သံလိုက်ကိုအင်္ဂလိပ်ဘာသာ အားဖြင့် မဂ္ဂနက် ဟုခေါ်သည်။ ထိုဝေါဟာရ မှာရှေး ကအာရှမိုင်းနားပြည်တွင် မဂ္ဂနက်အမည်ရှိသောသိုးထိန်း သမားလေးတစ်ဦးက သဘာဝသံလိုက်ဓာတ် ပါသည့် ကျောက်တုံးတစ်တုံးကို အမှတ်မဲ့တွေ့ရာမှစတင်ဖြစ်ပေါ် လာသည်ဟုအချို့ကပြောကြသည်။ ဤသ ဘာဝသံလိုက် မျိုး[မြန်မာ ၁]ကို မဂ္ဂနက်မမွေးမီ ရှေးနှစ်ထောင်ပေါင်းများစွာကပင် တရုတ်လူမျိုးတို့ တွေ့ရှိကာ လမ်းပြအိမ်မြှောင်အဖြစ် အသုံးပြုခဲ့ကြလေသည်။ ဂရိနှင့်ဟီဗြူးစာပေများတွင်လည်း လမ်းညွှန်ကျောက်နှင့် စပ်လျဉ်းသောအထောက်အထား များကိုတွေ့ရလေသည်။ လမ်းညွှန်ကျောက်ဟုခေါ်ဆိုခြင်းမှာ ဤကျောက်ကို ခါးလယ်မှ ကြိုးဖြင့်ချည်ပြီး တွဲလွဲဆွဲ ထားသောအခါ တစ်ခုတည်းသောအရပ် (တောင်နှင့် မြောက်) သို့သာ အမြဲတမ်းညွှန်ပြနေသဖြင့် လမ်းစပျောက်နေသူတစ်ဦးသည် မိမိသွားလိုရာအရပ်မျက်နှာသို့သွားနိုင်သည့် အတွက်ဖြစ်လေသည်။ လမ်းညွှန်ကျောက်ဟုခေါ်စမှတ်ပြုငြားသော်လည်း အမှန်စင်စစ် ကျောက်မဟုတ်ဘဲ သဘာဝသံလိုက်ဓာတ်ပါရှိသည့်အုန်းခွံရောင်သံရိုင်းသာဖြစ်၏။

ထိုသံရိုင်းကိုဓာတုဗေဒနယ်တွင် မဂ္ဂနက် တိုက်ဟူ၍ ခေါ်လေသည်။ သံလိုက်ကို လူတို့၏အတတ်ပညာဖြင့်လည်း သံ၊ သို့မဟုတ် သံမဏိများမှ ပြုလုပ်နိုင်သည်။ ထိုလူလုပ်သံလိုက်များကို အပြားချောင်းအနေနှင့်ဖြစ်စေ၊ မြင်းခွာပုံအနေနှင့်ဖြစ်စေ တွေ့ရတတ်သည်။ သံလိုက်များတွင် ထာဝရသံလိုက် နှင့် ယာယီသံလိုက်ဟူ၍ နှစ်မျိုးခွဲထားသည်။ သံပျော့တစ်ချောင်း၏ အနီးတွင် သံလိုက်ချောင်းတစ်ခုကို နီးကပ်စွာထားသောအခါ ထိုသံချောင်း၌ သံနှင့်သံမှိုများကို ဆွဲငင်နိုင်သည့် သတ္တိပေါ်လာလိမ့်မည်။ သို့ရာတွင် သံလိုက်ချောင်းကို ဖယ်လိုက်သည်နှင့်တပြိုင်နက် ထိုသံပျော့၌ရှိသည့် သံလိုက်ဓာတ်လည်း ပျောက်သွားလေသည်။ ဤသို့ဖြစ်သော သံပျော့ချောင်းကို ယာယီသံလိုက်ဟုခေါ်သည်။ သို့ရာတွင် သံပျော့ချောင်းအစား ချုပ်အပ်တစ်ချောင်းကို အသုံးပြုလျှင်ကား သံလိုက်ဓာတ်အချို့သည် အချိန်ကြာမြင့်စွာကျန်ရစ်နေသည်ကို တွေ့ရလိမ့်မည်။ ထိုကြောင့် ထာဝရသံလိုက်ကို အလိုရှိသောအခါ အလွန် မာသောသံ၊ သို့မဟုတ် သံမဏိမှပြုလုပ်ရလေသည်။

