ဟန္နီဗော (ဘီစီ ၂၄၇ ခန့်-၁၈၃) ပြင်ဆင်ရန်

ဟန္နီဗောသည် ရှေးကားသေ့နိုင်ငံမှ စစ်ပညာ၌ အထူးကျွမ်း ကျင်သော ဗိုလ်ချုပ်ကြီး ဖြစ်သည်။ စစ်ရေးစစ်ရာနှင့် စပ်လျဉ်း၍ ဆိုင်ပြိုင်ရသောအခက် အခဲတို့ကို စစ်ပရိယာယ် ဆင်လျက် ကျော်နင်းခဲ့ပုံများမှာ အံ့ခြီး ဖွယ်ရာ ဖြစ်လေသည်။ ဟန္နီဗော အကျပ်အတည်းနှင့် တွေ့ကြုံ နေရသည့်အခါ မိမိဘက်သို့ အရေးသာလာအောင် ထိုအခြေ အနေကို ပြောင်းလဲနိုင်သော အရည်အချင်းရှိသူ ဖြစ်၏။ မိမိတို့ ဘက်ကထက် အင်အားပို၍ ကြီးမားသော ရန်သူတပ်များကိုလည်း နိုင်အောင်တိုက်နိုင်သော စစ်သူရဲကောင်းဖြစ်သည်။ ထိုကြောင့် ဟန္နီဗောသည် သူရသတ္တိရှိသော ဗိုလ်ချုပ်ကြီး ဖြစ်ရုံမျှမက သေနင်္ဂဗျူဟာအရာ၌လည်း ထက်မြက်သူ ဖြစ်ပေသည်။ ဟန္နီဗောသည် ရောမတို့၏ ကြီးစိုးမှုကို ချိုးနှိမ်ရန် ရည်ရွယ်ချက် မအောင်မြင်ခဲ့သော်လည်း သူ၏ ဇွဲသတ္တိကိုမူကား ကမ္ဘာ့သမိုင်းတွင် ရှေးခေတ် စစ်ခေါင်းဆောင်တို့နှင့် ယှဉ်ပြိုင် ၍ မှတ်တမ်းတင်ခဲ့ကြရလေသည်။

ထိုအချိန်က မြေထဲပင်လယ်ဒေသတွင် ရောမတို့နှင့် ကားသေ့တို့ အားပြိုင်နေကြသည်။ ရောမတို့က ဣတလီကျွန်းဆွယ်တစ်ခုလုံးကို သိမ်းပိုက် အုပ်စိုးလျက်ရှိသည်။ ကားသေ့တို့က အာဖရိကတိုက်မြောက်ပိုင်းနှင့် မြေထဲပင်လယ် အနောက်ပိုင်းတွင် ကြီးစိုးလျက် ရှိသည်။ ပထမ ပျူးနစ်စစ်ပွဲ (ဘီစီ ၂၆၄-၂၄၃)တွင် ကားသေ့တို့ အရေးနိမ့်ခဲ့ကြသည်။ ကားသေ့တို့သည် ရောမတို့ကို အခဲမကြေသဖြင့် ကားသေ့ ဗိုလ်ချုပ်ကြီး ဟမီးလကားဗားကားသည် စပိန်ကို နယ်သစ်အဖြစ် သိမ်းသွင်းရန် စစ်ချီလေသည်။ ဗိုလ်ချုပ်ကြီး ဟမီး လကား၏ ကိုးနှစ်သားအရွယ်ရှိ ဟန္နီဗောကလည်း နောင်တစ်နေ့တွင် ရောမတို့ရန်စွယ်ကို အပြီးအပိုင် ချိုးနှိမ်ပါမည်ဟူသော အဓိဋ္ဌာန်ဖြင့် စစ်ရေးစစ်ရာကို လေ့လာရန် ဖခင်နှင့်အတူ လိုက်ပါခဲ့လေသည်။ ( ကားသေ့နိုင်ငံ။) ဟန္နီဗောသည် ဖခင်ဗိုလ်ချုပ်ကြီး လက်အောက်တွင် စစ်ပညာကို စေ့စေ့စုံစုံ လေ့လာခဲ့ရလေသည်။ ဖခင် ကွယ်လွန်လေသော် ယောက်ဖတော်သူ ဟက်ဇဒြူးဗော လက်အောက်တွင် ဆက်လက်၍ စစ်မှုထမ်းသည်။ တစ်ဖန် ဘီစီ ၂၂၁ ခုနှစ်တွင် ဟက်ဇဒြူးဗော ကွယ်လွန်သဖြင့် အသက် ၂၅ နှစ်အရွယ်မျှသာ ရှိသော ဟန္နီဗောကို ကားသေ့စစ်ဗိုလ်ချုပ်အဖြစ် တင်မြှောက်ကြသည်။ ဟန္နီဗောသည် ငယ်စဉ်ကတည်းက စစ် တိုက်ခိုက်ရေးဘက်တွင် အတွေ့အကြုံများခဲ့သူဖြစ်သည့်အပြင် ပင်ကို တိုက်ရည်ခိုက်ရည်လည်း ရှိသူဖြစ်၍ မိမိပြုခဲ့သော အဓိဋ္ဌာန်အတိုင်း ရောမတို့ကို နှိမ်နင်း တိုက်ခိုက်ရန် ဒုတိယ ပျူးနစ် စစ်ပွဲ(ဘီစီ ၂၁၈-၂ဝ၁)ကို ပြင်ဆင်လေသည်။

