သျှင်မြဝါ
သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့ နံနက် ၄ ဗဟိုရ် ၂ပါတ် ၃ဗီဇနာ ၂ပြန် ၂ခရာ တွင် ဥတ္တရသဏ်နက္ခတ်နှင့်ယှဉ်၍ ဖွားမြင်ခဲ့သည်။ ငယ်အမည်မှာ မောင်မြဝါဟုခေါ်တွင်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန်၏ မြောက်ရွှေရေးတော်ဆောင် မိဖုရား၏ အကြီးတော်စိန်တင်စား (စိုင်းတင်မြို့စား) မဟာနန္ဒသင်္ကြန်ဖြစ်သည်။ မယ်တော်မှာမင်းလှရာဇာစောမွန်၏ မိဖုရားစောနန္ဒီ၏ညီမတော်၊ ဇောစောမွန်နှင့်မိဖုရားစောနန္ဒီတို့၏သားတော်ဖြစ်သည်။
စောနန္ဒီ နှင့်ဇောယျခေမာတို့မှာ မင်းလှရာဇာစောမွန်၏ ဦးရီးတော်ဆင်ကဲ မင်းအောင်တင်နှင့်စောသန္တာတို့၏ သမီးတော်များ ဖြစ်ကြသည်၊ မင်းဗာဘုရင်နှင့်သျှင်မြဝါတို့မှာ အမိညီအစ်ကိုများဖြစ်ကြ၍ ညီအစ်ကိုတော်စပ်ကြသည်။ မင်းဗာဘုရင်ကို သက္ကရာဇ် ၈၅၄ ခု ဝါဆိုလပြည့်ကျော် (၂) ရက် စနေနေ့တွင်မွေးဖွားခဲ့သည်။ မင်းဗာဘုရင်၏ငယ်နာမည်မှာ ဘစောသီရီဖြစ်သည်၊ မင်းဗာဘုရင်သည် သျှင်မြဝါထက် နှစ်ရက်သာ ငယ်သည်။ မဟာပညာကျော်ကိုသက္ကရာဇ် ၈၅၁ တွင်ဖွားမြင်ခဲ့သည်။ မဟာပညာကျော်၏ငယ်နာမည်မှာမြတ်သာထွန်းဖြစ်သည်။ ထို့ကြောင့် သျှင်မြဝါ ၊ မင်းဗာကြီး မဟာပညာကျော်တို့မှာ ဖွားဘက်ရွယ်ဖော် သူငယ်ချင်းများဖြစ်ကြသည်။
ပညာသင်ကြားခြင်း
ပြင်ဆင်ရန်သူငယ်ချင်း (၃) ဦးတို့သည် အဂ္ဂစိန္ဒေယျ ဆရာတော်ကျောင်း( တောင်ညိုကျောင်း တိုက်တွင်)အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်ထိုမှတဆင့် နောက်ထပ်ပညာဆည်ပူးရန်အတွက် အိန္ဒိယပြည် ဗာရာဏသီ တက္ကသိုလ်သို့ ပညာဆက်လက်သင်ကြားရန်ထွက်ခွာခဲ့ကြသည်။ ဗာရာဏသီတွင် ဘစောသီရိ က တိုင်းပြည်အုပ်ချုပ်သော စီမံခန့်ခွဲရေးပညာ ၊ စစ်ရေးစစ်ရာ တို့ကိုသင်ယူခဲ့သည်။ မြတ်သာထွန်းမှာ တရားစီရင်ရေးပညာ ၊ ဓမ္မသတ်ကျမ်း ၊ စစ်ရေးစစ်ရာ တို့ကို သင်ယူခဲ့သည်။ မောင်မြဝါမှာ ဆေးဝါး မန္တာန် ၊ ဓာတ်ပြောင်း-ဓာတ်ခွာ စသည့် ဂန္ဘီရ အတတ်ပညာများကို သင်ကြားခဲ့ကြသည်။ မင်းဗာဘုရင်နှင့်မဟာပညာကျော်တို့သည် ပညာပြည့်စုံ၍ရခိုင်ပြည်သို့ပြန်ခဲ့ကြသည်။ သျှင်မြဝါမှာ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ သီရိဗိဿနိုးရသေ့ကြီးထံဝင်ပြီး ၂၃ နှစ်တိုင်တိုင်ပညာဆည်းပူးခဲ့လေသည်။ သျှင်မြဝါသည် ရသေ့ကြီး ဗိဿနိုးထံတွင် ဓာတ်ပြောင်း၊ ဓာတ်ပြန်အတတ် ၊ ရုပ်ဓာတ်များကိုမြူလေးပါးဖြစ်သော ရတရေမြူ ၊ ကဇ္ဇာရေမြူ ၊ အဏုမြူ ၊ ပရမာအဏုမြူစသည်ဖြင့် ဉာဏ်ဖြင့်ခွဲစိပ်ကြည့်ပုံ ၊ ဘူတရုပ်များ စုပေါင်းပြီးသဘာဝရုပ် ၊ ကလာပရုပ်၊ ဃဏရုပ်ဖြစ်လာပုံ၊ ရုပ်ဓာတ်များကိုပေါင်းစည်းပုံ၊ ဖြိုဖျက်ပုံစသောအတတ်ပညာများ၊ ဓာတ်ရိုက်ဓာတ်ငင်အတတ်၊ ယတ္တရာလေးဆယ်၊ ပတ္တရာလေးဆယ်၊ ဝိကြမ္မ သုံးဆယ် စသောလောကီ အတတ်ပညာများကိုသင်ကြားခဲ့လေသည်။
ပြည်တော်ပြန်ခြင်း
ပြင်ဆင်ရန်သျှင်မြဝါသည် ၂၃ နှစ်ကြာပညာသင်ကြားတတ်မြောက်လေသော် မိမိမွေးရပ်သို ့ပြန်လိုကြောင်း ဆရာထံလျှောက်ထားလေသည်။ ဆရာရသေ့ က “မောင်မြဝါမပြန်လေနှင့် သင်၏ပညာသည် သင့်တိုင်းပြည်အတွက် အသုံးကျလိမ့်မည်မဟုတ်၊ ငါနှင့်အတူနေ၍ တရားအားထုတ်လော” ဟုတားမြစ်ခဲ့သည်။ သို့သော်လည်းသျှင်မြဝါက“ဆရာသင်ပေးသောပညာကို တပည့်တော် ရခိုင်ပြည်သူပြည်သားများအတွက် အကျိုးရှိအောင် စွမ်းဆောင်ပါမည် ၊ဘာသာ သာသနာတော်များအတွက် အကျိုးရှိအောင် စွန်းဆောင်ပါမည်”ဟုလျှောက်ပန်သောအခါ ဆရာရသေ့ကပြန်ခွင့်ပြုလေသည်။ ပညာစုံ၍ရခိုင်နိုင်ငံသို့ ပြန်လာပြီး တောင်ညိုတောင်၌ရသေ့အအသွင်ဖြင့်နေပြီး နမန္တာခေါ် ဓာတ်ကျမ်းကြီးကိုပြုစုလေသည်။ တောင်ညိုတိုက်အနီးရှိ သာရပဗ္ဗတတောင် အနီးတွင်လှိုဏ်ခေါင်းပြုလုပ်ပြီးတရားအားထုတ်ခဲ့သည်။ ထိုလှိုဏ်ခေါင်းကို ယနေ့တိုင်သျှင်မြဝါ လှိုဏ်ခေါင်း ဟုခေါ်ကြသေးသည်။
တိုင်းပြည်အကျိုးသယ်ပိုးခြင်း
ပြင်ဆင်ရန်သျှင်မြဝါမြောက်ဦးသို့ရောက်ချိန်တွင် အသက်(၃၉)နှစ်ရှိခဲ့ပြီး၊ ထိုစဉ် သစောသီရိမှာ မြောက်ဦးရွှေနန်းကို အုပ်စိုးနေချိန်ဖြစ်ပေသည်။ ဘိဿေကမင်္ဂလာဆင်ယင်ကျင်းပသောအခါ သီရိသူရိယ စန္ဒာမဟာဓမ္မရာဇာ ဟူသောဘွဲ့တော်ခံယူတော်မူခဲ့သည်။ မြတ်သာထွန်းအား မဟာပညာကျော်ဘွဲ့ကိုပေးပြီး ပညာရှိအမတ်အရာဖြင့်ခစားစေခဲ့သည်။ တစ်ခါသော် မင်းဗာဘုရင်သည် ညီလာခံခေါ်ယူကျင်းပခဲ့သည်။ ရခိုင်ဘုရင်များသည် ညီလာခံ သဘင်ကို နံနက်အာရုံတက်ချိန်ကျင်းပလေ့ရှိသည်။ ထိုသို့ ညီလာခံကျင်းပရန် စည်တော်နရီမူးကအချက်ပေးပြီးများမကြာမှီတွင် သျှင်မြဝါသည် မောက်ကလိန်တောင်ဝှေးကိုထောက်ကာ လှံစွပ်သူရဲတစ်ဦး ၊ဓားကိုင်သူ ရဲတစ်ဦး စောင့်နေသော ညီလာခံ ပထမ တံခါးကို တားမြစ်ခြင်းမရှိပဲဝင်လာသည်ကို မင်းဗာဘုရင်သည် ပလ္လင်ထက်မှမြင်တော်မူသည်။ ဒုတိယတံခါး ကိုရောက်သောအခါလည်း အစောင့်သူရဲကောင်းများက တားဆီးမှု မရှိပဲ တကြောင်းချင်းဝင်လာသည်ကိုမြင်နေရသည်၊ နောက်ဆုံးတံခါးသို့ ရောက်သောအခါ မင်းဗာဘုရင်သည် ပလ္လင်ထက်မှဆင်းပြီးရှိခိုးလျှက်ဆီးကြိုနေလေသည်။ အစောင့်များအတားအဆီးမရှိပဲ ဝင်လာသည်ကို တွေ့သဖြင့်ရန်သူမဟုတ်သည်ကိုလည်း ဘုရင်ကြီးသိရှိနေခဲ့သည်။ သျှင်မြဝါသည် ပလ္လင်ပေါ်သို့ တက်ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ပလ္လင်ရှေ့တွင် ထိုင်၍ရှိခိုးနေသော မင်းဗာဘုရင်အား နဖူးတည့်တည့်ကို တောင်ဝှေးဖြင့်ချိန်ရွယ်ပြီး “ဟေ့ မဟာရာဇာ – သင်သည် မိန်းမလော ၊ ယောက်ကျားလော၊ ငါက သင်အား မိန်းမဟူ၍မြင်သည်၊ မိန်းမ မိန်းမ မိန်းမ ” ဟု သုံးကြိမ်ပြောဆိုပြီးပလ္လင်မှ ဆင်းကာ လာလမ်းအတိုင်း ပြန်သွားခဲ့လေသည်။
ညီလာခံတစ်ခုလုံး တိတ်ဆိတ်ညိုးငယ်သောမျက်နှာဖြင့် ဘုရင်မင်းကိုသာငေးကြည့်နေကြလေသည်။ မင်းဗာဘုရင်၏ မျက်နှာတော်မှာလည်း ရှက်စိတ်ကြောင့် နီမြန်းနေပေသည်။ ထိုအထဲတွင် မဟာပညာကျော် တစ်ယောက်သာ ရွှင်သောမျက်နှာဖြင့် ဘုရင်အား ကြည့်နေလေသည်။ မင်းဗာဘုရင်သည် ညီလာခံကို ရုပ်သိမ်းစေပြီး စိတ်မအီမသာဖြင့် လျောင်းတော်ဦးဆောင်သို့သွားကာ သလွန်ညောင်စောင်း၌ လဲလျောင်းအနားယူ ခဲ့သည်။ မဟာပညာကျော်သည် ညီလာခံရုပ်သိမ်းပြီးလျှင်ပြီးချင်း အိမ်သိုပြန်ကာ အမတ်ကြီးအဆောင်အယောင်အဝတ်အစားများကိုချွတ်ပြီး သူဆင်းရဲ အဝတ်အစားများကိုဝတ်၍ ဘုရင်ထံခစားဝင်လေသည်။ မဟာပညာကျော် လျောင်းတော်ဦးဆောင်သို့ဝင်ရောက်သောအခါ မင်းဗာဘုရင်မှာမျက်စိကိုမှိတ်ပြီး တွေးနေခိုက်ဖြစ်သည်။
အခန်းသို့ဝင်သံကြား၍ မျက်စေ့ကိုဖွင့်ကြည့်လိုက်သောအခါ မဟာပညာကျော်ကို ယခင်တစ်ခါမျှ မဝတ်ဘူးသော ထူးဆန်းသောအဝတ်အစားဖြင့်မြင်တွေ့ရ၍စိုက်ကြည့်နေခဲ့သည်။ မင်းဗာဘုရင်သည် လျောင်းနေရာမှထပြီး သလွန်ပေါ်ထိုင်သောအခါ မဟာပညာကျော်သည် မင်းဗာဘုရင်အား ဤသို့ လျှောက်တင်လေသည်။ ဘုန်းတော်ကြီးလှစွာသော အရှင်မင်းမြတ် ယနေ့နံနက်ညီလာခံသဘင်တွင် ရောက်လာခဲ့သောပုဂ္ဂိုလ်မှာအခြားသူမဟုတ်ပါ၊ အရှင်မင်းမြတ်၏ နောင်တော် သျှင်မြဝါဖြစ်သည်။ ရသေ့အသွင်ပြောင်းနေ၍ မမှတ်မိခြင်းသာ ဖြစ်သည်။ ၎င်းဆိုသောစကားမှာ အလွန်မင်္ဂလာရှိသောစကားဖြစ်သည်။ ရခိုင်အမျိုးကို ချစ်လွန်းသဖြင့် ပြောဆိုသော စကားဖြစ်သည်။ အလွန်လည်းကျေးဇူးတင်စရာကောင်းလှပါသည် ဟု လျှောက်ထားလေသည်။
မင်းဗာဘုရင်က မဟာပညာကျော်လျှောက်ထားချက်ကို ပြည့်စုံအောင် နောက်ထပ်လျှောက်တင်ခိုင်းလေသည်။ မဟာပညာကျော်က သျှင်မြဝါ သည် အရှင်မင်းကြီးကို မိန်းမ ဟုခေါ်ရခြင်းမှာ အရှင်မင်းကြီးသည် လင်ယောက်ျား၏ဧည့်သည်တာဝန်ကို တာဝန်ကျေအောင် ဧည့်ခံနေသော မိန်းမနှင့်တူနေပါသည်။ ယခုလည်း အရှင်မင်းကြီးသည် စလတ္တာစောမွန်လက်ထက်ကပင် သာသနာပြုရန်ရောက်နေသော မော်လဝီများ ဖြစ်ကြသည့် –ကာဒီ၊ ဆာဒူခန်၊ မူရှား တို့အား ဧည့်ဝတ်ကျေပွန်စွာ ထားခဲ့သည်။ ၎င်းတို့သည် ခွင့်ပြုချက်မရှိဘဲ ဗလီများဆောက်၍ မူဆလင်သာသနာပြုနေကြသည်။ အိမ်ရှင်တစ်ယောက်အနေဖြင့် မည်သို့မျှ မကန့်ကွက်လျှင် သဘောတူရာရောက်ပြီး အိမ်ရှင်၏ မယားဝတ် ကျေသလိုဖြစ်နေ၍ သျှင်မြဝါက အရှင်မင်းကြီးအား မိန်းမဟုခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအခါ မင်းဗာ ဘုရင်က မဟာပညာကျော်အား သို့ဖြစ်လျှင် မည်သို့ဆောင်ရွက်ရမည်ကိုလျှောက်တင်စေသည်။
မဟာပညာကျော်က ဘေးလောင်းတော် မင်းစောမွန်လက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသော ရခိုင်ဒေသဖြစ်သည့် ဘင်္ဂလားနယ်ကိုပြန်လည် သိမ်းယူရရှိအောင်ကြံဆောင်ရပါမည်။ “ကုလားပုစွန် တဆယ့်နှစ်တန်ကိုမကျော်ရ”ဟူ၍ စကားရှိသည်။ အရှင်မင်းကြီးသည် မင်းစောမွန်မှ စ၍ရေတွက်သော် တစ်ဆယ့်နှစ်ကိုရောက်နေပါသည်။ ယင်းကြောင့် ဘင်္ဂလား ၁၂ မြို့ကို ရရန်သင့်တော်ပြီဖြစ်ကြောင်း တင်လျှောက်ခဲ့သည်။ ထိုအခါ မင်းဗာဘုရင်သည် သျှင်မြဝါပြောသောစကားကို သဘောပေါက်နားလည်လက်ခံကာ မဟာပညာကျော်အား စစ်ချီတက်ရန် စီမံခန့်ခွဲစေပြီး မဟာနန္ဒသူရ ဘွဲ့ရာထူးဖြင့် သက္ကရာဇ် ၈၉၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၉)ရက်နေ့တွင် စစ်ချီတက်တော်မူပြီး မောက်သူဇာ၊ ဒက္ကာ၊ ဂန်ဘီလာ၊ သီလတ်၊ ပဋိတ္တရား၊ ဂင်္ဂါသာရ၊ စစ်တကောင်း၊ ဂေဏတော်ပလ္လင်၊ ကံသာ၊ တိလိင်္ဂါ၊ ဘာရီဆာရ်၊ ရောင်ပုရ် စသော ဘင်္ဂါလား ၁၂ မြို့ကိုချီတက် သိမ်းပိုက်ခဲ့လေသည်။ စစ်အောင်နိုင်၍ ဘင်္ဂါလား ၁၂ မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အပြန်တွင် ဗုဒ္ဓဂါယာတွင် ကုသိုလ်ကောင်းမှုပြုခဲ့လေသည်။ မဟာဗောဓိ စေတီတော်ကြီးကိုပြန်လည်ပြုပြင် ခဲ့သည်၊ ပြိုပျက်နေသော စေတီပုထိုးတို့မှ မရေတွက်နိုင်အောင် များပြားလှသော ဓာတ်တော် မွေတော်တို့ကို ယူဆောင်ပြီး မြောက်ဦး သို့ယူဆောင်ပြီးပြန်ခဲ့လေသည်။
သျှစ်သောင်းဘုရားကိုတည်ထားခြင်း
ပြင်ဆင်ရန်မင်းဗာဘုရင် မြောက်ဦးမြို့သို့ရောက်၍ များမကြာမှီ ပေါ်တူဂီတို့သည် ရေတပ်အင်အားများစွာဖြင့် မြောက်ဦးကိုတိုက်ခိုက်ရန် ရောက်လာခဲ့ကြသည်။ ၎င်းပေါ်တူဂီရန်ကိုလည်း ရခိုင်ပညာရှိ အရက်သေမဆရာတော်က အသက်ကိုစွန့်ပြီး ကြံဆောင်သဖြင့် အောင်မြင် ခဲ့လေသည်။ မင်းဗာဘုရင်သည် မဇ္စိုမဒေသမှ ရရှိခဲ့သော ဓာတ်တော်မွေတော်များကို ဌာပနာထည့်၍ စေတီဆောက်ရန် သျှင်မြဝါအားတိုင်ပင်ခဲ့လေသည်။ ဖိုးခေါင်တောင်ကိုညှိလျှက် မဏ္ဍိုင်ငါးရပ်ကို ဓာတ်တော် မွေတော်ပေါင်း သျှစ်သောင်း ၊ အရွယ်အစားအမျိုးမျိုးရှိသော ဘုရားဆင်းထုတော်ပေါင်း သျှစ်သောင်း ကိုဌာပနာ၍ သျှစ်သောင်းပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ ခု ၊ တန်ဆောင်မုန်းလပြည့်နေ့ နေထွက်ချိန်တွင် တကမ္ဘာလုံးအေးချမ်းမှုရှိရန်ရည်ရွယ်ပြီးပန္နက်ရိုက်ခဲ့သည်။ နောင်လာ သျှစ်သောင်းဘုရားများကို ရည်စူး၍ ဓာတ်တော်မွေတော်ပေါင်း အရွယ်အစားအမျိုးမျိုးရှိသည့် ဘုရားဆင်းတုတော်ပေါင်း သျှစ်သောင်းကိုဌာပနာ၍ တည်ထားသောကြောင့် သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်စေသည်။
စွမ်းဆောင်ချက်များ
ပြင်ဆင်ရန်သျှင်မြဝါသည် သျှစ်သောင်းပုထိုးတော်ကြီး တည်ထားပြီးမြောက်လျှင် မြို့တော်၌ လုပ်သင့်သည့်ကိစ္စများကို လုပ်ဆောင်ခဲ့သည်။ အကာကြီးတစ်ရာ၊ အကာငယ်တစ်ထောင်တို့ကို ပြုလုပ်စေသည်။ မဟာပညာကျော်၊ အဂ္ဂစိန္တေယျဆရာတော်တို့နှင့် ညှိနှိုင်းပြီး ရှေးဟောင်းဓမ္မသတ်ကျမ်းများကို မှီးပြီး "ရွှေမျဉ်းဓမ္မသတ်ကျမ်းကြီး"ကို ပြုလုပ်ခဲ့သည်။ ၎င်းကျမ်းမှာ အလွန်နက်နဲခက်ခဲသဖြင့် သာမန်လူများဖတ်ရှု၍ နားမလည်နိုင်ချေ။
