ဟားကျူးလီးသည်ဂရိထုံးဟောင်းပုံပြင်တွင် ခွန်အားအကြီးမားဆုံးသူရဲကောင်းအဖြစ်ထင်ရှားသူဖြစ်သည်၊ ဇုနတ်မင်းကြီးနှင့်လူသားမိခင်အက်တမီးနီတို့မှဖွားမြင်သော သားဖြစ်သောကြောင့်မွေးစကတည်းကနတ်မင်း၏မိဖုရားဟီးရ၏ ငြိုငြင်ခြင်းကိုခံခဲ့ရသည်။ သီးရသည်ပုခက်တွင်း၌ရှိသော ဟားကျူးလီးကိုသုတ်သင်ပစ်ရန်မြွေနဂါးကြီး နှစ်ကောင်ကိုလွှတ်၍တိုက်သည်။ သို့ရာတွင် ကလေးက ထိုမြွေနဂါးနှစ်ကောင်ကိုမိမိလက်ဖြင့်ညှစ်၍သတ်ခဲ့သည်။ ဟားကျူးလီးသည် အရွယ်ရောက်လာသောအခါ လက်နက်ကိုင်စွဲသည့်အတတ်၊ ကစားခုန်စား အတတ်တို့ကို စင်းတောကိုင်ရွန်ထံမှသင်ကြားခဲ့ရသည်။ စစ်ရထား မောင်းအတတ်၊ နပန်းအတတ် အစရှိသောအတတ် အမျိုးမျိုးတို့ကိုလည်း အခြားသူရဲကောင်းကြီးများထံမှ လေ့လာ ဆည်းပူးခဲ့ရသည်။ ထိုနောက်ဟာကျူးလီးသည် သီးဗီးပြည်သား တို့၏ရန်သူ အော်ခိုမိနပ်ဘုရင်အာဂျီနပ်ကိုလုပ်ကြံသတ် ဖြတ်ပေးသဖြင့်သီးဗီးဘုရင်က သမီးတော်မီဂါရာနှင့် ထိမ်းမြားလက်ထပ်ပေး၍ ကျေးဇူးဆပ်သည်။ ဟာကျူးလီးနှင့် ထိုမင်းသမီးတို့သည် သားသမီးများစွာထွန်းကားခဲ့သည်။ သို့ရာတွင်ဟီးယ၏လက်ချက်ကြောင့် စိတ်ဖောက်ပြန် ရူးသွပ်ပြီးလျှင် ဇနီးနှင့်သားသမီးအားလုံးကို အဆုံးစီရင်ပစ် လေသည်။ ဟားကျူးလီးသည်စိတ်ဖောက်ပြန်ခြင်းမှ ကင်းလွတ်သောအခါ မိမိပြုမိသောအပြစ်ကြောင့် စိတ်မကောင်းသဖြင့် ဒဲလဖိုင်နတ်ကွန်းသို့ သွားရောက်၍ နတ်မေးလေသည်။ နတ်ကထိုပြစ်မှုကြောင့်တိ် ရင်းဘုရင် ယူရစ်သုထံ၌ ၁၂နှစ်မျှ အစေခံရမည်ဟု ဆိုလေသည်။ ယူရစ်သုဘုရင်စေခိုင်းချက်အရ ဟာကျူးလီးသည် အလွန်ခဲယဉ်းသောအလုပ်တာဝန် ၁၂ခုကိုဆောင်ရွက်ရသည်။ ထိုကြောင့် အင်္ဂလိပ်စာပေတွင် အလွန်ခက်ခဲသောအလုပ်မျိုးကို ဟားကျူးလီး၏အလုပ်ဟု တင်စား၍ဆိုရိုးရှိသည်။ ဟားကျူးလီးပထမဦးဆုံး ဆောင်ရွက်ရသောအလုပ်မှာ နီမီယားတိုင်းပြည်တွင်ဆိုးသွမ်းလျက်ရှိသောခြင်္သေ့ကြီးကို သုတ်သင်ရခြင်းဖြစ်သည်။ သားကျူးလီးသည် မိမိ၏လက်ဖြင့်ခြင်္သေ့ကြီး၏ လည်မျိုကိုညှစ်သတ်ခဲ့လေသည်။ ဒုတိယဆောင်ရွက်ရသောအလုပ်မှာ ခေါင်းကိုးလုံးရှိသောဟိုင်ဒြာ ခေါ်မြွေနဂါးကြီးကို သတ်ဖြတ်ရခြင်းဖြစ်သည်။ ထိုမြွေနဂါး ကြီး၏ခေါင်းတစ်လုံးကိုဖြတ်လျှင်ယင်းနေရာ၌ ခေါင်းနှစ်လုံး ထွက်ပေါ်လာသည်။ နောက်ဆုံး၌ ဟားကျူးလီးသည် ခေါင်တစ်လုံးစီ၏ လည်ပင်းကိုမီးရှို့ခြင်းဖြင့် မြွေနဂါးရန်ကို နှိမ်နင်းနိုင်ခဲ့သည်။ ထိုနောက်မိမိ၏ မြားများကို မြွေဆိပ်ဖြင့်လူးလေသည်။

