ဝံသာနု လှုပ်ရှားမှုကြီး အရှိန်ရစ ပြုလာတဲ့အချိန်မှာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရဟန်း သံဃာတော်တွေလဲ တတပ်တအား ပါဝင်နိုင်ကြဖို့ရည်ရွယ်ပြီး သံဃာ့သာမဂ္ဂီ အဖွဲ့တွေ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၂၁ ခုနှစ်၊ ဇူလိုင် (၄) ရက်နေ့မှာ ရန်ကုန်မြို့အလယ်တောရ ဆရာတော်ကြီးနဲ့ ဝေဠုဝန် ဆရာတော်၊ သာဓုဆရာတော်၊ ဗားကရာဆရာတော်၊ အလုံဇောတနာရာမ ဆရာတော်၊ သရက်တော ကျောင်းတိုက် မှန်ကင်း ဆရာတော်၊ ပြည်မြို့ ပွင့်လှသိမ်ကုန်းဆရာတော်တို့ကနေ၊ ဦးဆောင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဗဟိုထားတဲ့ သံဃာ့သာမဂ္ဂီ အဖွဲ့ကြီးအပြင် မန္တလေး မှာ ဗဟိုပြုတဲ့ သံဃာ့သာမဂ္ဂီ အဖွဲ့ကြီးလဲ ပေါ်ပေါက် လာခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီသံဃာ့သာမဂ္ဂီအဖွဲ့ကြီး (၂) ခုတို့ ပေါင်းစည်းမိကြပြီး နိုင်ငံလုံးဆိုင်ရာ မဟာသံဃာ့သာမဂ္ဂီ အဖွဲ့ချုပ်ကြီး ဖွဲ့နိုင်တဲ့အထိ တိုးတက်ကြီးထွား လာခဲ့ပါတယ်။

သံဃာ့သာမဂ္ဂီ အဖွဲ့ကြီး မပေါ်ထွန်းမီကတည်းက အမျိုး ဘာသာ သာသနာ လှုပ်ရှားမှုအတွင်း တပါးချင်းအလိုက် ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်ကြီးတွေကတော့ ဦးဥတ္တမဦးဝိစာရ၊ ဦးနာဂိန္ဒ၊ သာယာ၀တီ ဦးညေယျ၊ စိန်ရောင်ခြည် ဦးအာစရ၊ အာလံ ဦးလာဘ၊ အုတ်ဖိုမှန်ကျောင်းဆရာတော် ဦးအရိယဝံသ စတဲ့ရဟန်းတော် ကြီးတွေဖြစ်ကြပြီး သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ကြီး ပေါ်ထွန်းလာတဲ့အခါမှာလဲ ရှေ့တန်း ကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ဝံသာနုအသင်း၊ ဝံသာနုကုမ္မာရီအသင်း တွေနဲ့အတူ ဝံသာနု သံဃာ့အသင်းကြီးဖြစ်တဲ့ ‘သံဃာ့သာမဂ္ဂီ’ အသင်းကြီးဟာလဲ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ပါတယ်။

