ဂျွန် ဟပ်စ်

(ဟပ်စ၊ ဂျွန် မှ ပြန်ညွှန်းထားသည်)

သာသနာပြုပြင် ရေး ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော ဂျွန်ဟပ်စ (Jan Hus) သည် ၁၃၆၉ ခုနှစ်ခန့်တွင် ပိုဟီးမီးယားပြည်နယ်၌ မွေးဖွားလေသည်။

သာမန်ဆင်းရဲသား မျိုးနွယ်မှ ဆင်းသက်ပေါက်ဖွားလာသူ ဖြစ်သော်လည်း ပင်ကိုဉာဏ် ထက်သန်သူဖြစ်၍ ပရာဟ မြို့တော်ရှိ တက္ကသိုလ်တွင် ပညာ သင်ကြားနိုင်ခဲ့လေသည်။ တက္ကသိုလ်၌လည်း စာပေတွင် သူမတူအောင် ထူးချွန်ခဲ့၏။ စာပေ သင်ကြားတတ်မြောက်ပြီးသည့်နောက် အဆိုပါ ပရာဟတက္ကသိုလ်တွင်ပင် ဒဿနိကဗေဒ ပညာရပ် ဆိုင်ရာ ကထိကအဖြစ် စာပေပို့ချခဲ့လေသည်။ ထိုနောက် ၁၄ဝ၁ ခုနှစ်တွင် သာသာနာ့ဘောင်သို့ ဝင်ခဲ့ပြီးလျှင် ထိုဒဿနိကဗေဒ ဌာန၏ အကြီးအမှူးအဖြစ်လည်းကောင်း၊ တက္ကသိုလ်အတွက် တရားဟောဆရာ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရလေ သည်။ ထိုအချိန်တွင် တက္ကသိုလ်ကြီးတစ်ခုလုံးကို ဂျာမန် လူမျိုးတို့က ကြီးစိုးခြယ်လယ်နေသဖြင့် စိတ်ဓာတ်တက်ကြွနေသည့် ဗိုဟီးမီးယန်း အမျိုးသားများအား သူကိုယ်တိုင် ခေါင်းဆောင်သော ဂျာမန်တို့၏ ဩဇာလွှမ်းမိုးခြင်းမှ ကာကွယ် ပေးခဲ့၏။ ထိုကြောင့် ပရာဟ တက္ကသိုလ်၌ မတွင်ကျယ်နိုင်ကြတော့သော ဂျာမန်တို့သည် လိုက်ပဆစ်မြို့၌ တက္ကသိုလ်တစ်ခုကို ခွဲ၍ တည်ထောင်ကြလေသည်။

ဂျွန်ဟပ်စသည် ခရစ်ယာန် သာသနာအရေးကို နက်နက်နဲနဲ တွေးတော ကြံဆခဲ့သူ ဖြစ်ပေသည်။ ပရာဟ တက္ကသိုလ်တွင် ဒဿနိကဗေဒ ပညာရပ်ဆိုင်ရာ အကြီးအမှူးအဖြစ် ဆောင်ရွက် နေစဉ် ဗိုဟီးမီးယန်းလူထုအား ခရစ်ယန်တရားကို အချက်ကျကျ ဟောပြောခဲ့၏။ ထိုအချိန်တွင် ဥရောပတစ်တိုက်လုံး၌ လက်တင် ဘာသာဖြင့် ရေးသားထားသော ကျမ်းစာအုပ်များသာ ရှိသော်လည်း ဂျွန်ဟပ်စသည် ဗိုဟီးမီးယန်း လူထုအား တရား ဟောပြောရာတွင် နားလည်လွယ်စေရန် တိုင်းရင်းဘာသာစကားဖြင့်သာ ဟောပြောခဲ့သည်။

ဂျွန်ဟပ်စ၏ ဟောကြားချက်များမှာ လက်ရှိခရစ်ယာန် သာသနာ့ဝန်ထမ်းအဖွဲ့၏ အပြစ်အနာအဆာများကို ဖော်ပြသော သာသနာ ပြုပြင်ပြောင်းလဲရေး တရားများ ဖြစ်လေသည်။ ၁၃၈၄ ခုနှစ်တွင် ကွယ်လွန်သွားသော သာသနာပြုပြင်ရေး သမား အင်္ဂလိပ်လူမျိုး ဂျွန်ဝစ်ကလစ်၏ ယူဆချက်များကိုလည်း ဂျွန်ဟပ်စသည် အထူးပင် နှစ်သက်ယုံကြည်ခဲ့လေသည်။ ထိုမျှမကသေး သူသည် ဝစ်ကလစ်ပြုစုခဲ့သော ကျမ်းများကို ဗိုဟီးမီးယန်း ဘာသာသို့ ပြန်ဆိုပြီးသော် ထိုဘာသာပြန်ကျမ်း များကို ဗိုဟီးမီးယန်း ပြည်နယ်တွင် အနှံ့အပြား ထုတ်ဝေခဲ့လေ သည်။ ( ဝစ်ကလစ်။)

