ဟက်စ်, ရူးဒေါ့ (ခရစ်၁၈၉၄ -ဖွား၊ ခရစ်၁၉၈၇ သေ) ပြင်ဆင်ရန်

ရူးဒေါ့ဟက်စ်၏ဖခင်သည် ဘာဗေးရီးယန်းလူမျိုးကုန်သည်တစ်ဦးဖြစ်သည်။ သက်စ်သည် အီဂျစ်နိုင်ငံအယ်လက်ဇန္ဒြီးယားမြို့၌၁၈၉၄ခုနှစ်တွင် ဖွားမြင်သည်။ ပထမကမ္ဘာစစ်တွင်ဟက်စ်သည် ဘာဗေးရီးယန်းစစ်တပ်၏ ခြေလျင်တပ်တွင်ဗိုလ်အဖြစ် ထမ်းဆောင်ခဲ့၍ နောင်တွင်လေတပ်သို့ ကူးပြောင်းကာ အမှုထမ်းခဲ့လေသည်။ စစ်ပြီးသောအခါဟက်စ်သည်နိုင်ငံရေးဘက်သို့ ကူးပြောင်းပြီးလျှင် အမျိုးသားဆိုရှယ်လစ်ပါတီသို့ ၁၉၂ဝ ပြည့်နှစ်တွင်ဝင်ရောက်ခဲ့လေသည်။ ၁၉၂၃ ခုနှစ်တွင် မြူးနစ်မြို့၌ ဖြစ်ပေါ်ခဲ့သော ဆူပူမှုတွင်ပါဝင်ခဲ့သဖြင့် ဟစ်တလာနှင့်အတူအကျဉ်းချထားခြင်းကိုခံခဲ့ရသည်။ ထိုစဉ်ကသူသည် ဟစ်တလာ၏အတွင်းဝန်လည်းဖြစ်သည်။ ကိုယ်ရံတော်လည်းဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင် သူသည် အမျိုးသားဆိုရှယ်လစ်ပါတီ၏ နိုင်ငံရေးဌာနမှူးဖြစ်လာသည်။ ၁၉၃၄ ခုနှစ်တွင်ဖွဲ့စည်းသော အစိုးရအဖွဲ့၌ ဌာနလက်ကိုင်မရှိဝန်ကြီးတစ်ဦးဖြစ်ခဲ့သည်။ ၁၉၃၉ ခုနှစ်၌ စစ်ဖြစ်လာသော အခါတွင် ဟက်စ်သည် ဟစ်တလာအား ဆက်ခံမည့်သူအဖြစ်ကျေညာခြင်းခံခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင်ဟက်စ်သည်ငြိမ်းချမ်းရေးအတွက် အချက်အလက်များကိုယူဆောင်ပြီးလျှင်မေလအတွင်း၌ စကော့တလန်ပြည်သို့လေကြောင်းဖြင့်သွားခဲ့သော်လည်း ဟစ်တလာကမူဟက်စ် ထိုသို့သွားခြင်းသည် သူ၏အမိန့်အရသွားခြင်းမဟုတ်ဟုဆိုလေသည်။ ဗြိတိသျှတို့ကလည်းဟက်စ်၏ပြောဆိုချက်များကိုနားမထောင်ဘဲ စစ်အကျဉ်းသားအဖြစ်ချုပ်ထားလိုက်ကြလေသည်။ ထိုအချိန်တွင် ဟက်စ်သည်ရူးဟန်ဆောင်နေခဲ့သည်။ သို့သော ၁၉၄၆ ခုနှစ်တွင် သူ့အား ရာဇဝတ်သားအဖြစ် နျူးရမ်းဗပ်(နုရင်ဘတ်) မြို့၌ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးကစစ်ဆေးသောအခါ ထိုအချိန်က ရူးဟန် ဆောင်ခဲ့ကြောင်းဝန်ခံခဲ့လေသည်။ ထိုခုံရုံးကသူ့တွင် အပြစ်ရှိကြောင်းထင်ရှားသဖြင့်ထောင်ဒဏ် တစ်သက်တကျွန်း အပြစ်ပေးလိုက်လေသည်။ ဘယ်လင်မြို့ (လိပ်-ဘာလင်မြို့ ) သျှပန်းဒေါင်းရပ် မဟာမိတ်တို့၏ ထောင်၌ ခရစ်နှစ် ၁၉၈၇ ဩဂုတ်၁၇ ရက်တွင်မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)