သံဃာ့သာမဂ္ဂီ အသင်းတွေဟာ ကျေးရွာ ဝံသာနုအသင်းတွေ အပေါ်လဲ ဩဇာကြီးမားခဲ့သလို ဂျီစီဘီအေ အဖွဲ့ချုပ်ကြီး ထဲမှာလဲ သံဃာ့သာမဂ္ဂီဝင် ဆရာတော်ကြီးတွေဟာ လေးလေး မြတ်မြတ် နေရာပေးခံ ခဲ့ရပါတယ်။ သံဃာ့ ဩဇာခံ ဂျီစီဘီအေ ခေါင်းဆောင်ကြီးတွေတောင် အလျှိုအလျှို ပေါ်ပေါက်လာခဲ့ပါတယ်။ ဂျီစီဘီအေ ညီလာခံကြီး တွေမှာလဲ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ဝင် သံဃာတော်ကြီးတွေ ပါဝင် တက်ရောက် အားပေး ခဲ့ကြပါတယ်။ ၁၉၂၄ ခုနှစ်၊မေလ-၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပေါင်းတည် မှာ ကျင်းပခဲ့တဲ့ ဂျီစီဘီအေ ကွန်ဖရင့်ကြီးမှာ နိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီ အဖွဲ့ချုပ် ဥက္ကဋ္ဌ သက်တော် (၈၂) နှစ်ရွယ် ဘေးမဲ့ ဆရာတော်ကြီး နဲ့ အရှင် ဦးဥတ္တမ ကိုယ်တော် အပါအဝင် သံဃာတော် (၇၀၀၀) ကျော် တက်ရောက် ခဲ့တဲ့အတွက် စုစုပေါင်း ရှင်လူပရိသတ် (၂) သိန်းကျော် တက်ရောက်တဲ့ ကွန်ဖရင့်ကြီးအဖြစ် စည်စည်ကားကား ကျင်းပ အားပြနိုင်ခဲ့ပါတယ်။ သံဃာ့သာမဂ္ဂီ ဟာ အမျိုးသား ပညာရေးကို အားပေးခဲ့တဲ့အပြင် ပြည်တွင်းဖြစ် အားပေးရေး မှာလဲ ထိပ်က ပါဝင်ခဲ့ကြပါတယ်။ သံဃာ့သာမဂ္ဂီဝင် ရဟန်းတော်တွေကိုယ်တိုင် ပြည်တွင်းဖြစ် ဖျင်သင်္ကန်း ပဲ ဝတ်ရုံခဲ့ကြပါတယ်။ သာသနိက အဆောက်အဦတွေအတွင်း နိုင်ငံခြားသားတွေ ဖိနပ်စီးတဲ့ကိစ္စ ကန့်ကွက်ခဲ့ရာမှာ ရှေ့ဆုံးက ပါဝင်ခဲ့ပြီး ဒိုင်အာခီ လက်ခံသင့် မသင့် ပြဿနာတွေ ပေါ်ပေါက် လာတဲ့ အခါမှာလဲ သံဃာ့သာမဂ္ဂီဝင် သံဃာတော် အများစုကြီးက လက်မခံရေး ဖက်ကနေ ပြတ်ပြတ်သားသား ပါဝင်ခဲ့ကြပါတယ်။ ဂျီစီဘီအေ အဖွဲ့ကြီး အစိပ်စိပ် အမြွှာမြွှာ ကွဲပြဲမှုတွေ ပေါ်ပေါက်လာတဲ့ အခါမှာတော့ သံဃာ့သာမဂ္ဂီဝင် သံဃာတော်ကြီးများလဲ တနွယ်ငင်တစင်ပါ ဖြစ်ခဲ့ကြပြီး ဂျီစီဘီအေ ကြီးကျဆုံးသွားရမှု နဲ့အတူ သံဃာ့သာမဂ္ဂီ အဖွဲ့ကြီးလဲ ဩဇာကျဆင်း မှေးမှိန်သွားခဲ့ရပါတယ်။ ၁၉၂၅ ခုနှစ်လောက်ကဆိုရင် သံဃာ့သာမဂ္ဂီဟာ အလွန်ထင်ရှားခဲ့ပြီး အသင်းဝင်အင်အား (၁) သိန်းလောက်ရှိခဲ့တဲ့ သံဃာ့ အဖွဲ့အစည်းကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၂၇က ဝံသာနု စာစောင်ကို ထုတ်ဝေခဲ့ပြီး သံဃာ့သာမဂ္ဂီဟာ ဦးစိုးသိမ်း ဂျီစီဘီအေ နဲ့ ပူးပေါင်း လှုပ်ရှားခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေးကို ပြတ်ပြတ်သားသား ရပ်တည်ဖော်ပြခဲ့သည်။

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။