိရသဖြင့်လည်း ဂိန်း စဗားရားသည် ရေးနောထက် မသာသာအောင် ကြိုးစားခဲ့သည်ဟု ယူဆရပေမည်။ သို့သော် ဤပုဂ္ဂိုလ် ၂ ဦးတွင် မည်သူကပို၍ တော်သည်ဟု ပြောနိုင်ရန် ခဲယဉ်းသည်။ ပညာတူသဖြင့် ရန်သူ သဖွယ်ဖြစ်ကြသော်လည်း ဂိန်းစဗားရားသည် သူတို့၏ယခင်က မကျေနပ်မှုများကို ခဝါချကာ မိတ်ကောင်းဆွေကောင်းကဲ့သို့ သဘောထားကြရန် ပြောကြားသွားလေသည်။ ဂိန်းစဗားရား သည် ၁၇၈၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ကွယ်လွန်လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)