ဟင်းဂလာသည် ပင်ပျော့မျိုး ဖြစ်သည်။ အကြမ်းအားဖြင့် အယဉ်နှင့်အရိုင်းဟူ၍ ခွဲခြားနိုင်သည်။ အယဉ် မျိုးမှာ အထူးစိုက်ပျိုးယူရ၍ အရိုင်းမျိုးမှာ အလေ့ကျပေါက် သောအပင်မျိုး ဖြစ်သည်။ ရုက္ခဗေဒ အလိုအားဖြင့် ဟင်းဂလာ အမျိုးမျိုးရှိသည်။


ရုက္ခဗေဒအလိုအားဖြင့် ကွမ်ပိုဇီတီးမျိုးရင်းတွင် ပါဝင်ပြီး လျှင် စပီလန်သီး အက်မဲလားဟုခေါ်သော ဟင်းဂလာ အယဉ် မျိုးတစ်မျိုးရှိသည်။ ယင်းကို ဟင်းချက်ပြုတ်စားလေ့ရှိသည်။ ချဉ်ဖတ်ပြုလုပ်၍လည်း စားကြ သည်။ ဆေးဘက်လည်းဝင်၏။ ဂျီနန်ဒရော့ဆစ်ပင်တာဖိုင်လားနှင့်ကလီအိုမီးဗစ္စကိုးဆားဟုခေါ် သော ဟင်းဂလာမျိုးမှာ ကက်ပရီဒေးစီအီးမျိုးရင်းတွင် ပါဝင် လေသည်။ ပထမ ဟင်းဂလာမျိုးကို ချက်ပြုတ် စားကြသည်။ အရွက်များကို အရည်ညှစ်၍ နားကိုက်ပျောက်ဆေးအဖြစ်လည်း သုံးကြသည်။ ယင်းတို့မှ အစေ့များရရှိရာ ငါး အဆိပ်ခတ်ရာ၌ လည်းကောင်း၊ သန်ချဆေး အဖြစ်လည်းကောင်း အသုံးပြုကြ သည်။ ဒုတိယပင်မျိုးမှ မုန်ညှင်းစေ့ကဲ့သို့သော အစေ့များရရှိ သည်။ ထိုအစေ့များကို ဟင်းချက်ပြုတ်ရာ၌ အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။ အရွက်နှင့် အစေ့များကို ဆေးဝါးများ၌ လည်း သုံးကြသည်။ ထို့ပြင် ဂီစီကီယာ ဖာနာကွိုက်ဒီးခေါ် ဟင်းဂလာပင် မျိုးတစ်မျိုးလည်းရှိသေးရာ ထိုဟင်းဂလာတို့ သည် အေအိုင်ဇိုအေးစီအီးမျိုးရင်းတွင် ပါဝင်လေသည်။ ထိုအပင်မျိုးကို ဂန့်ဂလာဟူ၍လည်း ခေါ်သည်။ ဟင်းရွက်အဖြစ် ချက်ပြုတ်စားနိုင်သည်။ အရသာ ခါးသည်။ သန်ချ ဆေး အဖြစ်လည်း သုံးနိုင်သည်။

ဟင်းဂလာပင်များ၌ ပင်ရိုးနှင့်အရွက်များရှိရာ အရွက် များတွင် အနီရောင်ရှိသည်။ အရွက်ကလေးများမှာ သေးငယ်၍ ရှည်မျောမျောပုံသဏ္ဌာန်ရှိသည်။ အချို့ ဟင်းဂလာမျိုးများ၏ အရသာမှာ ခါးသည်။ ယင်းတို့ကို မြန်မာနိုင်ငံ အရပ်ရပ်တွင် တွေ့ကြရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)