ဟက်စတင်းစ်တိုက်ပွဲ
| ||||||||||||||||||||||||
တိုက်ပွဲတစ်ပွဲ တိုက်ရုံမျှဖြင့် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနှင် အချုပ်အခြာအာဏာကိုအဆုံးအဖြစ် ပေးနိုင်သည့်တိုက်ပွဲ အနေဖြင့် ပြင်သစ်မှ နော်မန်ဒီနယ်စား ဝီလီယံနှင့် အင်္ဂလန်ကျွန်းပေါ်မှ အုပ်စိုးနေသော အင်္ဂလို-ဆက်ဇုံမျိုးနွယ်ဘုရင် ဟာရိုး ဂေါ်ဒွန်ဆင် တို့ တိုက်ခိုက်ကြသည့် ဟက်စတင်းတိုက်ပွဲအား သတ်မှတ်နိုင်သည်။ ဟေးစတင်းတိုက်ပွဲသည် အင်္ဂလန်နိုင်ငံအုပ်ချုပ်ရေးကို အင်္ဂလို ဆက္ကဆန်ဘုရင်တို့လက်မှ နော်မန်ဘုရင်တို့လက်သို့ ရောက်ရှိစေခဲ့သော တိုက်ပွဲဖြစ်ခြင်းကြောင့် အင်္ဂလိပ်လူမျိုးတို့၏သမိုင်းတွင် ထင်ရှားသော တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲသည် စင်စစ်အားဖြင့် ဆပ်ဆက်နယ် ကမ်းခြေရှိ ဟေးစတင်းမြို့မှ ခြောက်မိုင်ခန့် အတွင်းကျသော ဆင်းလက်တောင်ကုန်းတွင် ဖြစ်ပွားခဲ့သော်လည်း ထင်ရှားသောမြို့အမည်ကိုစွဲ၍ ဟေးစတင်းတိုက်ပွဲဟုခေါ်တွင် လေသည်။ ထိုအခါက အင်္ဂလန်နိုင်ငံတွင် ဟဲရိုးဘုရင်အုပ်စိုးလျက်ရှိရာ နော်မန်ဒီနယ်စား ဝီလျံက မိမိသာလျှင် ထီးနန်းကို ဆက်ခံထိုက်သည်ဟုဆို၍ ချီတက်တိုက်ခိုက်သော တိုက်ပွဲဖြစ်သည်။
၁ဝ၆၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နံနက် အရုဏ်တက်အချိန်တွင် ဆပ်ဆက်ကမ်းခြေ ပီဗင်ဆီပင်လယ်အော်၌ တပ်စွဲလျက်ရှိသော ဝီလျံ၏ တပ်သားတို့သည် အင်္ဂလိပ်တို့တပ်စခန်းချရာ ဆင်လက်တောင်ကုန်းသို့ စစ်ချီတိုက်ခိုက်လေသည်။ နှစ်ဖက်သောစစ်သည်တို့တွင် လူဦးရေချင်းမကွာခြားလှချေ။ အင်္ဂလိပ်တို့ဘက်က လှံတံနှင့်အရိုးရှည်ပုဆိန်များစွဲကိုင်၍ ထိုးစစ်ဆင်လာသော နော်မန်မြင်းစီးတပ်သားတို့ကိုအကြိမ်ကြိမ် တွန်းလှန်နိုင်ခဲ့သည်။ ရန်သူဘက်မှ ပစ်ခတ်သောမြားတို့ကို လည်း ဒိုင်းလွှားတို့ဖြင့် ခုခံကာကွယ်လျက်ရှိသည်။ ညနေချမ်းအချိန်သို့ရောက်သောအခါ ဟဲရိုးဘုရင်သည် မျက်လုံးတစ်ဖက်တွင် ရန်သူ့မြားချက်သင့်သဖြင့် ကျဆုံးလေသည်။ ဘုရင်၏ညီတော်နှစ်ဦးနှင့်တကွ လက်ရွေးစင်တပ်ဖွဲ့သည်လည်း ကျဆုံးကုန်ပြီဖြစ်သောကြောင့် အင်္ဂလိပ်တို့၏တပ်ပျက်၍ နော်မန်တို့အောင်ပွဲရကြလေသည်။ ထိုနောက် နော်မန်ဒီနယ်စားသည် ပထမဝီလျံဘုရင်ဘွဲ့ကို ခံယူ၍ အင်္ဂလန်နိုင်ငံကိုအုပ်စိုးခဲ့လေသည်။[၁]
နောက်ခံသမိုင်း
ပြင်ဆင်ရန်အင်္ဂလန်ကျွန်းစုပေါ်တွင် အင်္ဂလို-ဆက်ဇုံမျိုးနွယ်တို့က ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပြီးနောက် အင်္ဂလိပ်ဘုရင် အက်ဒွပ် (ဝန်ခံသူအက်ဒွပ်)က မိမိနောက် ဆက်ခံမည့်သူအဖြစ် ပြင်သစ်မှ နော်မန်ဒီနယ်စား ဝီလီယံအား ၁၀၅၀တွင် သတ်မှတ်ခဲ့သည်။ သို့သော် အက်ဒွပ်ဘုရင် ကွယ်လွန်သည့် ၁၀၆၆ခုနှစ်တွင် ထိုကြေညာချက်အား ဘုရင့်ယောက်ဖဖြစ်သူ ဟာရိုးဂေါ်ဒွန်ဆင်မှ လျစ်လျူရှုကာ ဝီတန်မြို့စားကြီးများအဖွဲ့၏ ထောက်ခံချက်ဖြင့် ဘုရင်အဖြစ်ကို ရယူသွားသဖြင့် ဝီလီယံအနေဖြင့် နော်မန်ဒီမှ ရေတပ်ကြီးဖွဲ့စည်းကာ အင်္ဂလန်ကျွန်းအား စစ်ပြုရန် ပြင်သည်။
ဟာရိုးမှာလည်း အက်ဒွပ်ဘုရင်မျိုးတော်ဖြစ်ရုံမက စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သောကြောင့် ပြင်သစ်မှကျူးကျော်လာမည်ကို နားလည်ပြီးဖြစ်၍ စစ်ရေးအရပြင်ဆင်ပြီးဖြစ်သည်။ ၎င်း၏အဓိက အင်အားမှာ ဆက်ဇုံကိုယ်ရံတော်များဖြင့်ဖွဲ့စည်းထားသော ဟတ်စ်ကာတပ်(Huscarls)ဖြစ်သည်။ သို့သော် နော်ဝေဘုရင် ဟာရိုးဟာဒရာအေ့မှ မြောက်ဘက်မှ ကျူးကျော်လာသဖြင့် ဟာရိုးဂေါ်ဒွန်ဆင်မှာ မြောက်ဘက်သို့ စစ်ဦးလှည့်ရသည်။ နော်ဝေတပ်မတော်နှင့် အင်္ဂလို-ဆက်ဇုံတပ်များ စတန်းဖို့ဒ်တံတား အရပ်တွင် တိုက်ပွဲဖြစ်ပွားပြီး နော်ဝေတပ်ပျက်ကာ ဘုရင် ဟာဒရာအေ့လည်း ကျဆုံးသဖြင့် ဟာရိုးဘုရင်မှာ တောင်ဘက်မှ ကျူးကျော်လာပြီဖြစ်သည့် နော်မန်ဒီတပ်များအား ရင်ဆိုင်ရင် ချက်ချင်းလှည့်ပြန်လာရသည်။
တိုက်ပွဲ
ပြင်ဆင်ရန်ဟာရိုးဘုရင်နှင့် ၎င်း၏စစ်သည်များသည် အဆုံးအဖြတ်တိုက်ပွဲ တစ်ပွဲတိုက်ခိုက်အပြီး ပြီးလျှင်ပြီးခြင်းပင် မြောက်မှတောင်သို့ ခရီးဆက်လက်ချီတက်လာရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ မိုင်၂၀၀ကျော်ခရီးအား ရက်သတ္တပတ် တစ်ပတ်တည်းဖြင့် ချီတက်ရခြင်းဖြစ်သောကြောင့် လန်းဆန်းအားပြည့်နေသည့် နော်မန်ဒီတပ်များအား အဘက်ဘက်မှ မယှဉ်နိုင်တော့ပေ။ သို့ဖြင့် ၁၄ရက်၊ အောက်တိုဘာလ၊ ၁၀၆၆ခုနှစ် အင်္ဂလန်တောင်ပိုင်းရှိ ဟက်စတင်းစ်မြို့မြောက်ဘက် ၈မိုင်အကွာတွင်ရှိသော တောင်ကုန်းတစ်ခုတွင် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ခိုက်ကြသည်။ နှစ်ဖက်အင်အား အတိအကျမသိရသော်လည်း သမိုင်းသုတေသီများက အင်အား ၈၀၀၀ခန့်စီ ပါဝင်ကြမည်ဟု ခန့်မှန်းကြသည်။
ဟာရိုးတပ်များက တောင်ကြောအပေါ်မှ နေရာယူထားကာ အားသာချက်ရယူထားနိုင်ပြီး မြေပြန့်တွင် တပ်စွဲထားသည့် ဝီလီယံ၏တပ်များမှာ အနေအထားအရ တစ်ပန်းရှုံးသကဲ့သို့ရှိနေသည်။ ထို့ပြင် ဟာရိုးတပ်များ၏ နံဘေးတစ်ဖက်တစ်ချပ်စီတွင် တောအုပ်များဖြင့် ကာရံထားသည့်အတွက် ဝီလီယံအနေဖြင့် ရှေ့တည့်တည့်မှ တိုက်ရုံမှတပါး အခြားနည်းလမ်းမရှိတော့သဖြင့် ရှေ့မှသာ တည့်တည့်တိုက်ခိုက်ရတော့သည်။ ဝီလီယံက သူ့တပ်များအား အုပ်စုသုံးစု ခွဲကာ သူ့ငယ်ကျွန်တပ်ဖြစ်သည့် နော်မန်တပ်အား အလယ်တွင်ထား၍ ပြင်သစ်မဟာမိတ်တပ်များကို ညာတောင်ပံတင်သည်။ ဘယ်တောင်ပံတွင်မူ ဘရစ်တန်မဟာမိတ်တပ်များအား နေရာယူစေသည်။ ဟာရိုးကလည်း သူ၏မြင်းတပ်သားများအား ခြေလျင်တပ်အဖြစ်ပြောင်းစေကာ တိုက်ခိုက်စေသည်။
