သံဝိဓာနသိက္ခာပုဒ် နှစ်ပုဒ်ရှိပါသည်။

အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ

အမှု—ဘိက္ခုနီတို့နှင့်တိုင်ပင်၍ ခရီးသွားမှု

ဘိက္ခုနီတို့နှင့် ဆဗ္ဗဂ္ဂီများ ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် အတူစီစဉ်၍ (မည်သည့်ရက် မည်သည့်အချိန် သွားကြစို့-ဟု အချိန်း အချက်ပြု၍) ခရီးသွားကြကုန်၏၊ လူတို့က “ငါတို့ သားမယားနှင့်အတူ ခရီးသွားကြသကဲ့သို့, သူတို့လည်း သွားကြသည်” ဟု ကဲ့ရဲ့ကြသောကြောင့် “ယောပန ဘိက္ခု၊ ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ၊ ပါစိတ္တိယံ”တိုင်အောင် မူလပညတ်ကိုထားတော်မူရလေသည်။[၁]

အနုပညတ် ပြင်ဆင်ရန်

အခါတပါး၌ ဘိက္ခုနီတို့သည်၎င်း၊ ဘိက္ခုတို့သည်၎င်း သာကေတမြို့မှ သာဝတ္ထိသို့ ခရီးသွားဘွယ်ရှိကြ၏၊ ထိုအခါ ဘိက္ခုနီတို့က “တပည့်တော်မတို့သည် အရှင်ဘုရားတို့နှင့်အတူ လိုက်ကြပါရစေ”ဟု လျှောက်လျှင် ရဟန်းတို့က “သင်တို့နှင့်အတူ မသွားကောင်း သင်တို့သော်လည်း ရှေ့ကသွားနှင့်ကြ သို့မဟုတ် ငါတို့သော်လည်း အရင်သွားနှင့်ကြမည်” ဟု ပြောဆိုကြလေသည်။ ထိုအခါ “အရှင်ဘုရားတို့သည် မြတ်သောယောက်ျားများ ဖြစ်ကြပါသည်။ အရှင်ဘုရားတို့ပင် ရှေ့ကကြွနှင့်ကြပါကုန်”ဟု လျှောက်၍ ဘိက္ခုနီတို့ နောက်ချန်နေရစ်ကြလေသည်၊ ထိုသို့နောက်ချန်ပြီးမှ လိုက်သွားကြသော ဘိက္ခုနီတို့မှာ သပိတ် သင်္ကန်းကိုလည်း အလုခံရ, လူကိုလည်း ဖျက်ဆီးခံရလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ “အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော, သတ္ထဂမနီယော ဟောတိ မဂ္ဂေါ, သာသင်္ကသမ္မတော, သပ္ပဋိဘယော, အယံ တတ္ထ သမယော”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။[၁]

သိက္ခာပုဒ်၏အကျဉ်းချုပ်အဓိပ္ပါယ် ပြင်ဆင်ရန်

လမ်းခရီးသည် အဖော်ကုန်သည် မပါလျှင် ဘေးအန္တရာယ်ဖြစ်တတ်သောကြောင့် အဖေါ်ကုန်သည် နှင့်အတူ သွားထိုက်သော ခရီးမျိုးဖြစ်အံ့၊ စိုးရိမ်ကြောင့်ကြဘွယ် ရှိသောခရီးဟု အများအသိအမှတ် ပြုထားအံ့၊ ဘေးရန် အန္တရာယ် လည်းရှိအံ့၊ ထိုခရီးမျိုးကို သွားရာ၌ ဘိက္ခုနီနှင့်အတူ ချိန်းချက်၍ သွားကောင်း၏၊ ရိုးရိုးဘေးအန္တရာယ်ကင်းသော ခရီးမျိုးကိုသွားရာ၌ကား ဘိက္ခုနီနှင့် ချိန်းချက်၍ အတူမသွားကောင်း။ [၁]


