ဟင်္သာတထွန်းရင်သည် မြန်မာသံစဉ်အမျိုးသားအဆိုရှင်တစ်ဦးဖြစ်သည်သာမက ပြဇာတ်မင်းသား၊ အသံဇာတ်လမ်းမင်းသား တစ်ဦးလည်းဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

အဘ ဦးဖေ အမိဒေါ်ကုလားမတို့က ဟင်္သာတမြို့ နိဗ္ဗာန်တိုက်နယ် ကျောက်အိုင်ကျေးရွာ၌ (တချို့က ယုန်တလင်းကျေးရွာ၌) ထွန်းရင်(ခ)အထွန်းကို ၁၉၄၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက် (စနေနေ့)တွင် မွေးဖွားခဲ့သည်။ ငယ်အမည်မှာ အထွန်းဖြစ်ပြီး အမည်ရင်းမှာ ထွန်းရင်ဖြစ်သည်။ (ဦးဖေ ကွယ်လွန်ပြီး မိခင်ဖြစ်သူက နောက်အိမ်ထောင် ဆက်ပြု၍ နောက်အိမ်ထောင်နှင့် ကလေးနှစ်ယောက် ရသောကြောင့် မွေးချင်း သုံးဦးဖြစ်လာသည်။) မွေးချင်း သုံးယောက်အနက် အကြီးဆုံးဖြစ်ပြီး ငယ်စဉ်က ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အရွယ်ရောက်လာသည့်အခါ ဟင်္သာတမြို့ ကံလှရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်သည်။ ဟင်္သာတမြို့ နေရှင်နယ်ကျောင်း၌ အတန်းပညာဆက်လက်သင်ကြားခဲ့ရာ ကိုးတန်းအထိ ရောက်ရှိခဲ့သည်။ အသက် (၂ဝ) အရွယ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ကာ ရွှေဒင်္ဂါးဆပ်ပြာစက်ရုံ၌ အလုပ်ဝင်လုပ်သည်။ စက်ရုံတွင် လုပ်ကိုင်နေစဉ်အတွင်း အားလပ်သည့်အခါ မယ်ဒလင်တစ်လက်ဖြင့် ဆို၊ တီးလေ့ ရှိရာ စက်ရုံအကြီးအကဲတစ်ဦးက နှစ်သက်သဘောကျပြီး ဂီတဖြင့် ဖြစ်ထွန်းနိုင်ခြေရှိသူဟု ယူဆ၍ ဂီတစာဆို ပန်တျာ ချစ်လှိုင်နှင့် ဆက်သွယ်ပေးခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပန်တျာချစ်လှိုင်ရေးစပ်သည့် မောင်ကြီးကြိုနေမယ်ရှာတော့မယ်လှည်းယဉ် ကျော့ စသည့် တေးသီချင်းများဖြင့် ရောင်းတမ်းဓာတ်ပြား လောကဝယ် နေရာရခဲ့ပြီး ဆက်တိုက်ဆိုသလိုပင် အခြားသော တေးရေးဆရာများရေးစပ်ပေးသည့် သီချင်းပေါင်းများစွာ သီဆိုခဲ့ပြန်သည်။ ၁၉၇ဝ ခုနှစ်ဝန်းကျင်ခန့်တွင် ဟင်္သာတတေးအဖွဲ့ကို တည်ထောင်ပြီး ကိုယ်တိုင်လည်း တေးသီချင်းများ သီဆိုရေးသားခဲ့ရာ မြန်မာအသံဓာတ်ပြား တေးများရရှိခဲ့သည်။ မိသားစုကန်တော့ပွဲ မြန်မာအသံ ဓာတ်ပြားတေးထင်ရှားသည်။