သံတစ်ချောင်းကိုသံလိုက်ဖြင့် တဖက်သတ်အထပ်ထပ်ပွတ်တိုက်ပေးခြင်းဖြင့်လည်းကောင်း၊ သံချောင်းကို တောင်နှင့်မြောက်တန်း ထားပြီးလျှင် မြောက်ဘက်အစွန်းကိုအောက်နည်းနည်းစိုက်ပေးကာ တောင်ဘက်စွန်းကို တူဖြင့်ခပ်နာနာထုပေးခြင်းဖြင့်လည်းကောင်း၊ သံလိုက်ဖြစ်စေနိုင်သည်။ ဤဒုတိယနည်းဖြင့်ပြုလုပ်ရရှိ သောသံလိုက်ကိုအရှေ့နှင့်အနောက်တန်းထားပြီးသော် တူနှင့်တဖန်ထုပေးသောအခါ သံလိုက်ဓာတ် ပျောက်သွားပြန်လေသည်။ သံလိုက်ဓာတ်ကိုအလွယ်ဆုံးဖျက်ပစ်နိုင်သည့် နည်းမှာမူ သံလိုက်ကို နီရဲလာသည်အထိ မီးဖုတ်ပေးခြင်းပင်ဖြစ်လေသည်။ သံလိုက်တစ်ခုကို သံမှုန့်ထဲသို့နှစ်လိုက်လျင် သံမှုန့်သည် သံလိုက်၏ အချို့နေရာများတွင် အခြားနေရာများမှာထက် ပိုမိုမြောက်မြားစွာ တွယ်ကပ်နေသည်ကို တွေ့ရ၏။ ထိုနေရာများကိုသံလိုက်စွန်းများဟု ခေါ်သည်။ ထိုသံလိုက်ကို ခါးလည်မှကြိုးနှင့်ချည်ပြီးလျှင် တွဲလွဲဆွဲထားသောအခါ သံလိုက်၏အစွန်း နှစ်ဖက်သည် မြောက်နှင့်တောင်အရပ်သို့ ညွှန်လျက် ရပ်တည်နေပေလိမ့်မည်။

မြောက်ဘက်သို့ လှည့်နေသော အစွန်းကိုမြောက်စွန်းဟုခေါ်၍ တောင်ဘက်သို့ လှည့်နေသော အစွန်းကို တောင်စွန်းဟုခေါ်သည်။ အိမ်မြှောင်မှာ ဤသဘောကိုယူ၍ အလယ်ဗဟို၌ ဆုံလည်တပ်ထားသော သံလိုက်ပင်ဖြစ်လေသည်။ သံလိုက်တိုင်း၌ရှိသောဘအစွန်းနှစ်ဖက်တွင် သံမှန်သမျှကို ညီတူညီမျှ ဆွဲငင်နိုင်သည့်အားရှိသည်။

သို့ရာတွင်သံလိုက်နှစ်ခုကိုယှဉ်ထားလိုက်သောအခါ၌ တောင် နှင့်မြောက်စွန်း (ဝါ) ဆန့်ကျင်ဘက်အစွန်းခြင်းသာလျှင်တစ်ခု ကိုတစ်ခုဆွဲငင်ကြ၏။ အမျိုးတူအစွန်းအချင်းချင်းကား တစ်ခု ကိုတစ်ခု တွန်းဖယ်ကြလေသည်။ သံလိုက်ကိုအသုံးမပြုဘဲပစ်ထားလျှင် သံလိုက်ဓာတ်တဖြည်းဖြည်း ယုတ်လျော့သွားတတ်သည်။ ထိုကြောင့်မြင်းခွာပုံသံလိုက်ဖြစ်က အသုံးမပြုသောအချိန်တွင် သံလိုက်ထိန်းဟု ဆိုအပ်သောသံတုံးကလေးတစ်ခုကို သံလိုက်၏ ထိပ်တွင်တပ်၍ထားရသည်။ သံလိုက်ချောင်းဖြစ်ပါက သံလိုက်နှစ်ချောင်းကိုတစ်ခု၏ တောင်စွန်းနှင့် အခြားတစ်ခု၏ မြောက်စွန်းတို့ကို ထိတွေ့စေလျက် အစုံလိုက်ပူးပြီးထားရလေသည်။

