ဤသုတ်တော်၏ အကျိုးကျေးဇူး ပြင်ဆင်ရန်

ဤသုတ်တော်သည်ကား ရှစ်ပါးသီလအားစောင့်ထိန်းသောသူများအတွက် အလိုအပ်ဆုံးနှင့် လေ့လာသင့်အပ်ဆုံးသော သုတ်တော်သည်လည်းဖြစ်ပါ၏။ ဤသုတ်တော်၏နည်းအတိုင်းစောင့်ထိန်းသော သီလကျင့်ဝတ်သည်လည်း အကျိုးကြီးမား၏။

သံခိတ္တူပေါသထသုတ်တော် မြန်မာပြန်စကားပြေ ပြင်ဆင်ရန်

အရှင်ကဿပမဟာထေရ်ဘုရား။

တပည့်တော်အာနန္ဒာသည် ဤတရားတော်မြတ်ကို သာဝတ္ထိပြည်ရှိ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသည့် ဇေတဝန်ရွှေကျောင်းတော်၌ ဘုန်းတော်ကြီးတော်မူသည့်မြတ်စွာဘုရားရှင်သည် အဘယ်သို့သောနည်းဖြင့်စောင့်ထိန်းအပ်သောရှစ်ပါးသီလ၏ အကျိုးကြီးမည်နည်းကို  ကျောင်းတော်ရှိရဟန်းများအား ခေါ်တော်မူ၍ ဟောကြားတော်မူခဲ့သည်ကို ကြားနာမှတ်သားခဲ့ရပါ၏ဘုရား။


မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေသော ရဟန်းများကို ရဟန်းများဟု နှုတ်ဖြင့် မိမိထံသို့လာရန်ခေါ်တော်မူ၏။ ကျောင်းတော်ရှိရဟန်းများကလည်း အရှင်ဘုရားဟု ထူးတော်မူပြီး ဝန်းရံ၍ချဉ်းကပ်လာလေသော် မြတ်စွာဘုရားရှင်သည်-


“ရဟန်းတို့။ အင်္ဂါရှစ်ပါးဖြင့်ပြည့်စုံပြီး သတ္တဝါခပ်သိမ်းတို့ ကျင့်သုံးဆောက်တည်လေ့ရှိသော ရှစ်ပါးသောဥပုသ်သီလကိုကျင့်သုံးရခြင်း၏ အကျိုးအာနိသင်သည် ကြီးမြတ်အကျိုးအားရရှိစေတတ်ပြီး ဆောက်တည်သောသူ၏ ဂုဏ်သတင်းသည်လည်း ကျော်စောပျံ့နှံ့၏။ အဘယ်သို့သောနည်းဖြင့်ကျင့်သုံးစောင့်ထိန်းသည့် ရှစ်ပါးသောဥပုသ်သီလသည် တန်ခိုးကြီးမြတ်ပြီးထက်မြက်၍ထိရောက်မှုရှိသနည်း။”


“ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်တို့ကျင့်သုံးသည့်အကျင့်မြတ်ထူးတို့ အားဆင်ခြင်ကာအတုယူစံထား၍ ကျင့်သုံးအပ်သော အရိယာတပည့်သာဝကများ၏ ဥပုသ်စောင့်ထိန်းနည်းသည် မြင့်မြတ်လှ၏။ အရိယာတပည့်သာဝကများ၏ဥပုသ်စောင့်ထိန်းနည်းသည်ကား ဤသို့တည်း။”


