ဟင်နရီ ဘာနေး (အင်္ဂလိပ်: Henry Burney; ၂၇ ဖေဖော်ဝါရီ ၁၇၉၂ – ၄ မတ် ၁၈၄၅)[]သည် ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ၊ ရန္တပိုစာချုပ် အပိုဒ်(၇)အရ အင်းဝနေပြည်တော်တွင် ဗြိတိသျှ အိန္ဒိယအစိုးရ၏ အမြဲတမ်းဌာနေ သံကိုယ်စားလှယ်အဖြစ် ၁၈၃၀-ခုနှစ်မှ ၁၈၃၈-ခုနှစ်အထိ လာရောက်နေထိုင်သည်။

ဟင်နရီ ဘာနေး
မွေးဖွားဟန်တာ (အင်္ဂလိပ်: Hunter)
(1792-02-27)၂၇ ဖေဖော်ဝါရီ၊ ၁၇၉၂
အင်္ဂလိပ်
ကွယ်လွန်၄ မတ်၊ ၁၈၄၅(1845-03-04) (အသက် ၅၃)
ကာလကတ္တားမြို့အိန္ဒိယနိုင်ငံ
အလုပ်အကိုင်သံတမန်
ဘာသာစကားအင်္ဂလိပ်
နိုင်ငံလူမျိုးအင်္ဂလိပ်
အိမ်ထောင်ဖက်ဂျနက် ဘာနာမန်း
သားသမီး၁၃

ပထမဦးဆုံးဖြစ်သော အမြဲတမ်းဌာနေ သံကိုယ်စားလှယ်ဖြစ်၏။ ၁၁၉၂-ခုနှစ်၊ ကဆုန်လဆန်း (၃)ရက် (၁၈၃၀ -ပြည့်နှစ်၊ ဧပြီလ၊ ၂၄) တွင် အင်းဝနေပြည်တော်သို့ ရောက်သည်။ ″′ ရီစီဒင်အရေးပိုင်၊ မယ်စယ်ဘော်ရနီ″′ ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြသည်။ ဘင်္ဂလားသွားစာတမ်းတွင် ″′ရေရှီဒင်၊ မယ်ဇယ်ဟင်နရီဘရဏီ″′ ဟုတွေ့ရသည်။

ရစ်ချတ်တောမတ်ဘာနေ၏ သားဖြစ်သည်။ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီတွင် ၁၈၀၈-ခုနှစ်မှ စတင်အမှုထမ်းသည်။ ဘင်ဂေါခြေလျင်တပ်ရင်းတွင် ကော်မရှင်ဝင် ဒုတိယဗိုလ်အဆင့် ရသည်။ ဂျာဗား၊ ပီနံတို့တွင်လည်း အမှုထမ်းခဲ့သည်။ ယိုးဒယားပိုင် မလေးပြည်နယ်များသို့ ၁၈၂၆-ခုနှစ်အတွင်း သံအဖြစ် စေလွှတ်ခံရသည်။

အိန္ဒိယအစိုးရ၏ သံအဖြစ် ဘန်ကောက်အုပ်ချုပ်ရေးဆိုရာ ဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၁၈၂၉-ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် အမြဲတမ်း သံကိုယ်စားလှယ်အဖြစ် ခန့်ထားခံရ၍ ရန်ကုန်မြို့သို့ ရောက်လာသည်။

အင်းဝနေပြည်တော်သို့ ရောက်သည့် ၁၈၃၀-ပြည့်နှစ်က ဘာနေးသည် မေဂျာအဆင့် ရောက်နေပြီး သံကိုယ်စားလှယ်အဖြစ် အမှုထမ်းနေစဉ် ၁၈၃၄-ခုနှစ်တွင် လက်ဖတင်နင်ကာနယ်၊ ၁၈၃၅-ခုနှစ်တွင် ကာနယ်အဆင့်သို့ တိုးမြှင့်ခံရသည်။ မြန်မာမှတ်တမ်းများတွင် "မယ်စယ်"(မေဂျာ) ဟုပင် တစ်သမတ်တည်း ဖော်ပြကြသည်။

ဘုရင်မင်းမြတ်ထံ ဝင်ရောက်ဖူးမြော်ရေးတွင် ဖိနပ်မချွတ်လိုသည့် ပြဿနာ၊ ကန်တော့ခံနေ့တွင် ရှေ့တော်သို့ ဝင်ရသည်ကို မနှစ်သက်သည့် ပြဿနာ ပေါ်သည်။ စစ်ကိုင်းမင်း (ဘကြီးတော်)က ဝန်ကြီးမှူးကြီးများမှ တဆင့်မဟုတ်ဘဲ ဘာနေးကို တိုက်ရိုက်မေးမြန်းပြောဆိုသည်။ မြန်မာအသံထွက်ဖြင့် ဘောရနီ ဟုပင်ခေါ်သည်။ မဟာဇေယျရာဇနော်ရထာဘွဲ့ ချီးမြှင့်၍ ဘွဲ့ပါ ရွှေပြားကို မြန်မာအဆင်အလာအတိုင်း နဖူးတွင် ချည်ထားစေသည်။ ရွှေစလွယ် ကိုးသွယ် ချီးမြှင့်သည်။

ဘာနေးသည် ဥပဓိရုပ်ကောင်း၏။ နှစ်လိုဖွယ် ရှိ၏။ မြန်မာစာပေကျမ်းဂန် ရာဇဝင်တို့ကို လေ့လာသည်။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးတွင် မဏိပူရနှင့် နယ်နိမိတ်သတ်မှတ်ရာ၌ မဏိပူရတို့က ကဘော်ချိုင့်ဝှမ်းကို သူတို့ပိုင်သည်ဟု တင်ပြတောင်းဆိုသည်။ အိန္ဒိယအစိုးရကလည်း ယင်းတောင်းဆိုချက်ကို ထောက်ခံကာ ကဘော်ချိုင့်ဝှမ်းကို မဏိပူရဘက်သို့ ပေးလိုက်သည်။ မြန်မာများဘက်မှ ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံရှင်းလင်းကြသော်လည်းပြဿနာမှာ မပြေလည် တင်းတင်းမာမာ ဖြစ်နေကြသည်။ မြန်မာတို့ဘက်မှ တင်ပြသော မြေပုံကို တစ်ဖက်ကိုယ်စားလှယ် "ပင်ဘာတန်"က မမှန်ကန်ဟု ဆိုကာပယ်ချသည်။ []

  1. Holmes and Co. (Calcutta), The Bengal Obituary, London: 1851, W. Thacker, p. 209
  2. မကြန် (ဒီဇင်ဘာ ၂၀၀၅)။ မြန်မာ့သမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ (ပထမအကြိမ် ed.)။ p. ၃၈။