ဟန်ဂျီသည် ကိုရီးယားရိုးရာစက္ကူအမျိုးအစားဖြစ်သည်။ ဟန်ဂျီမှ "ဟန်"သည် ကိုရီးယားဟု အဓိပ္ပါယ်ရ၍ "ဂျီ"သည် စာရွက်ကိုဆိုလိုသည်။[၁] ဟန်ဂျီကိုကိုရီးယားနိုင်ငံတွင်သာ ပေါက်ရောက်သော ပိုးစာပင်​၏ ပျော့ဖတ်မှပြုလုပ်သည်။ ပိုးစာပင်သည် ကိုရီးယားနိုင်ငံ​၏ ကျောက်ဆောင်များ ထူထပ်သောတောင်နံရံများတွင် ပေါများစွာ ပေါက်ရောက်သည်။ ကိုရီးယားပိုးစားပင်​၏အမျှင်သည် အာရှရှိ အခြားနွေးသောဒေသများတွင် ပေါက်ရောက်သောပိုးစာပင်များထက် ရှည်လျား၍ ကွေးညွတ်လွယ်သည်။ အေးသောကာလများတွင် ခုတ်လှဲပါက သန်မာသော အမျှင်များကို ရရှိနိုင်သည်။[၂]စက္ကူပြုလုပ်ရန် အကောင်းဆုံးသော ပိုးစာပင်အမျိုးအစားကို ချမ်ဒက်(참닥) ဟုခေါ်ပြီး "ပိုးစာပင်စက္ကူ အစစ်အမှန်"ဟု အဓိပ္ပါယ်ရသည်။[၃]

ဟန်ဂျီပြုလုပ်ရန်အတွက် ပထမဦးစွာ ပိုးစာပင်သစ်ခေါက်ကို တိဖြတ်သည်။ ထို့နောက် ထိုတိဖြတ်ထားသော သစ်ခေါက်များကို နာရီအနည်းငယ်ခန့်ပြုတ်သည်။ တစ်ဖန် ပြုတ်ပြီးသစ်ခေါက်များကို အခွံနွှာ၍ သန့်စင်ပြီးပါက နေလှန်းအရောင်ချွတ်ကာ အယ်ကာလီပျော်ရည်တစ်မျိုးဖြင့် ချက်သည်။နောက်တစ်ဆင့်အနေဖြင့် ထုချေ၍ ခေါင်ရန်းအမြစ်မှ ထုတ်ယူ၍ရသော အနှစ်ဖြင့်ရောသည်။ နောက်ဆုံးတွင် စက္ကူအဖြစ် ပြောင်းလဲသည်။ ဤနည်းလမ်းသည် နှစ်ထောင်ပေါင်းများစွာ ပြုပြင်မွမ်းမံလာသော ရိုးရာနည်းဖြစ်သည်။ [၄]

ထိုကဲ့သို့ ခက်ခဲ၍ရှည်လျားသော ထုတ်လုပ်မှုမှ ရရှိလာသော ဟန်ဂျီသည် အရည်အသွေး အလွန်မြင့်မားသည်။ လှပ၍ ကြာရှည်ခံကာ ပီအိတ်အမှတ်(pH) 7 ရှိသည်။ ပန်းချီရေးဆွဲခြင်း၊ လက်ရေးဆက်ရေးခြင်း၊ ပုံနှိပ်ခြင်းတို့အတွက် စံစက္ကူအမျိုးအစားဖြစ်သည်။ [၅]

ဟန်ဂျီသည် စွယ်စုံသုံးစက္ကူဖြစ်၍ စာရေးရန်အတွက်သာမက အခြားသောနယ်ပယ်များတွင်လည်း အသုံးဝင်သည်။ လယ်သမားများက အထိအခိုက်လွယ်သော အပင်များကို ကာကွယ်ရန်အတွက် ဒိုင်းအဖြစ်၊ လက်သမားများက ပြတင်းပေါက်များ တံခါးများအဖြစ်၊ လက်မှုပညာသည်များကပရိဘောဂပစ္စည်းများအဖြစ်၊ စစ်အင်ဂျင်နီယာများက စစ်သားများအတွက် ရေကာ၊ မြှားကာသော ဒိုင်းများအဖြစ် အသီးသီး အသုံးပြုကြသည်။ခေတ်သစ်ဒီဇိုင်နာများက ဟန်ဂျီကို လက်ဝတ်ရတနာနှင့် ရုပ်တုငယ်များတွင်ပါ ထည့်ဝင်သုံးစွဲလာသည်။ ကိုရီးယားလူမျိုးများ နှစ်စဉ် မေလတွင်ကျင်းပလေ့ရှိသော ဗုဒ္ဓ​၏ မွေးနေ့ပွဲတွင် ဟန်ဂျီဖြင့် မီးပုံးများ ပြုလုပ်ကြသည်။[၆] ဟန်ဂျီ​၏ အတွင်းဘက် အဝိုင်းထုချွန်သည် ပါးလှပ်သော အလွှာဖြစ်၍အသံကို ပဲ့တင်ပြန်စေသည်။  ထို့ကြောင့် ဟန်ဂျီကို ဆိုနိုဒိုင်း(sonodyne)ဟုခေါ်သော ကုမ္ပဏီ​၏ အသံချဲ့စက်များတွင် ထည့်သွင်းအသုံးပြုသည်။နန်းကြိုးဘောင်ပတ်လည်တွင် စက္ကူများကို တစ်လွှာချင်းထပ်၍ ပြုလုပ်ရသော စက္ကူအရုပ်များ၊ စက္ကူဖြင့် ရက်လုပ်သော ခြင်းတောင်း၊ ဖိနပ်၊ ပိုက်ဆံအိတ် အစရှိသော ပစ္စည်းများ၊ သစ်သားဘောင် အတွင်းနှင့်အပြင်ကို စက္ကူလွှာများထပ်၍ ပြုလုပ်သော သေတ္တာ၊ မြားကျည်တောက်၊  မျက်မှန်ဘူးနှင့်မိုးကာဦးထုပ်များ၊ လက်လုပ် စက္ကူပန်းများ ပြုလုပ်ရာတွင်လည်း ဟန်ဂျီကို အသုံးပြုသည်။[၇]

ဓာတ်ပုံပြခန်း ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်