သံလိုက်သည် သံနှင့်သံမဏိကိုအဆွဲငင်ဆုံးဖြစ်၍နစ်ကယ်၊ အလျူမီနမ်၊ ကရိုမီယမ်နှင့် ပလက်တီနမ်စသောသတ္တုများကိုလည်း အနည်းငယ်မျှဆွဲငင်နီုင်သည်။ သို့သော်အထက်ပါသတ္တုများမှအပ ဖြစ်သော အခြားအရာများကိုမူ များသောအားဖြင့် အနည်းငယ်မျှပင် တွန်းဖယ်ပစ်ပေသေးသည်။ သံလိုက်တွင် အခြားအရာဝတ္ထုများနည်းတူ မျက်စိဖြင့် မမြင်နိုင်လောက်အောင်သေးငယ်သည့် မော်လီကျူးများပါရှိ၍ ထိုမော်လီကျူးတိုင်းသည် သဘာဝသံလိုက်ဖြစ်သည်ဟု ယူဆရလေသည်။ သံလိုက်တစ်ခုတွင် သံလိုက်မော်လီကျူးများသည် အလိုက်သင့်စီတန်းပြီးနေကြသည်။ သံလိုက်မဟုတ်သော သံရိုးရိုးတွင်မူ ထိုမော်လီကျူးတို့သည် စည်းမဲ့ကမ်းမဲ့ တည်နေကြကာ အချင်းချင်း အားမျှနေသည့် အတွက်သံလိုက် ဓာတ်သည်အပြင်သို့ထွက်ပေါ်၍မလာချေ။