သံဝိဓာနသိက္ခာပုဒ်

အမှုသည်—ရဟန်းတပါး။

အမှု—မာတုဂါမနှင့်အတူခရီးသွား။

မာတုဂါမနှင့် အတူသွားမှု ပြင်ဆင်ရန်

ရဟန်းတပါးသည် သာဝတ္ထိသို့ သွားစဉ် ရွာတံခါးတခုကို ဖြတ်သွားရ၏၊ မိန်းမတယောက်ကား သူ့ခင်ပွန်းနှင့် ရန်ဖြစ်၍ ထိုရွာမှ ထွက်လာရာ ထိုရဟန်းကို တွေ့၍ “ဘယ်ကြွမလို့ပါလဲ”ဟုမေး၏၊ “သာဝတ္ထိ ကြွမလို့”ဟုပြောလျှင် “တပည့်တော်မလည်း အတူလိုက်ပါရစေ”ဟုလျှောက်လေသော် “လိုက်ခဲ့တာပေါ့” ဟုခွင့်ပြုကာ အတူသွားနေစဉ် ယောက်ျားဖြစ်သူလိုက်လာ၍ (ထိုရဟန်းက ခေါ်သွားသည်ဟူသော အထင်ဖြင့်) ထိုရဟန်းကို ထောင်းထုပြီးမှ လွှတ်လိုက်လေသည်၊ ထိုရဟန်းလည်း သူ၏ဖြစ်ပုံကို တွေးတောလျက် သစ်ပင်အောက်၌ ထိုင်နေစဉ်(မိန်းမ၏အဖြစ်မှန်ကို ပြောပြချက်အရ) ထိုယောက်ျားလာ၍ ကံတော့တောင်းပန်လေသည်၊ ထိုအကြောင်းကို ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင်ရဟန်းသည် မာတုဂါမနှင့်အတူတကွ ချိန်းချက်၍ တကြောင်းလည်း အဓွန့်ရှည်သော ခရီးကို အောက်ထစ်ဆုံးအားဖြင့် အခြားတရွာသို့လည်း သွားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [၁]

မှတ်ချက် ပြင်ဆင်ရန်

ဤသိက္ခာပုဒ်တော်အရ မာတုဂါမများနှင့် တိုင်ပင်၍ (“မည်သည့် ရက်နေ့ ဘုရားဖူးသွားကြစို့”စသည်ဖြင့် ချိန်းချက်၍ စစ်ကိုင်းမှ မန္တလေး စသည်သို့) မသွားကောင်း၊ ယခုကာလ၌ကား မြန်မာနိုင်ငံမှ ဣန္ဒိယ သီဟိုဠ်သို့ပင် (ထိုကဲ့သို့ တိုင်ပင်ချိန်းချက်ကာ) ဘုရားဖူးဆို၍ သွားမိတတ် ကြသေး၏၊ သူတပါးတို့ ချိန်းချက်ရာဝယ် မိမိမပါဘဲ အချိန်ကျမှ ကိုယ့်ဘာ သာလိုက်သွားသူမှာ အပြစ်ရှိ၊ စောစောက မချိန်းဘဲ သင်္ဘောရထား ကျမှ ဆုံမိ၍ သွားသူများလည်း (နောက်ထပ်ဆက်၍လည်း မချိန်းချက်ပါမူ) အာပတ်မသင့်၊ မိန်းမက ချိန်းချက်စေကာမူ ရဟန်းကပြန်၍ မချိန်းချက်လျှင်လည်း အာပတ်မသင့်၊ ၂-ဥုးလုံးသဘောတူ တိုင်ပင်ချိန်းချက်၍ သွားမှသာ အာပတ်သင့်သည်၊ ဤသို့ သဘောတူ ချိန်းချက်တိုင်ပင်၍ကား ရွာချင်းကပ် နေသော အခြားတရွာသို့မျှ မသွားကောင်း။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး