သံသရာဟူသောဝေါဟာရသည် သံသာရဟူသောပါဠိမှဆင်သက်လာသော ပါဠိသက်ဝေါဟာရ တစ်ရပ်ဖြစ်ပေသည်။ ယင်းကိုပုဒ်ခွဲသော် သံတစ်ပုဒ်၊ သာရတစ်ပုဒ်ဖြစ်ကာ သံ=အဆက်မပြတ်တရစပ်၊ သာရ=ဖြစ်ခြင်းဟုအနက်အဓိပ္ပာယ်ရရှိသောကြောင့်၊ခန္ဓာနဉ္စပဋိပါဋိ၊ ဓာတုအာယတနာနစစသည်ဖြင့် ခန္ဓာအာယတနဓာတ်တို့၏ ဤစဉ်မပြတ် ဆက်ကာဆက်ကာဖြစ်နေမှုကို သံသရာဟု ခေါ်ဆိုအပ်၏ဟုအဋ္ဌကထာတို့၌ပြဆိုတော်မူခဲ့ကြသည်။

ခန္ဓာအာယတနဓာတ်ဟူသည် ကား အခြားမဟုတ်၊ အချုပ်အားဖြင့်နာမ်ရုပ်နှစ်ပါးပင်ဖြစ်သည်။ ထိုနာမ်ရုပ်နှစ်ပါးတို့ အဆက်မပြတ် ဆက်ကာဆက်ကာဖြင့် ဘဝတစ်ခုမှဘဝတစ်ခုသို့ကူးပြောင်းရွှေ့သွားသကဲ့သို့ဖြစ်နေသည်ကိုပင်သံသရာ၌ ကျင်လည်သည်ဟူ၍ ပြောစမှတ်ပြုလျက်ရှိကြလေသည်။ ထင်ရှားအောင်ပြပါဦးအံ့။ ယခုကျွန်ုပ်တို့မျက်မြင်တွေ့ရှိနေရသောသရက်ပင်များသည် သရက်ပင်ဟောင်းများထားပစ်ခဲ့သောအစေ့များမှပေါက်ပွားလာကြကုန်၏။ ထိုလက်ရှိအပင်များသည်လည်း နောင်အခါတွင် အဆက်မပြတ်သရက်ပင်များ ပေါက်ပွားလာနိုင်စေရန်အသီးသီး၍မျိုးစေ့များကိုချထားပေကြကုန်၏။ ယင်းသို့မျိုးစေ့များကို အဆက်မပြတ်တစ်ပင်မှတစ်ပင် ပေးသွားနိုင်သရွေ့ကာလပတ်လုံး သရက်မျိုးမတုံးနိုင်၊ ပျောက်ကွယ်မသွားနိုင်ဖြစ်သကဲ့သို့ ထိုအတူသတ္တဝါတို့၏ ရုပ်နာမ်တည်းဟူသောခန္ဓာပင်ကြီး တစ်ပင်ပေါက်လာလျှင် ကောင်းမှုကိုပြုကျင့်ခြင်းတည်းဟူသော ကုသိုလ်မျိုးစေ့ (ကုသိုလ်ကံ)နှင့်မကောင်းမှုကိုပြုကျင့်ခြင်းတည်းဟူသော အကုသိုလ်မျိုးစေ့(အကုသိုလ်ကံ) အထိုက်အ လျောက် ဖြစ်ပေါ်လာကြမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။

မည်သည့်သတ္တဝါမဆို ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေတစုံတစ်ခုသောအပြုအမူအကျင့်အကြံကိုပြုမူကျင့်ကြံမည်ချည်းဖြစ်ရာ ယင်းပြုမူကျင့်ကြံချက်ကောင်းလျှင်၊ အပြစ်ကင်းလျှင်၊ ကုသိုလ်မျိုးစေ့၊ မကောင်းလျှင်၊အပြစ်မကင်းလျှင် အကူသိုလ်မျိုးစေ့တည်တော့မည်သာဖြစ်သည်။ အောင်မြင်သောသရက်မျိုးစေ့ရှိနေလျှင် သရက်ပင်ပေါက်မှာမလွဲဖြစ်သကဲ့သို့ ကမ္မပထမြောက်သော ကုသိုလ်ကံ၊ အကုသိုလ်ကံမျိုးစေ့တည်နေလာလျှင် ခန္ဓာပင်ဆက်လက်ပေါက်ပွားလာမည်မှာ လွှဲရှောင်မရသောသဘာဝနိယာမဖြစ်ရာ၊ ကုသိုလ်ကံမျိုးစေ့တည်နေကကောင်းမြတ်သောရုပ်နာမ်ခန္ဓာ၊ အကုသိုလ်ကံမျိုးစေ့တည်နေကမကောင်းသောရုပ်နာမ်ခန္ဓာဆက်လက်ဖြစ်တော့မည်ဧကန်ဖြစ်လေသည်။