သံလိုက်ဓာတ်အကြောင်းကို ပထမဦးစွာနှိုက်နှိုက်ချွတ်ချွတ် လေ့လာသူမှာ ဒေါက်တာဝီလျံဂီးလဗတ် (၁၅၄ဝ·၁၆ဝ၃) ခုနှစ်ဖြစ်သည်။ သူသည်အင်္ဂလန်ပြည်၌ ပထမအယ်လစ်ဇဘက်ဘုရင်မကြီး လက်ထက်တွင်ကျော်ကြားသော သိပ္ပံပညာ ရှင်ကြီးတစ်ဦးဖြစ်၍ ထိုဘုရင်မကြီး၏ သမားတော်ကြီးလည်းဖြစ် လေသည်။ သူသည်သံလိုက်ဓာတ်နှင့် စပ်လျဉ်း၍ အနှစ်နှစ်အလလ စမ်းသပ်လေ့လာပြီးလျှင်နောက်ဆုံးတွင် ကျွန်ုပ်တို့ကမ္ဘာကြီးကိုယ်တိုင် တောင်နှင့်မြောက်တန်း နေသည့် ဧရာမသံလိုက်ကြီးတစ်ခုကဲ့သို့ ပြုမူလျက် ရှိသည်ဟု ဆုံးဖြတ်ချက်ချလေသည်။ ဤဆုံးဖြတ်ချက်ကို ယခုအခါ တစ်ကမ္ဘာလုံးက လက်ခံလျက်ရှိပေပြီ။ သို့ရာတွင် အဘယ် ကြောင့် ဤသို့ဖြစ်ရသနည်းဟူသော အမေးကို ဖြေရန်မှာမလွယ်ကူလှပေ။ သိပ္ပံပညာရှင်ကြီးတို့၏ ယူဆချက်တရပ် အရဆိုလျှင် ကမ္ဘာကြီး၏အတွင်းပိုင်းသည် သံတုံးသံခဲကြီးဖြစ်၍ ကမ္ဘာကြီးကို ရစ်ပတ်ဝန်းရံထားသော လေထု၏အပြင်ပိုင်းတွင် လျှပ်စစ်ဓာတ်ဝင်နေသည့် အမှုန်ကလေးများ အမြောက်အမြားရှိသည်။ ကမ္ဘာလုံးသည်အနောက်မှအရှေ့သို့ လည်ပတ် လျက်ရှိသည်နှင့်အမျှ ဤအမှုန်ကလေးများသည်လည်းကမ္ဘာကို ပတ်ချာလှည့်လျက်ရှိကြသည်။ ထိုကြောင့် လျှပ်စစ်ဓာတ်စီးကြောင်းတစ်ခုသည် ကမ္ဘာကိုပတ်ကာ အစဉ်အမြဲစီးလျက် ရှိပြီးလျှင် ကမ္ဘာကြီးကို သံလိုက်ဖြစ်သွားစေသည်ဟုဆိုသည်။ ဤကမ္ဘာ့သံလိုက်ကြီးတွင် တောင်ဘက်အစွန်းနှင့် မြောက်ဘက်အစွန်းဟူ၍ အစွန်းနှစ်ခုရှိရာ အိမ်မြှောင်သံလိုက်ကလေးတစ်ခုကို ငြိမ်ငြိမ်သက်သက် ထားသောအခါ၌ တောင်နှင့်မြောက်တန်းနေခြင်းမှာ အဆိုပါ အစွန်းနှစ်ခုတို့၏ ဆွဲငင်မှုကြောင့်ပင်ဖြစ်လေသည်။ သို့ရာတွင် ဤကမ္ဘာ့သံလိုက်စွန်းနှစ်ခုတို့၏ တည်နေရာများမှာ ကမ္ဘာ့ဝင်ရိုးစွန်းအမှတ်တို့နှင့် တထပ်တည်းမကျကြပေ။ တစ်ဖန် တစ်နေရာတည်းတွင် အမြဲတည်ပြီးမနေကြဘဲ တစ်နေ့မှ တစ်နေ့သို့၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်သဖြင့် မသိမသာလရွေ့လျက်ရှိကြ၏။ အိမ်မြှောင်ကို ကြည့်ပြီးလျှင် အလုပ်လုပ်ကြရသော သင်္ဘေကက်ပတိန်တို့သည် ကမ္ဘာ့သံလိုက်စွန်းတည်နေ ရာပြမြေပုံများရှိနေသည့်အတွက် အခက်အခဲနှင့် မတွေ့ကြုံကြရပေ။ တစ်နေရာတွင် သံရိုးရိုးတစ်ခုကို သံလိုက်တစ်ခုဖြင့်နီးကပ်စေက ထိုသံရိုးရိုးတွင်သံလိုက်ဓာတ် ဖြစ်ပေါ်လာသည့် အကြောင်းကို ဖော်ပြခဲ့သည်။ ဤသံလိုက် ဓာတ်မျိုးကို သံလိုက်၏ညှို့မှုကြောင့်ဖြစ်ပေါ်လာ သည့်သံလိုက် ဓာတ်ဟုဆိုရသည်။ သံရိုးရိုးတစ်ချောင်းကိုတောင်နှင့်မြောက် တန်းထားပြီးလျှင် တူနှင့်ထု ပေးသောအခါ၌ သံလိုက်ဓာတ်ဖြစ် ပေါ်လာခြင်းမှာလည်း ကမ္ဘာ့သံလိုက်၏ညှို့မှုကြောင့်ပင်ဖြစ်လေ သည်။ အထက်ပါသံလိုက်ဓာတ်မျိုးကို သံလိုက်အစားလျှပ်စစ် ဓာတ်ကိုအသုံးပြုခြင်းဖြင့်လည်း ပြုလုပ်ယူ နိုင်သည်။ ထိုသို့ပြုလုပ်ရရှိသော သံလိုက်သည် လျှပ်စစ်သံလိုက်ဟုခေါ်သည်။

လျှပ်စစ်သံလိုက်ပြုလုပ်ပုံ သဘောမှာ သံလိုက်ဖြစ်စေလိုသော သံပျော့တစ်ချောင်းကို ဗဟိုတွင်ထား၍ လျှပ်စစ်ဓာတ်မကူးအောင်ပြု လုပ်ထားသည့် နန်းကြိုးတစ်ပင်ဖြင့် ထိုသံချောင်းကို အထပ်ထပ်ရစ် ပတ်ပေးထားပြီးလျှင် နန်းကြိုး၏ အစ နှစ်ခုကို လျှပ်စစ်ဓာတ်အိုး (ဗက်ထရီ)သို့မဟုတ် လျှပ်စစ်ဓာတ်ကြိုးနှင့်ဆက်ထားရသည်။

