ဟန်နိုဗာနယ်သည် ဂျာမနီနိုင်ငံ အနောက် မြောက်ပိုင်း၊ မြောက်ပင်လယ်ကမ်းတစ်လျှောက်တွင် တည်ရှိ သောနယ်ဖြစ်သည်။ နယ်တောင်ဘက်ပိုင်းသည် တောင်ထူထပ်၍အလယ်ပိုင်းနှင့် မြောက်ဘက် ပိုင်းတို့သည် မြေပြန့်ဖြစ်၏။ အဲလဗမြစ်၊ ဗေဇာမြစ်၊ အမ်းမြစ်များ ဖြတ်သန်းစီးဆင်းသည်။ အထူးသဖြင့် ဗေဇာမြစ်သည် ဟန်နိုဗာတွင် စီးပွားရေး အဓိကခရီးလမ်း ဖြစ်သည်။ နယ်အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၄၉၇ဝ ရှိသည်။ အင်္ဂလန်နိုင်ငံသမိုင်းတွင် ဟန်နိုဗာနယ်မင်းဆက်ဟူ၍ ရှိခဲ့ရာ ထိုမင်းတို့သည် အင်္ဂလိပ်နန်းထက်၌ နှစ်ပေါင်း ၁၂ဝ ကျော်မျှ စိုးစံခဲ့ကြသည်။ ( ဟန်နိုဗာမင်းဆက်။)

၁၇၁၄ ခုနှစ် တွင် ဟန်နိုဗာနယ်စား ဂျာမန်မင်းသားသည် ပထမဂျော့ဘုရင်ခံ၍ အင်္ဂလိပ်ထီးနန်းကို ဆက်ခံခဲ့လေသည်။ ဝိတိုရိယဘုရင်မ နန်းတက်သော ၁၈၃၇ ခုနှစ်အထိ ဟန်နိုဗာနယ်သည် အင်္ဂလိပ် ဘုရင်တို့ လက်အောက်တွင် တည်ရှိခဲ့သည်။ ပရပ်ရှားနှင့် ဩစတြီးယားစစ်ပွဲပြီးဆုံးသည့် ၁၈၆၆ ခုနှစ်တွင် ဟန်နိုဗာ နယ်ကို ပရပ်ရှားက သိမ်းယူခဲ့သည်။ တစ်ဖန် ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅) ပြီးသည့်နောက် ၁၉၄၆ ခုနှစ်တွင် ဟန်နိုဗာနယ် ကို ဆက္ကဆွန်နီ အောက်ပိုင်းဟူသော နယ်သစ်ထဲသို့ ထည့် သွင်းခဲ့ကြသည်။ ဆက္ကဆွန်နီအောက်ပိုင်းနယ်သည် အနောက် ဂျာမနီနိုင်ငံ (ပြည်ထောင်စု ဂျာမနီနိုင်ငံ)၌ ပါဝင်သော နယ် တစ်နယ် ဖြစ်သည်။

ဟန်နိုဗာမြို့သည် ဆက္ကဆန်နီအောက်ပိုင်းနယ်၏ မြို့တော် ဖြစ်၍ ဗရီးမင်းဆိပ်ကမ်းမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် အကွာတွင် တည်ရှိသည်။ စက်မှုလုပ်ငန်း ထွန်းကားသော မြို့ကြီးဖြစ်၍ လူဦးရေ ၄၉၄၅ဝဝ ယောက်ခန့် နေထိုင်သည်။
[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)