သဿမေဓခွန် ကို မင်းတုန်းမင်း လက်ထက် ၁၂၁၉ ခုနှစ် (ခရစ်နှစ် ၁၈၅၈)၌ စတင် ကောက်ခံခဲ့သည်။ မြန်မာမင်းပိုင်နက် အထက် မြန်မာနိုင်ငံတွင်သာ ကောက်ခံသော အခွန်တော်ဖြစ်သည်။

အဓိပ္ပါယ် ပြင်ဆင်ရန်

သဿမေဓအခွန်တော် ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ သမုတိနတ်ဖြစ်သော ရေမြေသခင်ရှင်ဘုရင်ကို လယ်ယာမြေမှ ထွက်ရှိသော ကောက်စပါး၏ ဆယ်ဖို့တစ်ဖို့ဖြင့် ပူဇော်ခြင်း ပင်ဖြစ်သည်။ သို့ရာတွင် လက်တွေ့ ကောက်ခံခဲ့သော သဿမေဓအခွန်မှာ လယ်ယာထွက်ကုန်မှ ဝင်ငွေပေါ်တွင် ကောက်ယူခြင်းမဟုတ်ဘဲ ဥစ္စာ ပစ္စည်း ပိုင်ဆိုင်ခြင်းပေါ်တွင်မူတည်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝင်ငွေရှိသူသည် လယ်သမား ယာသမားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သဿမေဓအခွန်ကို ထမ်းဆောင် ရလေသည်။

မတိုင်မီအခွန်များ ပြင်ဆင်ရန်

မင်းတုန်းမင်း မတိုင်မီကာလတွင် မြန်မာနိုင်ငံ၏ အခွန်တော် စနစ်မှာ များစွာရှုပ်ထွေးလှသည်။ မြေခွန်၊ ယာခွန်၊ ကိုင်းခွန်၊ တောခွန်၊ ရေခွန်၊ အစွတ်ခွန်ဟုခေါ်သည့် အင်းအိုင်ခွန်၊ သစ်သီးခွန်၊ ဖယောင်းခွန်၊ ဆင်စွယ်၊ လျှော်၊ ကြိမ်၊ သင်ဖြူး၊ ပျားရည်အခွန်တော်များ၊ သစ်စေးခွန်၊ သံခွန်၊ ရွှေခွန်၊ ငွေခွန်၊ သဇင်ပန်းခွန်၊ အိုးတော်ဆက်၊ နနွင်းတော်ဆက်၊ မီးသွေးတော်ဆက် စသည်ဖြင့် များပြားရှုပ်ထွေးလှသည်။ မင်းတုန်းမင်း သည် ဤသို့ ရှုပ်ထွေးလှသော အခွန်တော်များကို သဿမေဓ အခွန်တော် ဖြင့် အစားထိုးကောက်ခံခဲ့သည်။

သဿမေဓ အခွန်တော် ခွဲဝေသည်မှစ၍ မင်းမှုထမ်းတို့ကို မြို့စား၊ ရွာစားအဖြစ် စားကျေးနယ်မြေချီးမြှင့်ခြင်း မပြုတော့ဘဲ၊ လစာငွေ ပေးသည့်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။