ထိုနောက် နန်းကြိုးတလျှောက် လျှပ်စစ်ဓာတ်ကိုစီးစေသောအခါ လျှပ်စစ်ဓာတ်စီး နေသည့်အခိုက်အတန့်တွင်အထက်ပါ သံချောင်း သည်သံလိုက်ဖြစ်သွား၍ လျှပ်စစ်ဓာတ်ကိုဖြတ်လိုက်သည်နှင့် တပြိုင်နက်သံလိုက်ဓာတ် လည်းပျောက်သွားပြန်လေသည်။

လျှပ်စစ်သံလိုက်တွင် နန်းကြိုး၏ အပတ်ပေါင်းများလေလေ၊ သံလိုက် ဓာတ်အားမှာ ကြီးလေလေဖြစ်သည်။ ထိုသံလိုက်သည် ခေတ္တခဏသာလျှင် သံလိုက်ဓာတ်ရှိသည့်အတွက် ယာယီသံ လိုက်မျှသာဖြစ်ကြောင်း သိအပ်ပေသည်။ ခေတ်မီသံနှင့်သံမဏိ အလုပ်ရုံကြီးများသို့ သွားရောက်ကြည့်ရှုမည်ဆိုပါက သယ်စရာ၊ ညှပ်စရာဆို၍ဘာတစ်ခုမျှ မျက်မြင်မရှိသောအလွန်ထူးဆန်းသည့် ကုန်တင်ကုန်ချမောင်းတစ်မျိုးကိုတွေ့နိုင်လေသည်။ ထိုမောင်းမှာ လျှပ်စစ်သံလိုက်ဓာတ်ကို အသုံးပြုထားသောသံလိုက်မောင်းပင် ဖြစ်သည်။ တန်ပေါင်းများစွာ အလေးချိန်စီးသည့် သံတို၊ သံစ၊ သံတုံးသံခဲများကို တစ်နေရာမှတစ်နေရာသို့အခက်အခဲမရှိဘဲ သယ်ဆောင်လျက်ရှိသော ထိုမောင်းကြီးတို့၏သတ္တိမှာ အံ့ဖွယ်တရပ်ပင် ဖြစ်တော့သည်။ လူခေါ်ခေါင်းလောင်းကလေး မှအစ စကားပြောကြေးနန်း၊ သတင်းပို့ကြေးနန်၊ ဝိုင်ယာလက်၊ ရေဒီယို၊ တယ်လီဗေးရှင်း၊ ဒိုင်နမို၊ သံလိုက် ရေမြုပ်ဗုံးစသော လူ့အသုံးဆောင် ပစ္စည်းကိရိယာနှင့် လက်နက်အမျိုးမျိုးတို့မှာ လည်း သံလိုက်အပေါ်မှာပင်အခြေတည်ပြီး ပြုလုပ်ထားသည့် အရာများသာဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် သံလိုက် သည်ကျွန်ုပ်တို့၏ ခေတ်မီပညာရပ်အသီးသီး နှင့် လုပ်ငန်းအသီးသီးသည် အခြေခံအုတ်မြစ်သဖွယ်ပင်ဖြစ်လျက်ရှိရာ သံလိုက်နှင့် သံလိုက်ဓာတ်တို့၏ အရေးကြီးအသုံးဝင်ပုံ ကိုပါ တွေ့ရှိအသုံးချတတ်ခြင်းမရှိပါက ကျွန်ုပ်တို့၏ မျက်မှောက်ခေတ်ကြီးသည်လည်း ယခုလောက်တိုး တက်နိုင်စရာ အကြောင်းမရှိဟု ဆိုရပေမည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)


ကိုးကား အမှား - <ref> tags exist for a group named "မြန်မာ", but no corresponding <references group="မြန်မာ"/> tag was found