ဟင်းမလုပ်ပင်သည် နှစ်ပေမှ ခြောက်ပေ အထိမြင့်သော အဆိပ်ပင်ဖြစ်သည်။ ယင်းကို ဆေးဝါးဘက်တွင် အသုံးပြုကြလေသည်။ ဟင်းမလုပ်ပင်၌ အကိုင်းများစွာရှိပြီးလျှင် ပင်စည်များသည် ခေါင်းပွ များ ဖြစ်ကြသည်။ အပွင့်ဖြူကလေး အမြောက်အမြားသည် အခိုင်လိုက် ပွင့်ကြသည်။ ယင်း၏ အရွက်များသည် ကရဝေးရွက်များနှင့် အလွန်တူကြသဖြင့် တပင်နှင့်တပင် မှားတတ်သည်။ သို့သော် ဟင်းမလုပ်ပင်၌ မနှစ်မြို့ဖွယ်သော အနံ့ရှိလေသည်။ အထူးသဖြင့် အရွက်နှင့် ပင်စည်များတွင် အနာတရဖြစ်သောအခါတွင် ပို၍ ဆိုးရွားလေ သည်။ ထိုအချက်ဖြင့် ကရဝေးနှင့်ဟင်းမလုပ်ပင်ကို ခွဲခြားနိုင် လေသည်။ ထို့ပြင် ဟင်းမလုပ်ပင်၏ တောက်ပသော ခေါင်းပွ ပင်စည်တွင် အနီ၊ သို့မဟုတ် ပန်းရောင်အစက်များနှင့် အကွက် များ ပါရှိသည်။ ဟင်းမလုပ်ပင်၏ အစိတ်အပိုင်း အားလုံး သည် အဆိပ်ကို ဖြစ်စေသည်။

ဟင်းမလုပ်သီးသည် တလက်မ၏ ရှစ်ပုံတပုံမျှသာ ရှည်ပြီး လျှင် ကြက်ဥပုံသဏ္ဌာန် ရှိသည်။ အသီးများသည် ဩဂုတ်လ၊ သို့မဟုတ်၊ စက်တင်ဘာလတွင် မှည့်ကြသည်။ ဟင်းမလုပ်ပင်သည် ဂရိတ်ဗြိတိန်၊ ဥရောပတိုက်နှင့် အာရှတိုက်၏ အချို့ အစိတ်အပိုင်းများတွင် မူလပေါက်ရောက်သည်။ ထိုဒေသများမှ မြောက်အမေရိကတိုက်နှင့် ချီလီနိုင်ငံတို့သို့ ယူဆောင်၍ စိုက်ပျိုးယူကြသည်။ ဟင်းမလုပ်ပင်သည် နိမ့်ရာနှင့် မြေဩဇာ ကောင်းရာတွင် အထူးသဖြင့် ပေါက်ရောက်လေသည်။ ဟင်းမလုပ်ပင်မှ အရွက်နှင့်အသီးများတွင် အထူးသဖြင့် သက်သာရာရစေမှုကို ဖြစ်ပေါ်စေနိုင်သည့် ဆေးဝါးများ ပါရှိ လေသည်။ ရှေးဂရိလူမျိုးတို့သည် သေစေရန် စီရင်ချက်ချထား ပြီးသူများကို ဟင်းမလုပ်ပင်မှ ချက်ယူထားသည့်အရည်တစ်မျိုးကို သောက်‌စေခြင်းဖြင့် သေစေကြသည်။ ဒဿနိကဗေဒပညာရှင် ဆိုကရေးတီးသည် ထိုအရည်မျိုးကို သောက်၍ သေသွားခြင်း ဖြစ်သည်။

ဟင်းမလုပ်ပင်သည် အမ်ဗဲလစ်ဖဲရီး မျိုးရင်းတွင် ပါဝင်၍ ရုက္ခဗေဒအလိုအားဖြင့် ကိုနီယမ် မက်ကျူလေတမ်ဟုခေါ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)