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ကြဉ်ကြကုန်၏။ တုတ်၊ဓားအစရှိသော လက်နက်အပေါင်းကိုလည်း အဘယ်သောအခါမှ မကိုင်ဆောင်တော့ပေ။ သူတစ်ပါးအသက်ကိုသတ်ရခြင်းအလုပ်ကိုလည်း ပြုလုပ်ရမည်ကို အလွန်ရှက်ကြလေ၏။ သတ္တဝါအပေါင်းတို့အား သနားသောအမြင်ဖြင့်သာ မြင်ကြကုန်၏။ သတ္တဝါခပ်သိမ်းတို့၏ အကျိုးစီးပွားကိုသာ အလိုရှိကြပြီး ဆင်းရဲဒုက္ခကျရောက်နေသည်ကို အလိုမရှိတတ်ပေ။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ သူတစ်ပါးအသက်သတ်ခြင်းအလုပ်အား ရှက်ရွံကာရှောင်ကြဉ်လျက် သတ္တဝါအပေါင်းအား သနားသောအမြင်ဖြင့်မြင်လျက် သတ္တဝါတို့၏ အကျိုးစီးပွားကိုသာလိုလားလျက် ပါဏာတိပါတာ ဝေရမဏိ မည်သော သူအသက်အားမသတ်ခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည့် ပထမမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး သူတစ်ပါးမပေးသောပစ္စည်းဥစ္စာလာဘ်လာဘကိုယူခြင်းမှရှောင်ကြဉ်ကြကုန်ပြီး သူတစ်ပါးပေးလှူသော ပစ္စည်းဥစ္စာလာဘ်လာဘကိုသာယူကြကုန်၏။ တစ်သက်တာလုံး သူတစ်ပါးပစ္စည်းအား မခိုးမယူတတ်ပေ။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ သူတစ်ပါးမပေးသောပစ္စည်းဥစ္စာလာဘ်လာဘကိုယူခြင်းအလုပ်အား ရှက်ရွံကာရှောင်ကြဉ်လျက် ပေးလှူသောပစ္စည်းကိုသာ လက်ခံလျက် ၊ သူတစ်ပါးပစ္စည်းအားမခိုးယူလတ္တံ့ဟု အဒိန္နာဒါနာ ဝေရမဏိ မည်သော သူတစ်ပါးမပေးသော ပစ္စည်းအားမယူခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည့် ဒုတိယမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး မမြတ်သောမေထုန်ကာမကိစ္စအကျင့်ကျင့်ခြင်းမှရှောင်ကြဉ်ကြကုန်ပြီး မြင့်မြတ်သော(အသုဘကမ္မဌာန်း)အကျင့်အား ကျင့်ကြကုန်၏။ တစ်သက်တာလုံး မေထုန်ကာမကိစ္စအားမပြုတော့ပေ။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ မေထုန်ကာမကိစ္စအပြုအမူအား ရှက်ရွံကာရှောင်ကြဉ်လျက် မြတ်သောတရားအကျင့်များအားကျင့်လတ္တံ့ဟု အဗြဟ္မစရိယာ ဝေရမဏိ မည်သော မမြတ်သောအကျင့်အား အားမကျင့်ခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည့် တတိယမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး မမှန်သောစကားအားပြောခြင်းမှရှောင်ကြဉ်ကြကုန်ပြီး မှန်သောစကားကိုသာပြောကြ၏။ တည်ကြည်မှုရှိပြီးယုံကြည်ထိုက်သည့်စကားကိုလည်းပြောကြကုန်၏။ မှန်ကန်ပြီးအကျိုးရှိသည့်စကားကိုသာပြောဆို၏။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ မမှန်ကန်သောစကားကိုပြောခြင်းမှရှောင်ကြဉ်၍ မှန်ကန်ယုံကြည်ထိုက်သောစကားကိုသာပြောဆိုမည်ဟု မုသာဝါဒါ ဝေရမဏိ မည်သော သူတစ်ပါးမပေးသော မမှန်ကန်သောစကားအားပြောဆိုမှရှောင်ကြဉ်ခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည့် စတုတ္ထမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး မူးယစ်စေတတ်သောဆေးဝါးတို့ကိုသုံးစွဲခြင်းမှရှောင်ကြဉ်ကြကုန်၏။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ မူးယစ်စေတတ်သောဆေးဝါးတို့ကိုသုံးစွဲခြင်း