ဟန္နီဗောသည် ရောမတို့ကို အီတလီမြေပေါ်တွင် နှိမ်နင်း အောင်မြင်ရမည်ဟု စွဲမြဲစွာ ယုံကြည်သူဖြစ်ရာ ရာဇဝင်တွင်သည့် စစ်ကြောင်းဖြင့် ရောမမြို့သို့ ချီတက်ခဲ့လေသည်။ ဗိုလ်ချုပ်ကြီး ဟန္နီဗောသည် ခြေလျင် စစ်သား ၅ဝဝဝဝ၊ မြင်းသည်တပ်သား ၉ဝဝဝ နှင့် ဆင်များလည်း ပါဝင်သော ကားသေ့စစ်တပ်ကို ဦးစီးလျက် စပိန်အရှေ့ဘက်ကမ်းခြေ တစ်လျှောက်မှ ပီးရနီးတောင်တန်းကို ဖြတ်ကျော်၍ ဂေါလ (ပြင်သစ်)နိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ ထိုအရပ်မှတစ်ဖန် ရုန်းမြစ်ကို ဖြတ်ပြီးလျှင် ဣတလီမြောက်ပိုင်း အဲ့လပတောင်ခြေသို့ ဆောင်းရာသီတွင် ဆိုက်ရောက်လေသည်။ အပူပိုင်း အရပ်များတွင် နေသားကျခဲ့သော ကားသေ့စစ်သားတို့သည် နှင်းဖုံး၍ မြင့်မားမတ်စောက်သော အဲ့လပတောင်တန်းကို ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော်ကြရလေသည်။ ထိုသို့သော ခရီးကြမ်းကို ချီတက်လာကြရာ၌ ရာသီဥတု အအေးဒဏ်ကြောင့် သော်လည်းကောင်း၊ တောင်စောင်းမှ မတော်တဆ ခြေချော်လက်ချော် ကျဆုံးခြင်းကြောင့်သော်လည်းကောင်း၊ အနာရောဂါ ကြောင့်သော်လည်းကောင်း ခြေချမိသောအခါ ဟန္နီဗောတွင် တပ်သားပေါင်း သုံးပုံတစ်ပုံမျှလောက်သာ ကျန်တော့သည်။