ကောက်ခံပုံ ပြင်ဆင်ရန်

သဿမေဓအခွန်ကို တစ်အိမ်လျှင် ငွေတစ်ဆယ်ကျပ်နှုန်းဖြင့် သမာဓိဝှန်း၍ ကောက်ခံခဲ့ပါသည်။ သမာဓိဝှန်း၍ ကောက်ခံပုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ကျေးရွာတစ်ရွာရှိ အိမ်ထောင်စုများသို့မဟုတ် အိမ်များကို ရေတွက် ပြီး တစ်ဆယ်နှင့်မြှောက်ရ၏။ တစ်ဆယ်နှင့် မြှောက်၍ ရရှိသောဂဏန်းမှာ ထိုကျေးရွာမှ ပေးရမည့်အခွန်တော်ငွေ ကျပ်ပေါင်းပင်ဖြစ်သည်။ ထို့နောက် သမာဓိခေါ် အခွန်တော်ရာပြတ်တို့က ကျေးရွာတစ်ရွာက ပေးဆောင် ရမည့် အခွန်တော်ငွေ ကျပ်ပေါင်းကို ထိုကျေးရွာရှိ အိမ်ထောင်စုများ၏ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုပေါ်တွင်ကြည့်၍ သမာဓိရှိရှိ ခွဲခြမ်းစိတ်ဖြာပေးဆောင် စေပါသည်။ ထို့ကြောင့် ကျွဲနွားများများ၊ အိမ်ကောင်းကောင်း၊ လယ်ဧက များများ၊ ကောက်ပဲသီးနှံများအပြည့် သိုလှောင်ထားနိုင်သည့် စပါးကျီ ကြီးကြီး ပိုင်ဆိုင်သူရွာသားများက အခွန်များများ ပေးဆောင်ရပါသည်။ တဲစုတ်ကလေးနှင့် နေထိုင်ပြီး၊ ကျွဲနွားပင်မရှိသော လယ်သူရင်းငှါးများမှာ အခွန်အနည်းငယ်သာ ပေးဆောင်ရပါသည်။ မည်သည့် အိမ်က အခွန် မည်မျှပေးရမည်ကို သမာဓိများက ကြေးသေး၊ ကြေးလတ်၊ ကြေးကြီး (ကြေးထမ်းကြီး)ဟူ၍ အတန်းအစားသုံးမျိုးခွဲခြားသတ်မှတ်ပေးသည်။

အခွန် ကင်းလွတ်ခွင့် ရရှိသူများ ပြင်ဆင်ရန်

သဿမေဓအခွန် ကင်းလွတ်ခွင့် ရရှိသူများလည်း ရှိပါသေးသည်။ ၎င်းတို့မှာ-

    1. ကျေးရွာတွင် အကြီးအအုပ်ပြုလုပ်ဆောင်ရွက်ဖော်ရသူ (သူကြီး၊ သမာဓိလူကြီး)
    2. သူကြီး၏ဆွေမျိုးရင်းချာ
    3. ပထမစာတော်ပြန်ရဟန်းသာမဏေ၏ဆွေမျိုးရင်းချာ
    4. ကြေးလွတ်စာရင်းပါဆွေတော်ကျွန်
    5. နယ်ခြားအစွန်အဖျားကင်းတွင်ကင်းစောင့်ရာ၌ပါဝင်သူ
    6. လယ်တော်လုပ်သား
    7. စီးတော်မြင်း မြင်းမွေး၊ မြင်းတိုင်၊ မြင်းကိုင်
    8. ကြေးနန်းပညာတော်သင်
    9. ကုလားဗလီဆရာ
    10. လှေ၊ ဖောင်၊ သင်္ဘော၊ သမ္ဗန်၊ ဆေးထိုးထမ်း ကိုယ်စာရင်းကျမှန်သူ (ဆေးထိုး-လက်၊ ခြေသလုံး၏ တစ်နေရာရာတွင် အမှုထမ်းဖြစ်ကြောင်း ဆေးနက်ဖြင့် ရေးထိုးထားသူ)
    11. ဆင်တော်ဦးစီးနှင့်နောက်လိုက်များ
    12. ရာဇဌာနီတွင် အိမ်ထောင်စုံတက်နေထမ်းရွက်ရသူအမှုထမ်း
    13. ဒုက္ခိတ
    14. သဿမေဓလွတ်ရန်စာချွန်တော်ထုတ်ဆင့်ခြင်းခံရသူ
    15. ဆရာတော်သံဃာတော်တို့၏ဆွေမျိုးရင်းချာ တို့ဖြစ်လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အောင်ဘာလေထီသမိုင်း။ ပထမအကြိမ်။ စာပေဗိမာန်။ ၂၀၀၉။ |first= missing |last= (အကူအညီ)