နံနက် ၉နာရီအချိန်တွင် ဝီလီယံ၏ စစ်သည်များက တောင်ကုန်းကို တက်၍ တိုက်ပွဲကို စတင်သည်။ နှစ်ဖက်လုံးမှ လေးသည်တော်များကလည်း အပြန်အလှန် ပစ်ခတ်ကြပြီး ခြေလျင်တပ်များကလည်း သည်းသည်းမည်းမည်း တိုက်ခိုက်ကြသည်။ နော်မန်တို့က လှံတံများ၊ဓားများဖြင့် ထိုးခုတ်ကြကာ ဆက်ဇုံတို့ကလည်း ရဲဒင်းများဖြင့် ခုတ်ဖြတ်ကြသည်။ ထိုသို့တိုက်ပွဲပြင်းထန်နေချိန်တွင် ဘရစ်တန်တပ်များက စစ်မြေပြင်ကို စွန့်ခွာထွက်ပြေးသဖြင့် ဆက်ဇုံတို့ လိုက်လံတိုက်ခိုက်ကြစဉ်တွင် ဝီလီယံကျဆုံးပြီ ဟူသော ကောလာဟလထွက်ပေါ်လာပြီး နော်မန်တပ်များအားလုံး တွေဝေသွားကြရသည်။ ထိုအချိန်တွင် ဝီလီယံက သံခမောက်ကို ချွတ်ကာ ဝှေ့ရမ်းပြပြီး သူအသက်ရှင်လျက် တိုက်ပွဲဝင်နေသေးကြောင်းကို အော်ဟစ်ပြောဆိုရာမှ နော်မန်များ အားတက်လာပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ကြသည်။ ဝီလီယံကိုယ်တိုင်ပင် ဓားလွတ်ကိုကိုင်၍ တိုက်ခိုက်လာသဖြင့် တပ်သားများလည်း စိတ်ဓာတ်တက်ကြွလာကြသည်။ ထွက်ပြေးသွားသော ဘရစ်တန်တပ်များနောက်သို့လိုက်သည့် ဆက်ဇုံများကိုလည်း နော်မန်တပ်များက အနိုင်ရလိုက်သည်။
ထိုအခြေအနေတွင် ဝီလီယံမှ စစ်မြူသောအနေဖြင့် ပရိယာရ်ပြုကာ နော်မန်တပ်များကို နောက်သို့အနည်းငယ် ဆုတ်စေရာ ဆက်ဇုံတို့က ၎င်းတို့ဘုရင် ဟာရိုးအားကာကွယ်နေရာမှ ရှေ့ထွက်ကာ နော်မန်တပ်များအား လိုက်လံတိုက်ခိုက်သည်။ ထိုအချိန်တွင်ပင် အကာအကွယ်နည်းပါးသွားသည့် ဟာရိုးဘုရင်၏ ညာမျက်လုံးအား နော်မန်လေးသည်တော်တစ်ဦး ပစ်ခတ်လိုက်သည့် မြှားချက်သင့်သည်။ ဟာရိုးဒဏ်ရာရကြောင်း ဆက်ဇုံများ ကြားကာ ဖရိုဖရဲဖြစ်သွားကြစဉ်ခဏအတွင်းတွင်ပင် နော်မန်တပ်များက ဟာရိုးဘုရင်ရှိရာသို့ ထိုးဖောက်တိုက်ခိုက်ကာ ဟာရိုးအားသတ်ဖြတ်လိုက်ကြတော့သည်။ ထွက်ပြေးကြသည့် ဆက်ဇုံများကိုလည်း နော်မန်တပ်များက လိုက်လံထိုးခုတ်သတ်ဖြတ်ကြသည်။
ဝီလီယံကလည်း လန်ဒန်မြို့သို့ချက်ချင်းချီတက်ကာ ဘုရင်အဖြစ် ဘိသိက်ခံသည်။ မိမိအား ကံဖေးမသဖြင့် ဟာရိုးကိုအနိုင်ရသည်ဟု ယုံကြည်သဖြင့် ထိုတိုက်ပွဲနေရာတွင် ဘုရားဝတ်ကျောင်း တစ်ကျောင်းကို တည်ဆောက်ခဲ့သည်။ (ယနေ့တိုင် ထိုဘုရားဝတ်ကျောင်း၏ ပျက်စီးနေသော အစိတ်အပိုင်းများကျန်ရှိနေသေးသည်။) [၂]