ဗိုလ်ချုပ်ကြီး ဟန္နီဗောသည် မြင်းတပ်သားများကို တွင်ကျယ်စွာ အသုံးချ၍ ရောမတပ်များကို ထရက်ဗီယာ မြစ်တိုက်ပွဲနှင့် ထရပ်စီးမီးနပ်အိုင် တိုက်ပွဲတို့တွင် တိုက်ခိုက် အောင်မြင်ခဲ့လေသည်။ ထိုအခါ ရောမတို့သည် ကားသေ့ စစ်တပ်၏ ရန်ကို ဖြိုဖျက်ရန်အတွက် ကွင်းတပ်ဖေးဗီးယပ် မက်ဆီမပ်ဆိုသူကို ခေါင်းဆောင် အပ်နှင်းခဲကြသည်။ ဖေးဗီးယပ်သည် တောင်ဘက်သို့ ဆင်းလာသော ကားသေ့တို့၏ တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုဘဲ နောက်ဆွယ်မှလိုက်၍ အနှောင့်အယှက် အမျိုးမျိုးဖြင့် ရန်သူ ပန်းရိနွမ်းနယ်လာအောင် ပြုလုပ်သည်။ ဘီစီ ၂၁၆ ခုနှစ်တွင် တပ်သားပေါင်း ခုနစ် သောင်းနီးပါးမှ တစ်သိန်းနီးပါးမျှ ပါဝင်သော ရောမစစ်တပ်နှင့် ဟန္နီဗော၏ တပ်တို့သည် အီတလီ အရှေ့တောင်ဘက် ကမ်းခြေအနီးရှိ ကန္နီးမြို့၌ ရင်ဆိုင် တိုက်ခိုက်ကြလေသည်။ ဟန္နီဗော၏ တပ်များသည် လူအင်အားချင်း မမျှသော်လည်း ကန္နီးတိုက်ပွဲတွင် ရောမတို့ကို တပ်လုံးနီးပါးမျှပြုတ်အောင် ချေမှုန်းနိုင်ခဲ့ ကြသည်။ ထိုတိုက်ပွဲ၌ ရောမတို့ဘက်တွင် ထိပ်တန်းအရာရှိများ၊ သူကောင်းမျိုးနွယ်များ မြောက်မြားစွာ ကျဆုံးခဲ့လေသည်။ သို့ရာတွင် ရောမတို့က ပင်လယ်ကို ကြီးစိုးလျက်ရှိသဖြင့် ဟန္နီဗောထံသို့ ကားသေ့မှ စစ်ကူမပို့နိုင်ချေ။ ဘီစီ ၂ဝ၈ ခုနှစ်တွင် ဟန္နီဗော၏ညီ ဟက်ဇဒြူး ဗောသည် စပိန်ဘက်မှ စစ်ကူလာခဲ့သော်လည်း ရောမတို့က ဆီးကြို တိုက်ခိုက်သဖြင့် တပ်ပျက်သွားလေသည်။

ရောမတို့သည် စစ်ပရိယာယ်ကိုပြောင်း၍ အာဖရိကတိုက်ရှိ ကားသေ့နိုင်ငံဘက်သို့ စစ်ဦးလှည့်ကြသည်။ ရောမတပ်များကို ဗိုလ်ချုပ် ဆစ်ပီယိုက ခေါင်းဆောင်သည်။ ထိုအခါ အီတလီ နိုင်ငံ၌ရှိနေသေးသော ဗိုလ်ချုပ် ဟန္နီဗောကို ကားသေ့သို့ ပြန် ခေါ်ရသည်။ ဘီစီ ၂ဝ၂ ခုနှစ်တွင် ရောမတပ်များနှင့် ဇေးမား အရပ်၌ ယှဉ်ပြိုင် တိုက်ခိုက်ရာ ကားသေ့တို့ အရေးနိမ့်၍ စစ်ရှုံးလေသည်။ ကားသေ့တို့သည်လည်း ရောမတို့ထံ၌ အညံ့ခံ၍ စစ်ပြေငြိမ်းရလေသည်။ ထိုသို့အားဖြင့် ဒုတိယ ပျူးနစ်စစ်ပွဲ ပြီးဆုံးသည်။

ဗိုလ်ချုပ် ဟန္နီဗောသည် စစ်မှုထမ်းအဖြစ်မှ ထွက်၍ ကားသေ့နိုင်ငံ ပြန်လည် ထူထောင်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လေသည်။ ဟန္နီဗော၏ ကြိုးပမ်းမှုကြောင့် ကားသေ့နိုင်ငံသည် စီးပွားရေး တိုးတက်လာပြန်ရာ ရောမတို့က မိမိ တို့အား အန်တုမည်ကို စိုးရွံ့ကြသည်။ ထိုကြောင့် ခေါင်းဆောင် ဟန္နီဗောကို ယင်းသို့ လက်သို့ ပေးအပ်ရန် တောင်းဆိုသည်။ ထိုအခါ ဟန္နီဗောသည် အာရှမိုင်းနားသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရလေသည်။ ဦးစွာ၌ ဆီရီးယားဘုရင်နှင့် ပူပေါင်း၍ ရောမ တို့၏ ရန်ကို တိုက်ဖျက်ရန် အားထုတ်သည်။ သို့ရာတွင် အရေးမသာသောကြောင့် ဗစ်သီးနယားနိုင်ငံသို့ ထွက်ပြေးရပြန်သည်။ တစ်ဖန် ရောမတို့သည် ဟန္နီဗောကို လက်ရဖမ်း မိရန် ကြိုးစားကြလေသည်။ ဟန္နီဗောလည်း လွတ်မြောက်ရန်လမ်းမရှိတော့သဖြင့် မိမိလက်စွပ်၌ဝှက်၍ အစဉ်ဆောင်ထား သည့် အဆိပ်ကို သောက်ကာ သူ၏ဘဝကို အဆုံးသတ်သွားလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)