ဗိုဟီးမီးယန်း ပြည်သူပြည်သားတို့သည် ဂျွန်ဟပ်စ၏ ဟောပြောချက်များကို အထူးပင် နှစ်သက်ကြသော်လည်း သာသနာ ပြုပြင်ပြောင်းလဲရေးကိုမူ လက်ခံရန် အဆင်သင့် မရှိကြသေး သည့်အပြင် သာသနာ့ဝန်ထမ်း အဖွဲ့နှင့် ရောမပုပ်ရဟန်းမင်းတို့၏ ဘုန်းတန်ခိုးမှာလည်း ကြီးမားလျက် ရှိနေပြန်သဖြင့် ဂျွန်ဟပ်စသည် မကြာမီပင် ဒုက္ခနှင့် ရင်ဆိုင်တိုးရလေသည်။ ဂျွန်ဟပ်စ၏ ဟောပြောချက်များကို ရောမပုပ်ရဟန်မင်း ကြားသောအခါ ဝစ်ကလစ် ရေးသားထားသော စာအုပ်စာတမ်းများကို မီးရှို့ ဖျက်ဆီးပစ်ရမည်ဟု အမိန့်ထုတ်လေသည်။ သို့ရာတွင် ဂျွန်ဟပ်စသည် ထိုအမိန့်ကို မနာခံသဖြင့် မိစ္ဆဒိဋ္ဌိဟု စွပ်စွဲဲခံရသည့်ပြင် တရားဟောပြောခြင်း မပြုရဟု ထားမြစ် ပိတ်ပင်ခြင်းလည်း ခံရလေသည်။

မိမိမှန်သည်ဟု ထင်သော ကိစ္စအတွက် အသက်ပင် စွန့်ရဲသူဖြစ်သော ဂျွန်ဟပ်စမှာကား ပုပ်ရဟန်းမင်း၏ အမိန့်ကို အနည်းငယ်မျှ ဂရုမထားချေ။ သူ၏နောက်တွင် ဗိုဟီးမီးယန်း လူထုကြီးရှိသောကြောင့်လည်း ထိုသို့ ဂရုမထားပဲ နေနိုင်ခြင်း ဖြစ်လေသည်။ ထိုမျှသာမက သူ၏ဟောပြောချက်များကို ဗိုဟီးမီးယား တစ်ပြည်လုံးနှင့် ဘုရင်ကပါ ထောက်ခံ၍ ပရာဟ တက္ကသိုလ်ကြီးကလည်း သူ၏ဟောပြောချက်များကို လေးစားလျက် ရှိသဖြင့် ပုပ်ရဟန်းမင်း၏ မတရားအမိန့်ကို ရဲဝံ့စွာ ဖီဆန်လိုက်ခြင်း ဖြစ်ပေသည်။ ထိုကြောင့် နေ့စဉ်နှင့် အမျှ သူ၏ ယုံကြည်ချက်များကို မရပ်မနား ဟောပြောခဲ့လေသည်။ ပုပ်ရဟန်းမင်းသည်လည်း သူ့အား အာဏာဖီဆန်လျက် တန်ခိုးကြီးမားစပြုလာသော ဂျွန်ဟပ်စအား ချိုးနှိမ် ဖျက်ဆီးပစ်ရန် အတိအလင်း ကြိုးစားလေတော့သည်။ သို့ဖြစ်၍ ၁၄၁ဝ ပြည့်နှစ်တွင် ဂျွန်ဟစ်စနှင့် သူ၏ နောက်လိုက်များသည် သပိတ်မှောက် ကံပြုခြင်း ခံရလေသည်။ သို့သော်လည်း ဆက်လက်၍ ပြောဟောမြဲ ပြောဟောနေခဲ့ရာ သူနေထိုင်ရာ ပရာဟမြို့တွင် ဘုရားဝတ်ပြု စည်းဝေးပွဲများ မလုပ်ရဟု ပုပ်ရဟန်းမင်းက ပညတ်ချက် ထုတ်ပြန်ခဲ့လေသည်။ ထိုအခါ ဗိုဟီးမီးယားပြည့်ရှင် ဘုရင်က မြို့သူမြို့သားတို့၏ အကျိုးကို မြှော်ကိုး၍ ပရာဟမြို့မှ ခေတ္တရှောင်နေပြီးလျှင် အေးအေး ဆေးဆေးသာ နေထိုင်ပါရန် တောင်းပန်သဖြင့် ဂျွန်ဟပ်စသည် နှစ်နှစ်မျှ တရားမဟောပဲ ကျမ်းများ ပြုစုရေးသား၍သာ နေထိုင် ခဲ့လေသည်။

