ဟိုချီမင်း

ဗီယက်နမ် ကွန်မြူနစ်ခေါင်းဆောင်

ဟိုချီမင်း(Ho Chi Minh) သို့မဟုတ် ငုယင်စင်တန်း(၁၉ရက်-မေလ-၁၈၉၀ ခုနှစ်)သည် ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (နောက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ)၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး သမ္မတ(၁၉၄၅-၁၉၆၉)လည်း ဖြစ်ခဲ့သည်။ ဗီယက်နမ် ဂျော့ဝါရှင်တန်အဖြစ်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီက မကြာခဏခေါ်ဝေါ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗီယက်နမ်အား အုပ်စိုးထားသည့် ပြင်သစ်တို့လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် သူ၏အချိန်များကို များစွာအသုံးချခဲ့ခြင်းကြောင့်ဖြစ်သည်။

ဟိုချီမင်း(Ho Chi Minh)
ဟိုချီမင်း(Ho Chi Minh)
အမည်ရင်း ငုယင်စင်တန်း
အမည်ကွဲ ငုယင်တက်သန်
မွေးသက္ကရာဇ် ၁၉ရက်-မေလ-၁၈၉၀ ခုနှစ်


ကွယ်လွန် ၂ရက်-စက်တင်ဘာလ-၁၉၆၉(အသက်-၇၉နှစ်)
ဟနွိုင်းမြို့ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ
နိုင်ငံသား ဗီယက်နမ်နိုင်ငံ
လူမျိုး ဗီယက်နမ်
အလုပ်အကိုင် ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်
မွေးရပ်ဇာတိ ငဲ့အဲန်၊ ပြင်သစ်အင်ဒိုချိုင်နား
လက်မှတ်
ဗီယက်နမ်နာမည်
ဗီယက်နမ်အမည်
ဗီယက်နမ်Hồ Chí Minh
Hán-Nôm
ဗီယက်နမ်မွေးစာရင်း
ဗီယက်နမ်အမည်
ဗီယက်နမ်Nguyễn Sinh Cung
Hán-Nôm

အမည် ပြင်ဆင်ရန်

ဟိုချီမင်းဟူသည့်အမည်မှာ သူ၏ အမည်ရင်းမဟုတ်ချေ။ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ တော်လှန်ရေးအတွင်းတွင် ဤ ဟိုချီမင်းဟူသည့်အမည်ကို မှည့်ခေါ်ခဲ့သည်။ သူ၏ငယ်နာမည်မှာ ငုရင်စင်းတန်ဖြစ်သည်။ ကွန်ဖြူရှင်းရိုးရာအရ အသက် ၁၀ နှစ်အရွယ်တွင် ငုယင်တက်သန်ဟူသည့်အမည်သို့ပြောင်းလဲခဲ့သည်။ ဟိုချီမင်းအမည်အပြင် ငုယင်စင်းကွန်၊ ငုယင်တန့်သန်း၊ ငုယင်အိုက်ကုတ်၊ မစ္စတာဗောင်း၊ ဘ၊ မစ္စတာချင်၊ မစ္စတာထရန်၊ မစ္စတာလင်းစသည်ဖြင့်လည်း နာမည်အမျိုးမျိုး ခံယူခဲ့သည်။ ဟိုချီမင်းသည် အမည်ဝှက်(လွှဲ)ပေါင်း ၅၀[၁]:582 နှင့် ၂၀၀[၂] ကြား အသုံးပြုခဲ့သည်ဟု သိရသည်။ သူ၏ ကျော်ကြားသောအမည်မှာ ငုယင်အိုက်ကုတ်ဖြစ်ပြီး ငုယင်၏ အဓိပ္ပာယ်မှာ အသုံးများဆုံးသော် ဗီယက်နမ်နောက်ဆုံးအမည်ဖြစ်ပြီး အမျိုးသားဟု အဓိပ္ပာယ်ရသည်။ အိုက်ကုတ်မှာ တိုင်းပြည်ချစ်သူ ဖြစ်သည်။ သို့သော် ဗီယက်နမ်ကွန်မြူနစ်များက ၎င်းအား ဘာ့ပ်ဟို(အန်ကယ်ဟို) ဟူ၍ ရည်ညွှန်းခေါ်ဆိုကြသည်။