သျှင်မြဝါသည် မြို့အတွက် အကာကြီး အကာငယ်တို့ကို စီမံခဲ့လေသည်။ နောက်ဆုံးတွက် မြို့သက် တစ်ထောင် ရှည်စေရန် အတွက် မိမိအသက်ကိုစတေးသွားခဲ့သည်။ သျှင်မြဝါသည် မိမိတွက်ချ၍ အချိန်စေ့ရောက်သောအခါ ကြာသပတေးသားကိုစတေး ရမည်ဖြစ်နေ၍ အခြားလူအသက်ကိုမသတ်လိုသည်ကတစ်ကြောင်း ၊ စတေးရမည့်သူ ကို အချိန်မရဖြစ်နေသည်ကတစ်ကြောင်း စသောအကြောင်းများကြောင့် မိမိဝမ်းဗိုက်ကိုဓားဖြင့်ထိုးပြီးအူ ကို မြို့ချာတိုင်၌ ရစ်ပတ် ကာ ၊ သူသေ ဆုံးသောနေရာတွင် မြေမြုပ်သဂြိုဟ်ရန်မှာထားခဲ့လေသည်။ အူရစ်ပတ်ခြင်း ကုန်ဆုံးသည်နှင့်မြေပြင်ပေါ်သို့လဲကျသေဆုံးခဲ့သည်။ သျှင်မြဝါသည် သက်တော် ၄၅ နှစ် သက္ကရာဇ် (၈၉၉ )ခုနှစ်တွင် တိုင်းပြည်အတွက်အသက်ကို စတေးခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ မင်းဗာဘုရင်မှာ ပညာရှိတစ်ဦး ဆုံးရှုံးသဖြင့် ယူကျုံးမရ ဝမ်းနည်းခဲ့ရသည်။ ရခိုင်နိုင်ငံ၏ ကျေးဇူးသျှင် ပညာရှိကြီးအား မြေတွင်မြုပ်၍ သာမန် လူတစ်ဦး ကဲ့သို့ သဂြိုဟ်မှုကိုမပြုလိုပေ၊ ယင်းကြောင့် မင်းဗာဘုရင်က ပညာရှိတစ်ဦးအား သင့်တင်လျှောက်ပါတ်သောနေရာ၌ အခမ်းအနားကြီးကျယ်ဖြင့် သဂြိုဟ်မည်ဖြစ်ကြောင်း အမိန့် ထုတ်၍ မီးသဂြိုဟ်ပြီး သျှစ်သောင်းဘုရား၏တောင်ဘက် ၊ ဘုရားပေါင်းတောင်စွယ်တွင်အရိုးပြာကိုဂူသွင်းထားခဲ့လေသည်။ ထိုနေရာကို သျှင်မြဝါသင်္ချိုင်းဟုခေါ်သည်။ သျှင်မြဝါသေဆုံးသောအခါ သျှင်မြဝါအားလှူဒါန်း၍ ရရှိသော ရွှေငွေ ပစ္စည်းတို့နှင့် သျှင်မြဝါ ၌ ကျန်ခဲ့သော ပစ္စည်းများကိုဌာပနာပြီး မင်းဗာဘုရင်သည် သက္ကရာဇ် ၈၉၉ ခု ခရစ်နှစ် ၁၅၈၇ တွင် သျှင်မြဝါစေတီကိုတည်ထားခဲ့သည်။ စေတီရှိသောတောင်ကိုလည်း သျှင်မြဝါတောင်ဟု ခေါ်တွင်ခဲ့လေသည်။
ကိုးကား
ပြင်ဆင်ရန်- ဆရာကြီးဦးသာထွန်းရေးသားသော သျှင်မြဝါအကြောင်းလက်ရေးစာမူ
- ရာဇဝင်ဆရာကြီးဦးသာထွန်းအောင်ရေးသားသော ရခိုင်မဟာရာဇဝင်တော်ကြီး
- ရမ်းဗြဲတောင်ကျောင်း ဆရာတော် အသျှသင် စန္ဒမာလာ လက်ရေးဖြင့်ရေးသားသော ရခိုင်ရာဇဝင်သစ်ကျမ်း
- ဦးကျော်ကျော်လှ ( ရခိုင်အာဇာနည် သျှင်မြဝါ အတ္ထုပတိ စာအုပ် )
- မြောက်ဦးမြို့ထင်ရှားသော ဘုရားများ၏သမိုင်း ( မြောက်ဦးဂေါပက အဖွဲ့)