ဟင်္သာတထွန်းရင် ကိုယ်တိုင်ရေး တေးဖြစ်ပြီး ဟင်္သာတအောင်တင်ဝင်း၊ ရီရီချိန် တို့နှင့် တွဲဖက်သီဆိုခဲ့ရာ ထိုသီချင်းမှစတင်၍ ဟင်္သာတ ထွန်းရင်သည် အရည်အသွေးပြည့်ဝသည့် ဂီတသမားဖြစ်ကြောင်း ဝါရင့်ဂီတပညာရှင်ကြီးများက အသိအမှတ်ပြုခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ဂီတစာဆို ကိုခင်မောင်ဝင်း (ပျဉ်းမငုတ်တို) ရေးသားသည့် ကက်ဆက်တိပ်ခွေ ဇာတ်လမ်းပေါင်း ၄ဝ ခန့်တွင် အသံမင်းသားအဖြစ် သရုပ် ဆောင်ခဲ့ရာ တောရောမြို့ပါ အကြိုက်တွေ့ပြီး လူတိုင်း ပါးစပ်ဖျား အထူးရေပန်းစားလေတော့သည်။ ထင်ရှားသည့် ဇာတ်လမ်းအချို့မှာ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ကိုင်းရတယ်၊ မုန်းချောင်းလေးခြား နေတယ်၊ လွမ်းဒီပါ၊ မောင်ဖေငယ်လို အချစ်မျိုး၊ ဇွဲကပင် ရောက် ချစ်ဧည့်သည်၊ ချစ်သော ရာမညဧကရီ၊ မေတ္တာ လှိုင်သောနေ့၊ ချစ်တောင်ပြုံး၊ ချစ်ပုပ္ပား၊ မုန်တိုင်းသံကြောင့် ဗျိုင်းလန့်ပျံသည်၊ တောင်ပံနီ လူလေး၊ ပုံတောင်မြေက လွမ်းမျက်ရည်နှင့် တေးဇာတ်လမ်းအဖြစ် ဂီတစာဆို မောင်ကြေးမုံရေးသားသော ဗိဿနိုးတေးဇာတ်လမ်းကို လည်း မာမာအေးနှင့် တွဲဖက်သီဆိုပုံဖော်ခဲ့သည်။ အတွဲ အများဆုံးသော အသံမင်းသမီးများမှာ ရုပ်ရှင်မင်းသမီး အကယ်ဒမီ တင်တင်နွဲ့၊ မြမြသွေးနှင့် တင်တင်ထွေးတို့ ဖြစ်သည်။

မြန်မာ့အသံဓာတ်ပြားတေး၊ ရောင်းတမ်းတေးနှင့် ကတ်ဆက်တိပ်ခွေ ဇာတ်လမ်းများကြောင့် ဟင်္သာတ ထွန်းရင်သည် တိုင်းသိပြည်သိ နာမည်ကြီးအနုပညာသမား အဖြစ်သို့ ရောက်ရှိခဲ့ရာ ၁၉၇၃ ခုနှစ်ဝန်းကျင်ခန့်တွင် နိုင်ငံကျော်ပြည်သူ့အဆိုတော် ဟင်္သာတထွန်းရင် ဂီတ ကပွဲသဘင် အမည်ဖြင့် ဇာတ်ထောင်သည်။ အခြားသော ဇာတ်ကြီးများနည်းတူ အော်ပရာ၊ မြန်မာမှုတေးသံသာ၊ စတိတ်ရှိုး၊ ပြဇာတ်၊ နှစ်ပါးသွား၊ နောက်ပိုင်း ဇာတ်တော်ကြီး စသည်ဖြင့် မိုးလင်းကပြသည်။

ဟင်္သာတထွန်းရင်သည် ဆံစလည်ဝဲ ကိုယ့်ချစ် သည်း ဝတ္ထုကို ပထမဦးဆုံးအကြိမ်ရေးသားထုတ်ဝေခဲ့ ပြီး တေးရယ် ဘဝရယ် ချစ်သူရယ် ဝတ္ထုအပါ အဝင် ဝတ္ထုစာအုပ်ပေါင်း ခုနစ်အုပ်ခန့် ထုတ်ဝေခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ မြို့ကြီးများဖြစ်သော ကွာလာလမ်ပူ၊ ပီနန်းနှင့် စင်ကာပူနိုင်ငံတို့သို့ အခြားသော ရုပ်ရှင်ဂီတပညာရှင်များနှင့်အတူ ဖျော်ဖြေရေးသွားရောက်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၁-၁၁-၂၀၁၆ ခုနှစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်လေ၏။ ဇနီးဖြစ်သူမှာ ဒေါ်စီစီစိန်ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်