ပြဆိုခဲ့ပြီးသည့်အတိုင်း သတ္တဝါဟူသရွေ့မှာ ကုသိုလ်၊ အကုသိုလ်တည်းဟူသောကံမျိုးစေ့ရှိကြ သည်ချည်းဖြစ်ရာ ထိုမျိုးစေ့ရှိနေသမျှကာလပတ်လုံး ထိုမျိုးစေ့၏အစွမ်းတန်ခိုးဖြင့် ရုပ်နာမ်ခန္ဓာတည်း ဟူသောခန္ဓာပင်ကြီးအဆက်မပြတ်ပဲ တစ်ခဏပြီးတစ်ခဏ၊ တစ်ဘဝပြီးတစ်ဘဝဆက်ကာဆက်ကာ ဖြစ်ပွားရပ်တည်နေမှုကိုသံသရာဟုဆိုသည်မှတ်ရမည်။ ထိုသံသရာဟုဆိုအပ်သောရုပ်နာမ်တရားတို့အစမထင်ကာလမှစ၍ မပြတ်မစဲထပ်တလဲလဲဆက် ကာဆက်ကာ ဖြစ်ခြင်းဖြင့်ဘုံသုံးပါး၌ပြေးသွားကျင်လည်နေရသောသတ္တဝါတစ်ဦးတစ်ယောက်၏ ရုပ် နာမ်ခန္ဓာအစဉ်သည် အနုပါဒိသေသနိဗ္ဗာန်ပြည်ခွင်သို့ ဝင်ရောက်သည့်အခါကျမှပင် နောက်တစ်ဖန် အသစ်မဖြစ်မလာကောင်းစွာ ချုပ်ငြိမ်းလေတော့သည်။

ထိုကြောင့်ရုပ်နာမ်ခန္ဓာ တေဘူမက တရားတို့၏ ပျက်ပြား ချုပ်ပျောက်လွန်မြောက်ရာမှန် နိဗ္ဗာန်တရားမြတ်သည် သာလျှင် ပျက်ပြားချုပ်ကွယ်ခြင်းမရှိဘဲ၊ အမြဲတစေတည်နေသောတရား၊ အားထားကိုးကွယ်ရာဧကန် အမှန်မသွေ ဖြစ်ပါပေသည်ဟု ယုံကြည်စွာမှတ်သားရမည်ဖြစ်ပေသတည်း။ [၁]

ဗုဒ္ဓဘာသာအရ သံသရာ ရှည်လျားပုံ ပြင်ဆင်ရန်

ကမ္ဘာစကြဝဠာ၊ သံသရာ ရှည်လျားများပြားပုံကို ကိန်းဂဏန်းဖြင့် တွက်ချက် ဖော်ပြခြင်းငှာ မတတ်နိုင်သဖြင့် ပုံပမာ ဆောင်၍ ဖော်ပြရသည်။

  1. အလျား အနံ အမြင့် ၁ယူဇနာ ရှိသော မြို့တံတိုင်းအတွင်း မုံညှင်းစေ့များ အပြည့်ထည့်၍ ယောက်ျား ၁ ယောက်သည် အနှစ် ၁၀၀ လျှင် ၁စေ့ ၁စေ့ ထုတ်ပစ်သည်ရှိသော်၊ မုံညှင်းစေ့များ အားလုံး ကုန်သွားမည်၊ ဤကမ္ဘာကား ကုန်ဆုံးသွားမည် မဟုတ်သေးချေ။
  2. အသက်တော်တရာ သက်တမ်းရှိသည့် အဘိညာဉ်ရသာဝကလေးပါးတို့သည် နေ့စဉ်နေ့တိုင်း ကမ္ဘာတသိန်းစီ ဆင်ခြင်အောက်မေ့ကြမည် ဆိုပါစို့။ အောက်မေ့ရင်းသာ အသက်တရာပြည့်၍ ကွယ်လွန်သွားကြသော်လည်း ဆင်ခြင်အောက်မေ့ရဦးမည့် ကမ္ဘာ စကြဝဠာများစွာ ကျန်ရစ်မည်၊ ၎င်းတို့ကား မကုန်နိုင်သေး။
  3. ဂင်္ဂါမြစ်အစမှအဆုံးရှိကြသော သဲတို့ကို ကုန်စင်အောင် ရေတွက်ခြင်းငှာ မတတ်နိုင်သကဲ့သို့အလားတူပင် ဖြစ်ခဲ့ပြီးသော၊ ဖြစ်ဆဲသော၊ ဖြစ်လတ္တံ့သော ကမ္ဘာ၊ စကြဝဠာများကို ကုန်စင်အောင် မရေတွက်နိုင်ပေ။

သံသရာသည် ဤရွေ့ဤမျှ ရှည်လျားလွန်းသည် ဖြစ်သောကြောင့်၊ အစသည်မထင်၊ အစကို ရှာ၍မရချေ။ သို့ဖြစ်၍ သံသရာကို ရှည်လျားသည်၊ စကြဝဠာကမ္ဘာစသည်တို့ကို ရေတွက်ခြင်းငှာ မတတ်နိုင်၊ သံသရာ၏ အစကိုလည်းကောင်း၊ လူသား၏ အစကိုလည်းကောင်း မစဉ်းစား မတွေးတောအပ်၊ စဉ်းစားတွေးတောသူများမှာ ရူးသွပ်တတ်သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. အနမတဂ္ဂသံယုတ်၊ နိဒါနဝဂ္ဂသံယုတ္တပါဠိ