ဟန်းလူမျိုး ပြင်ဆင်ရန်

အာရှတိုက်ဘက်မှ လေးရာစုနှစ်အတွင်း လာရောက်၍ ဥရောပတိုက်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြသော လူမျိုးများအနက် လူတစ်မျိုး၏ အမည်မှာ ဟန်းဖြစ်သည်။ ထိုလူမျိုးသည် ယောက်ျားများကို ငယ်ရွယ်သည့် ကလေးဘဝမှ စတင်ကာ တင်းကျပ်၍ ရက်စက် ကြမ်းကြုတ်သော နည်းများဖြင့် အုပ်ချုပ်ပြီးလျှင် ကြီးပြင်းလာစေသည်ဟု ထိုခေတ်၊ သို့မဟုတ် ထိုခေတ်နောက်လူများ၏ မှတ်တမ်းများအရ သိရသည်။

အာရှတိုက် အလယ်ပိုင်းတွင် နေထိုင်ကြသော မွန်ဂိုလီယန်၊ တူရန်နီယန်နှင့် တာတာအနွယ် လူမျိုးတို့ သည် အုပ်နှင့်ချီ၍ ဥရောပတိုက်အတွင်းသို့ အချိန်မှန်မှန် ဝင်ရောက် တိုက်ခိုက်လေ့ ရှိခဲ့ကြသည်။ ထိုကဲ့သို့သော အုပ်စုတစ်စုမှာ မွန်ဂိုအနွယ် ဟန်းလူမျိုးအုပ်စု ဖြစ်၏။ ယင်းတို့သည် အေဒီ ၄၇၄ ခုနှစ်တွင် အာရှတိုက် အလယ်ပိုင်းရှိ မိမိတို့ နေထိုင်ရာ ဒေသမှ ဥရောပတိုက်ကို ပထမအကြိမ် ဝင်ရောက်တိုက်ခိုက်ကြပြီးနောက် ပင်လယ်နက်၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိဒေသများကို သိမ်းပိုက်နေထိုင်ခဲ့ကြလေသည်။ ထိုဒေသများတွင် နှစ်ပေါင်း ခုနစ်ဆယ်ကျော် နေထိုင်ကြပြီးနောက် ထိုလူမျိုးသည် ပထမအကြိမ်ထက် ပိုမို ပြင်းထန်သော ဒုတိယအကြိမ် တိုက်ခိုက်မှုကို စတင် ပြုလုပ်ကြပြန်သည်။ ၄၅၁ ခုနှစ်တွင် ယင်းလူမျိုးတို့သည် အတ္တီလာဆိုသူ၏ ခေါင်းဆောင်မှုဖြင့် ဂျာမနီနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ကြပြီးနောက် ရိုင်းမြစ်ကို ဖြတ်ကျော်လျက် ယခုအခါ ပြင်သစ်နိုင်ငံဟု ခေါ်တွင်သော ဒေသကို သိမ်းပိုက်လိုက်ကြလေသည်။

သို့ရာတွင် ရှာလွန်စစ်ပွဲ (၄၅၁ ခုနှစ်)၌ ဟန်းလူမျိုးတို့ ရှုံးနိမ့်သဖြင့် အီတလီနိုင်ငံဘက်သို့ ဆင်းသွားကြ ပြီးလျှင် ထိုနိုင်ငံကို ဖျက်ဆီးပစ်ကြလေသည်။ ပုပ်ရဟန်းမင်း ပထမ လီယိုသာ သတ္တိမဲ့ပြီးလျှင် အတ္တီလာနှင့် တွေ့ဆုံရာ၌ အတ္တီလာ အား မလွှမ်းမိုးနိုင်ခဲ့လျှင် ထိုဟန်းလူမျိုးသည် ရောမမြို့ကိုပင် သိမ်းပိုက်ကောင်း သိမ်းပိုက်ပေလိမ့်မည်။ သို့သော် ရဟန်းမင်းက ယင်းတို့၏ ခေါင်းဆောင်အပေါ် လွှမ်းမိုးနိုင်ခဲ့သဖြင့် သူတို့သည် ရောမမြို့ကို မသိမ်းပိုက်ရုံသာမက အီတလီနိုင်ငံမှပင် ဆုတ်ခွာထွက်သွားကြလေသည်။ ၄၅၃ ခုနှစ်တွင် အတ္တီလာ ကွယ်လွန်သွားရာ ဟန်းလူမျိုးတို့၏ အင်ပါယာကြီးသည်လည်း လျင်မြန်စွာ ပြိုကွဲလေတော့သည်။ ထိုအင်ပါယာကြီးတွင် ဗော်လဂါမြစ်မှ ရိုင်းမြစ်အထိရှိသော ဒေသများ ပါဝင်သည်။ ထိုကဲ့သို့ ပြိုကွဲကုန်သော ဟန်းလူမျိုးတို့သည်လည်း နောက် ဥရောပတိုက်ကို ဝင်ရောက် တိုက်ခိုက်လာကြသူများနှင့် ရောနှောကောင်း ရောနှောသွားကြပေလိမ့်မည်။

ယခုအခါတွင် ဟန်ဂေရီဟု ခေါ်တွင်လျက်ရှိသော နိုင်ငံ၌ နောင်နှစ်ပေါင်းများစွာ အကြာတွင် လာရောက် နေထိုင်ကြသည့် မက်ဂျာလူမျိုးတို့သည် ဟန်းလူမျိုး၏ အဆက်အနွယ်များ ဖြစ် ကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)