သို့ရာတွင် ပုပ်ရဟန်းမင်းနှင့် သာသနာ့ဝန်ထမ်းအဖွဲ့တို့ကမူ ဂျွန်ဟစ်စအား မည်သည့်နည်းနှင့်မျှ ခွင့်မလွှတ်လိုကြပဲ ထိရောက်စွာ အရေးယူ အပြစ်ပေးရန် အချက်ကောင်းကိုသာ ရှာခဲ့ကြလေရာ ၁၄၁၄ ခုနှစ်တွင် ဆွစ်ဇာလန်နယ်စပ်ရှိ ကွန်စတင့်မြို့၌ ကျင်းပမည်ဖြစ်သော သာသနာရေး အစည်းအဝေးကြီးသို့ လာရောက် ဖြေရှင်းရန် ဂျွန်ဟပ်စအား ဆင့်ခေါ် လေသည်။ ထိုအချိန်တွင် သာသနာစောင့် ရောမဧကရာဇ် ဆစ်ဂျစ်စမန်းကလည်း ဂျွန်ဟပ်စ၏ အန္တရာယ်ကို ကာကွယ်ပေးမည့်အပြင် အစည်းအဝေးပြီးလျှင် ဗိုဟီးမီး ယားပြည်သို့ ကောင်းမွန်စွာ ပြန့်ပိုပါမည်ဟု ကတိပြုလေသည်။

ဂျွန်ဟပ်စသည် သူ၏ယုံကြည်ချက် ယူဆချက်များကို သေချာစွာ ရှင်းလင်းပြလိုသောကြောင့်တစ်ကြောင်း ရောမဧကရာဇ်၏ ကတိကို ယုံကြည်သောကြောင့်တစ်ကြောင်း နောက်ပါ ၃ဝ နှင့်အတူ ကွန်စတင့်မြို့သို့ လာခဲ့လေသည်။ သူ့အား ကြည်ညိုလေးစားသူ လူအများသည် သူသွားရာ လမ်းတစ်လျှောက်တွင် မျက်ရည်စက်လက်ဖြင့် နှုတ်ခွန်းဆက်ယင်း ကျန်ရစ်ခဲ့ကြလေသည်။

အမှန်အားဖြင့်ဆိုသော် ဧကရာဇ် ဆစ်ဂျစ်စမန်း၏ ကတိမှာ ဂျွန်ဟပ်စအား ကွန်စတင့်သို့ လာရောက်စေရန် သွေးဆောင် ဖြားယောင်းချက်မျှသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကွန်စတင့်မြို့သို့ ဆိုက်ရောက်၍ မကြာမီပင် ဂျွန်ဟစ်စအား ဖမ်းဆီး၍ အကျဉ်းချထားသောကြောင့်ပင်တည်း။ ပုပ်ရဟန်းမင်း၏ ဘက်တော်သားများသည် ဂျွန်ဟစ်စအား သံခြေကျဉ်း ခတ်ကာ တိုက်ပိတ်၍ လှောင်ထားပြီးလျှင် အမျိုးမျိုး ညှဉ်းပမ်း နှိပ်စက်ကာ သူ၏ဟောပြောချက်များ လုံးဝ မှားယွင်းကြောင်းကို ဝန်ခံစေလေသည်။ မည်မျှပင် ဆိုးရွားသော နှိပ်စက်ညှဉ်းပမ်းခြင်းကို ခံစားရစေကာမူ ဂျွန်ဟပ်စသည် သူ၏ ပြောဟော ချက်များ မှားယွင်းသည်ဟု ဝန်မခံသည့်အပြင် တရားနည်းလမ်း ကျသည်ဟူ၍သာ အတိအလင်း ပြောဆိုခဲ့လေသည်။