တတိယဆောင်ရွက်ရသောအလုပ်မှာ အာကေးဒီးယားပြည်ရှိ ရွှေသမင်ကိုအရှင်ဖမ်း၍ ဘုရင့်ထံ ဆက်သရခြင်းဖြစ်သည်။ ထိုသမင်၏ဦးချိုများသည် ရွှေဦးချိုများ ဖြစ်၍ ခွာများသည် ကြေးခွာဖြစ်သည်။ အပြေးအလွန်သန်သည်။ ဟားကျူးလီးသည် ထိုသမင်ကို မိအောင်ပင်ပန်းစွာ လိုက်လံဖမ်းဆီးခဲ့ရသည်။ စတုတ္ထဆောင်ရွက်ရသောအလုပ်မှာ အာကေးဒီးယားသည် အိရီမန်သုမှ တောဝက်ရိုင်းကိုဖမ်းဆီး ပေးရခြင်းဖြစ်သည်။ ပဉ္စမဆောင်ရွက်ချက်မှာ အီးလစ်ပြည့်ရှင် ဩောဂျိယပ်၏ နွားတင်းကုပ်များကို ဆေးကြောသုတ်သင် ပေးရခြင်းဖြစ်သည်။ ထိုဘုရင်တွင်နွားအကောင်ပေါင်း ၃ဝဝဝ ရှိ၍ နွားတင်းကုပ်များကိုနှစ်ပေါင်း ၃ဝမျှမဆေးမကြောဘဲ ထားသည်ဟု ဆိုသည်။ ဟားကျူးလီးသည် အဲလမိယပ်မြစ်နှင့် ပီနိယပ်မြစ်တို့ကို တင်းကုပ်များဘက်သို့လှည့်၍ ဖြတ်သန်း စီးဆင်းစေခြင်းအားဖြင့် တစ်နေ့ချင်းအတွင်း ဆေးကြောပြီး လေသည်။ ဆဋ္ဌမဆောင်ရွက်ချက်မှာ စတင်ဖာလပ်ရေအိုင်တွင် ကျက်စားသော လူသားစားငှက်ဘီလူးကြီးများကို ဆိပ်လူးမြားဖြင့် ပစ်ခတ်သုတ်သင်ခြင်းဖြစ်သည်။ သတ္တမအလုပ်မှာ ကရိကျွန်းရှိနွားရူးကြီးကို ဖမ်းဆီးရခြင်း ဖြစ်သည်။ ပိုဆိုင်ဒွန်နတ်မင်းက ကရိဘုရင်မိနိုထံသို့ နွားလားတစ်ကောင်ကို ယဇ်ပူဇော်ရန်ပေးပို့ခဲ့သည်။ မိနိုဘုရင်သည်လည်း နွားလား၏ ကျန်အင်လက္ခဏာကို သဘောကျနှစ်သက်သဖြင့် ယဇ်ပူဇောခြင်းမပြုဘဲ မိမိအတွက် မွေးမြူထားလေသည်။ ထိုအခါ ပိုဆိုင်ဒွန်နတ်မင်းသည် အမျက်ထွက်ကာ နွားလားကြီးကို ရူးသွပ်စေသည်။ သို့ဖြစ်၍ ဟားကျူးလီးအား နွားရူးကြီး၏ရန်ကို နှိမ်နင်းစေသည်။ အဋ္ဌမဆောင်ရွက်ချက်မှာ ဒိုင်အိုမီးဒီးဘုရင်၏ မြင်းမများကို ဖမ်းဆီးပေးရခြင်းဖြစ်သည်။ မြင်းမများသည် လူသားစားမြင်းများဖြစ်၍ ဟားကျူးလီးသည် ဒိုင်အိုမီးဒီးကို သတ်ပြီးလျှင် အသားကိုမြင်းတို့အားကျွေးခဲ့သည်။ နဝမဆောင်ရွက်ချက်မှာ အမ္မဇုန်တို၏ဘုရင်မ ဟစ်ပိုလိုင်တီထံမှ လှပသော ခါးစည်းကိုယူဆောင်ပေးရခြင်း ဖြစ်သည်။ အမ္မဇုန်တို့သည်ကား စစ်တိုက်ဝါသနာပါသော မိန်းမများဖြစ်ကြသည်။ ဟားကျူးလီးသည် ဘုရင်မကိုသတ်၍ ခါးစည်းကို ယူခဲ့လေသည်။ ဒသမဆောင်ရွက်ချက်မှာ ဂျားရီးယွန်နွားထီးကြီးကို ဖမ်းဆီးပေးရခြင်းဖြစ်သည်။ ထိုနွားကြီးသည် ကိုယ်ခန္ဓာ သုံးခုရှိ၍ အီရစ်သီးယားကျွန်းတွင် ကျက်စားနေထိုင်သည်။ ထိုကျွန်းမှာ ဂျီဗရော်တားရေလက်ကြား အနောက်ဘက် အလွန်၌ တည်ရှိသည်ဟုဆိုသည်။ ဟားကျူးလီးသည် မြေထဲပင်လယ်အနောက်ဘက်သို့ ခရီးသွားရာ၌ ဂျီဗရော်တားရေလက်ကြား တစ်ဖက်တစ်ချက်တွင် ကျောက်တုံး များကို စိုက်ထူခဲ့လေသည်။ ထိုကျောက်တုံးများကို ဟားကျူးလီးကျောက်တိုင်ဟု အမည်ခေါ်ဆိုကြသည်။ ဧကာဒသမဆောင်ရွက်ချက်မှာ စက်စပရီးဒီးနတ်သမီး ညီအမလေးဖော်ထံမှ ရွှေပန်းသီးများကို ဆောင်ကြဉ်းပေးရခြင်း ဖြစ်သည်။ ထိုရွှေပန်းသီးများသည် မြေကြီးစောင့်နတ်သမီးက ဟီးရနတ်မိဖုရားအား လက်ဆောင်အဖြစ်ပေးခဲ့သော မင်္ဂလာလက်ဖွဲ့ပစ္စည်းဖြစ်သည်။ ဟက်စပရီးဒီးနတ်သမီး လေးယောက်နှင့် မအိပ်မစက်နေသော နဂါးတစ်ကောင်က ထိုရွှေပန်းသီးများကို စောင့်ရှောက်ရသည်။ ဟားကျူးလီးသည် ဟက်စပရီးဒီးနတ်သမီးတို့၏ဖခင် အက်တလတ်၏ အကူအညီဖြင့် ပန်းသီးများကိုရရှိခဲ့သည်။ အက်တလတ် သည်ကား ကမ္ဘာကြီးကိုပခုံးထက်တွင်ထမ်းထားရသူဖြစ်သည်။ အက်တလတ်သည် ပန်းသီးများကိုသွားရောက်ယူနေစဉ် ဟားကျူးလီးအား ကမ္ဘာကြီးကိုထမ်းထားစေသည်။ သို့ရာတွင် ပန်းသီးများကိုရရှိ၍ ပြန်ရောက်လာသောအခါ ကမ္ဘာကြီးကို မထမ်းလိုတော့သဖြင့် မိမိကိုယ်တိုင်ဘုရင့်ထံသို့ သွားရောက် ဆက်သမည်ဆိုလေသည်။ ထိုအခါဟာကျူးလီးက ပရိယာယ် ဖြင့် မိမိပခုံးပေါ်တွင် အခုအခံထားလိုသောကြောင့် ကမ္ဘာကြီးကို ခေတ္တပြန်ယူပါဟုဆို၍ ပခုံးပြောင်း လိုက်ပြီးနောက် ပန်းသီးများကိုယူ၍ ပြန်ခဲ့လေသည်။ နောက်ဆုံးဆောင်ရွက်ချက်မှာ ဟေးဒီး ခေါ် မရဏအရပ် အဝင်ဝကိုစောင့်သော ဆာဗီးရပ်ခွေးကြီးကို ယူဆောင်ပေးရခြင်းဖြစ်သည်။ ထိုခွေးကြီးတွင် ဦးခေါင်းသုံးလုံး ရှိသည်။ ယူရစ်သုဘုရင်သည် ထို ကြောက်မက်ဖွယ် ကောင်းသော ခွေးကြီးကိုမြင်လျှင် အလွန်ထိတ်လန့်သဖြင့် ဟားကျူးလီးအားပြန်၍ ပို့ခိုင်းလေသည်။ ဟားကျူးလီးသည် မိမိအပြစ်ကြောင့် ခံရသောဒဏ် ၁၂ မျိုးကို ဆောင်ရွက်ပြီးမြောက်သဖြင့် လွတ်လတ်သူအဖြစ်ကို ပြန်လည်ရရှိလေသည်။ သို့ရာတွင်သူ၏မိတ်ဆွေ အီဖစ်တပ်ကို ဒေါသအလျောက်သတ်မိ၍ လစ်ဒီးယားဘုရင်မ အွမ်ဖာလီထံ၌ သုံးနှစ်မျှ အစေခံရသေးသည်။ ဟားကျူးလီးသည် ထိုကဲ့သို့ စိတ်လိုက်မာန်ပါ ပြုလုပ်တတ်သော်လည်း ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေရသူများကိုလည်း စွန့်စားကယ်တင်လေ့ရှိသည်။ သူ၏ဘဝတစ်လျှောက်တွင် ဘေးဒုက္ခအမျိုးမျိုးနှင့်တွေ့ကြုံခဲ့ ရသည့်နည်းတူ နောက်ဆုံး၌လည်း အသေဆိုးသေရလေသည်။ ဟားကျုးလီးသည် ဘုရင်မအွမ်ဖာလီထံမှ လွတ်မြောက်ပြီးနောက် ဒီယန္နီရာဆိုသူ မင်းသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ တရံရောအခါ သူနှင့်သူ၏ဇနီးတို့သည် မြစ်တစ်မြစ်ကိုဖြတ်ကူးကြရာ၌ စင်းတောနက်ဆပ်အား ဇနီးကိုတင်၍ ဖြတ်ကူးစေသည်။ နက်ဆပ်သည် ဒီယန္နီရယကို ခိုးပြေးရန်ကြံစည်သဖြင့် ဟားကျူးလီးက ဆိပ်လူးမြားဖြင့် ပစ်လိုက်လေသည်။ နက်ဆပ်လည်း တစ်ဘက်ကမ်းသို့ ရောက်၍မြားဆိပ်ကြောင့် သေအံ့ဆဲဆဲတွင် ဒီယန္နီရာအား မိမိ၏သွေးကို လင်ယောက်ျားချစ်စေမည့် ပီယဆေးအဖြစ် ဆောင်ထားရန် မှာကြားခဲ့သည်။ မကြာမီ ဒီယန္နီရာက ဟားကျူးလီးသည် အခြားမိန်းမတစ်ဦးနှင့် ချစ်ကြိုက်နေသည်ဟူ၍ မသင်္ကာ သဖြင့် နက်ဆပ်၏သွေး၌ စိမ်ထားသောဝတ်ရုံကို ခင်ပွန်းထံသို့ ပို့လေသည်။ ဟားကျူးလီးသည်ထို ဝတ်ရုံကို ဝတ်ဆင်သည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး အဆိပ်တက်၍ ဝေဒနာပြင်းပြစွာ ခံရလေသည်။ ထိုကြောင့် အိုအီတာတောင်ပေါ်သို့ ပြေးတတ်ပြီးလျှင် မိမိကိုယ်ကို မီးသင်္ဂြိုဟ်ရန်အတွက် အလောင်းစင်ကိုပြင်လေသည်။ ဟားကျူးလီးကိုယ်ကို မီးလောင်မြိုက်နေစဉ် ဇုနတ်မင်းကြီးက သူ၏ဝိညာဉ်ကို အိုလင်းပစ်တောင်ထိပ်ပေါ်သို့ ယူဆောင် သွားလေသည်။ လောကဆင်းရဲခြင်းမှ လွတ်ကင်းပြီဖြစ်သော ဟားကျူးလီးသည်လည်း အိုလင်းပစ်တောင်ပေါ်တွင် အခြားနတ်သားများနှင့်အတူ ထာဝရချမ်းသာကို စံစားလျက် ရှိလေတည်း။ စ္စာပေလောကတွင် ဟားကျူးလီးအကြောင်းကို အမျိုးမျိုးဖွဲ့ဆိုရေးသားခဲ့ကြသည်။ ဟားကျူးလီး၏ခွန်အား ကြီးမားပုံကိုလည်း ပန်းချီ၊ ပန်းပု စသော သုခုမပညာအားဖြင့် အမျိုးမျိုးသရုပ်ဖော်ခဲ့ကြသည်။ စွန့်စားခန်းများကို ဂုဏ်ပြုသည့်အနေဖြင့် ပွဲလမ်းသဘင်များကိုလည်း ကျင်းပလေ့ရှိကြသည်။ အီတလီနိုင်ငံ နေပယ်မြို့ပြတိုက်ရှိ ဟားကျုးလီး၏ ရုပ်တုသည် အထင်ရှားဆုံး အနုပညာလက်ရာဖြစ်ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)