သံဂါယနာတင်ပမာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

သံဂါယနာတင်ပမာ ပြင်ဆင်ရန်

ပုရပြည်စတည်ပျိုးခဲ့တဲ့၊ မြတ်ဘိုးတော်ရာဇာက၊ သာသနာဘုရင်မြှောက်လို့၊ တင်လျှောက်ကာဖူးမျှော်ကပ်တဲ့၊ ဦးမြတ်ခင်နေတတုန်းငဲ့ပြင်၊ တည်ကုန်းဘောင်ရွှေဘိုစံနှင့်၊ မန်းနဂရံ၊ နန်းစံနတ်ပေပ၊ မန္ဓတ်နွယ်ဒါယကာက၊ သာသနာရာဇာမှူးပါဟု၊ အထူးပင်ကိုးကွယ်သပေတဲ့၊ ဦးညေယျထိပ်ခေါင်တင်။

တည်အခြေသည်ရွှေတောင်က၊ ဝေမှောင်ကို၊ နေရောင်လွှမ်းလေသို့၊ ပြောင်ရွှန်းဝေ၊ ကျွန်းသပြေဆုံးအောင်ပ၊ ဇမ္ဗူကျော်နှစ်ဆူဘုန်းတို့၏၊ မူထုံးစံစဉ်အလာနှင့်၊ ဝင်သာကီသင်္ဃာရဟန်းတို့၊ စာကျမ်းဂန်ဂန္တန္တရကိုဖြင့်၊ ကျွမ်းကြရက်ပင်။

နန်းထူကာမန်းဘူမိ၊ သူရိယာနေအလျှံကဲ့သို့၊ ဣဘိယံရာဇာက၊ ဝိမလာဘွဲ့လှူနှိပ်လို့၊ ဖြူရိပ်စံတံခွန်တင်တဲ့၊ တံဆိပ်ရင်ထိပ်တင်ဘုန်းငဲ့၊ တိုက်ကုန်းမြေ၊ ရွှေသာလယ်က၊ သုံးရွှေဆယ် အောက်ခွင်သို့လှမ်းမိရင်၊ ရဟန်းထေရ် ပုဂ္ဂိုလ်ကောင်းတို့၊ ဟိုကျောင်းပျော်သည်အရှင်နှင့်၊ မပေါင်းချင် ရန်တမီးကဲ့သို့၊ ကံကြီးငယ်ရှောင်ကြဉ်ကွင်းသည့်ပြင်၊ ပဉ္ဇင်းခံရှင်ပြုရေးကိုမှ၊ အလှူခံအတူမထွေးသောကြောင့်၊ ပူဆွေးရှာသုံးဆယ်မြို့ရယ်က၊ ဘုန်းရွယ်လို့ ဆန်လှာချင်၊ ကံကြမ္မာငင်လို့ နတ်ခွင်ယွန်း။

နန်းကုဿိန်ပြည်ခွင်က၊ မြတ်ရှင်ပင်ဓာတ်အသင်္ခတသို့၊ ဝင်ကြွကာ ဖိုလ်တော်ကူးမိရင်၊ ပျော်မြူးပုံနဲနာဆန်းလို့၊ ကွဲလမ်းပုံအဖြာဖြာမို့၊ ရဟန္တာကဿပါအမှူးနှင့်၊ လက်ဦးတွင်ပဋ္ဌမာပ၊ သင်္ဂါယနာ တင်ကာမြှောက်လေသို့၊ ရွာလျှောက်သူဒကာဒကာမတွေနှင့်၊ နာယကဦးကေတုငဲ့၊ ဝေစုအတူခံကြ၊ မူသိဿံ ဦနန္ဒက ဆန္ဒတူ ပဋိညာဉ် နှင့် ပြွမ်းဝင်ကာ၊ ဆွမ်းစဉ်ပရိတ်ကယ်တို့၊ ပင့်ဖိတ်ရာအတူခံကြလိမ့်၊ ဗူသယံ အမတာ ပျော်၏သို့၊ ဆရာတော်အညာကပြောင်းကာမှ၊ အရမ္မေသာရွှေမောင်းမှာမဖြင့်၊ တကာတွေ သဒ္ဓါရေကောင်းစေဘို့၊ သင်္ဂါယဉ်တင်ယနာပေါင်းကြချည်တော့၊ ကျောင်းရှိနယ်ဝှန်း။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။