နောက်ဆုံးတွင် ဂျွန်ဟစ်စအား ထောင်မှထုတ်၍ တရားသူကြီးများရှေ့တွင် စစ်ဆေးလေသည်။ ဂျွန်ဟပ်စသည် သူ၏ သန့်ရှင်းသော ယုံကြည်ချက်များကို လူသိရှင်ကြား ပြောဆိုရမည် ဖြစ်သဖြင့် သူ့ခံစားရသော ညှဉ်းပမ်းနှိပ်စက်မှုများ၏ ဒဏ်ချက်များကိုပင် ခေတ္တမေ့လျော့ထားကာ လုံးစေ့ပါဌ်စေ့ စိတ်အားထက်သန်စွာ ပြောပြလေသည်။ သူ့အား စစ်ဆေးသည့်အချိန်တွင် ပုပ်ရဟန်းမင်းက ဂျွန်ဝစ်ကလစ်၏ စာအုပ်စာတမ်းများကို အတိအလင်း ရှုတ်ချပြစ်တင်ထားပြီး ဖြစ်သဖြင့် ဂျွန်ဝစ် ကလစ်၏ယူဆချက်များကို ဂျွန်ဟပ်စက စိတ်အားထက်သန်စွာ ကာကွယ်နေ၍ အကြောင်းမထူးတော့ချေ။ ထိုအကြောင်းကို ဂျွန်ဟပ်စကိုယ်တိုင် သိသော်လည်း မည်သို့မျှ သဘောမထားပဲ သူ၏ ယုံကြည်ချက်များကို စစ်ဆေးသော တရားသူကြီးများအား အတိအလင်း ရှင်းလင်းပြလေ၏။

သို့ရာတွင် တရားသူကြီးများကိုယ်တိုင်ကလည်း ဂျွန်ဟပ်စ၏အမှုကို အမှန်အတိုင်း စစ်ဆေးနေရန် မလိုပဲ သေဒဏ် ပေးရန်ကိုသာ ကြိုတင်စဉ်းစား ဆုံးဖြတ်ပြီးဖြစ်သဖြင့် ဂျွန်ဟပ်စ၏ ရှင်းလင်းချက်များကို အော်ဟစ်လှောင်ပြောင်၍ နှောင့်ယှက်ကြလေ၏။ ထောင်တွင်း၌ ညှဉ်းပမ်းနှိပ်စက်ခြင်း ခံခဲ့ရသော ဒဏ်ချက်များသည် တဖြည်းဖြည်း နာကျင်လာသည့်အပြင် သူ၏ ဖြေရှင်းချက်များမှာ သဲထဲရေသွန်သကဲ့သို့သာဖြစ်ကြောင်းသိလာသော ဂျွန်ဟပ်စသည် ဆက်လက် မရှင်းလင်းတော့ပဲ ဘုရားကိုသာ အာရုံပြုလျက် ဆိတ်ဆိတ်နေလေတော့သည်။ စီရင်ချက်ကို ကြိုတင်စဉ်းစားထားပြီးဖြစ်သော တရားသူကြီးများသည် ဂျွန်ဟပ်စအား သာသနာဖျက်ဆီးမှု ထင်ရှားသည်ဟု သေဒဏ်ပေး စီရင်လိုက်ကြလေသည်။ ၁၄၁၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဂျွန်ဟပ်စအား လူအများရှေ့၌ အရှင်လတ်လတ် မီးရှို့သတ်လေသည်။ ဘုရားကိုသာ အာရုံပြုလျက်ရှိသော ဂျွန်ဟပ်စသည် မီးတောက် မီးလျှံများ တက်လာ၍ သူ့အား ဝါးမြိုလိုက်သည့်အထိ မတုန်မလှုပ်ပဲ တည်ငြိမ်စွာပင် အသေခံလိုက်လေသည်။ သူ၏ ပြာများကို ရိုင်းမြစ်အတွင်း ပစ်ချမျှောပစ်လိုက်လေသည်။ ဂျွန်ဟပ်စအား မတရားသက်သက် သတ်ဖြတ်ကြောင်းကို ကြားသည်နှင့် တစ်ပြိုင်နက် ဗိုဟီးမီးယားပြည်နယ်ရှိ ဂျွန်ဟပ်စအား ချစ်ခင်ကြည်ညိုသူ အပေါင်းတို့ မခံမရပ်နိုင်ဖြစ်ကာ လက်နက်စွဲကိုင်၍ ရောမဧကရာဇ် ဆစ်ဂျစ်စမန်းအား တော်လှန် ပုန်ကန်ခဲ့ကြလေသည်။

ယခုအခါ ဂျွန်ဟပ်စကို အမျိုးသားသူရဲကောင်းတစ်ဦးဟု အသိအမှတ်ပြုကာ သူ၏ ရုပ်တုတစ်ခုကို ပရာဟမြို့တွင် စိုက်ထူထားကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)