မှရှောင်ကြဉ်မည်ဟူသည့် သုရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိ မည်သော မူးယစ်စေတတ်သောဆေးဝါးတို့ကိုသုံးစွဲခြင်းမှရှောင်ကြဉ်ခြင်း ဟူသော အနက်အဓိပ္ပာယ်ရှိသည့် ပဥ္စမမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး ထမင်းတစ်နပ်သာစားကြကုန်၏။ နေ့မွန်းတည့်ပြီး ညရောက်သည့်တိုင်အောင် အစာမစားဘဲ နောက်တစ်နေ့မနက်ရောက်မှသာ အစာစားကြပါပေ၏။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ မနက်ပိုင်း ထမင်းတစ်နပ်သာစားပြီးမှ နောက်တစ်နေ့မရောက်ခင်အထိအစားမစားခြင်း ဟူသည့် ဝိကာလဘောဇနာ ဝေရမဏိ မည်သော  ဟူသော နေ့လွဲညစာစားခြင်းအလုပ်အားရှောင်ကြဉ်ခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည့် ဆဌမမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး သူတော်ကောင်းတရားမြတ်တို့၏ဆန့်ကျင်ဘက်ဖြစ်ပြီး လူတို့၏စိတ်အား ရစ်ပတ်နှောင်ဖွဲ့တတ်ပြီး ဆွဲနှစ်တတ်သော အကကခြင်း၊သီချင်းဆိုခြင်း၊သီချင်းသံဖြစ်အောင်တီးခတ်ခြင်း၊ကခုန်တီးမှုတ်ပွဲများအားကြည့်ရှုနားဆင်ခြင်း၊ပန်းပန်ခြင်း၊နံ့သာမှုန့်ဖြင့်လိမ်းခြယ်ခြင်း၊နံ့သာပျောင်းဖြင့်ပြင်ဆင်ခြင်းတို့အား မပြုလုပ်ဘဲရှောင်ကြဉ်ကြကုန်၏။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ အကကခြင်း၊သီချင်းဆိုခြင်း၊သီချင်းသံဖြစ်အောင်တီးခတ်ခြင်း၊ကခုန်တီးမှုတ်ပွဲများအားကြည့်ရှုနားဆင်ခြင်း၊ပန်းပန်ခြင်း၊နံ့သာမှုန့်ဖြင့်လိမ်းခြယ်ခြင်း၊နံ့သာပျောင်းဖြင့်ပြင်ဆင်ခြင်း မှရှောင်ကြဉ်မည်ဟူသည့် နစ္စ၊ဂီတ၊ဝါဒိတ၊ဝိသူကဒဿန၊မာလာဂန္ဓ၊ဝိလေပန၊ဓာရဏ၊မဏ္ဍန၊ဝိဘူသနဌာနာ ဝေရမဏိ မည်သော အကကခြင်း၊သီချင်းဆိုခြင်း၊သီချင်းသံဖြစ်အောင်တီးခတ်ခြင်း၊ကခုန်တီးမှုတ်ပွဲများအားကြည့်ရှုနားဆင်ခြင်း၊ပန်းပန်ခြင်း၊နံ့သာမှုန့်ဖြင့်လိမ်းခြယ်ခြင်း၊နံ့သာပျောင်းဖြင့်ပြင်ဆင်ခြင်း ဟူသော အနက်အဓိပ္ပာယ်ရှိသည့် သတ္တမမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ရဟန္တာအစရှိသောသူတော်ကောင်းတို့သည် တစ်သက်တာလုံး အသက်ထက်ဆုံးမြင့်မြတ်သောနေရာရှောင်ကြဉ်ကြကုန်၏။ နိမ့်သောနေရာ ညောင်စောင်း၌ဖြစ်စေ၊ မြက်ခင်း၌ဖြစ်စေ ထိုနေရာများ၌သာနေကြ၏။ အရိယာသာဝကတပည့် သည်လည်း  ရဟန္တာသူတော်ကောင်းတို့ကဲ့သို့ ဤတစ်နေ့လုံးနှင့်ဤတစ်ညလုံး ၌ တစ်သက်တာလုံး အသက်ထက်ဆုံးမြင့်မြတ်သောနေရာရှောင်ကြဉ်ကြကုန်၏။ နိမ့်သောနေရာ ညောင်စောင်း၌ဖြစ်စေ၊ မြက်ခင်း၌ဖြစ်စေ ထိုနေရာများ၌သာနေမည်ဟူသည့် ဥစ္စာသယန၊မဟာသယနာ ဝေရမဏိ မည်သော အကကခြင်း၊သီချင်းဆိုခြင်း၊သီချင်းသံဖြစ်အောင်တီးခတ်ခြင်း၊ကခုန်တီးမှုတ်ပွဲများအားကြည့်ရှုနားဆင်ခြင်း၊ပန်းပန်ခြင်း၊နံ့သာမှုန့်ဖြင့်လိမ်းခြယ်ခြင်း၊နံ့သာပျောင်းဖြင့်ပြင်ဆင်ခြင်း ဟူသော အနက်အဓိပ္ပာယ်ရှိသည့် အဌမမြောက်ဥပုသ်အကျင့်မြတ်တစ်ပါးအား ဆောက်တည်၍ စောင့်ထိန်း၏။


ရဟန်းတို့။ ငါဘုရားမိန့်ခဲ့ပြီးသော ဤနည်းလမ်းရှစ်ပါးကိုအသုံးပြုပြီးဥပုသ်ဆောက်တည်ပြီး စောင့်ထိန်းသော ဥပုသ်တော်သီလ၏အကျိုးအာနိသင်သည် ကြီးကျယ်၍မြင့်မြတ်လှပေပါ၏တကား။1