ပင်လယ်ရပ်ခြားတိုင်းတပါး ပြင်ဆင်ရန်

သူသည် ပင်လယ်ရပ်ခြား နိုင်ငံများတွင် နှစ်ပေါင်း ၃၀ နီးပါမျှ လှည့်လည်သွားလာ နေထိုင်ခဲ့သည်။ ဤနှစ်ပေါင်း ၃၀ မျှသော ကာလအတွင်း ပြင်သစ်၊ အင်္ဂလန်၊ ရုရှား၊ အမေရိကန်၊ ထိုင်း စသည့်နိင်ငံ အများအပြားသို့ ရောက်ရှိခဲ့သည်။ ထိုကာလအတွင်း သင်္ဘောကြမ်းတိုက်သမား၊ ထမင်းချက်၊ ဟိုတယ်စောင့်၊ ဓာတ်ပုံအချောပြင်ဆရာ၊ သတင်းစာ အယ်ဒီတာ၊ နိုင်ငံရေးသမား၊ ကမ္ဘာ့ကွန်မြူနစ်ပါတီအဖွဲ့ချုပ် ကိုယ်စားလှယ် စသည့် လုပ်ငန်းတာဝန်များကို လုပ်ကိုင် ထမ်းရွက်ခဲ့သကဲ့သို့ နယ်ချဲ့ သူလျှို၊ ပုလိပ် စုံထောက်များ၏ မျက်စိအောက်မှ ဈေးသည်၊ လယ်သမား၊ ဘုန်းကြီး၊ ကုန်သည်၊ စသဖြင့် အမျိုးမျိုး ရုပ်ဖျက်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးသည်။ ဤနှစ်ပေါင်း ၃၀ အတွင်း အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ စသည့် ဘာသာစကားများကိုလည်း ရေရေလည်လည် ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်သည်အထိ တတ်မြောက်ခဲ့သည်။

၁၉၁၁ ခုနှစ်ကုန်ခါနီးတွင် ပြင်သစ်နိုင်ငံသို့ La Touche Treville အမည်ရှိ သင်္ဘောဖြင့် လိုက်ပါခရီးထွက်ခဲ့သည်။ ငွေအလုံအလောက်မရှိသဖြင့် ထမင်းချက်အဖြစ် ၎င်းသင်္ဘောပေါ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုသို့ ခရီးထွက်ခဲ့သည်မှာ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့မှ ပြင်သစ်နိုင်ငံမာဆေးမြို့အထိ မိုင်ပေါင်း ၈၀၀၀ ခန့် ဝေးပြီး ထိုသို့ရောက်ရှိသည်အထိ သင်္ဘောလုပ်အားခရရှိသည်မှာ ပြင်သစ်ငွေ တစ်ဆယ်သာဖြစ်သည်။ ထို့နောက် မာဆေးမြို့ရှိ ပြင်သစ်အရာရှိအိမ်တွင် အစေခံအဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး ထိုအိမ်ရှိ ပြင်သစ်အစေခံကလေးထံမှလည်း ပြင်သစ်ဘာသာကို ကြိုးစား သင်ယူခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် သင်္ဘောပေါ်တွင် အကူမီးထိုးသမားအဖြစ်လိုက်ပါခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ ခရီးနှင်ခဲ့သည်။ ၁၉၁၂ မှ ၁၉၁၃ ခုနှစ်အထိ နယူးယောက်မြို့(ဟာလန်-HARLEM)နှင့် ဘော်စတွန်မြို့တို့တွင်လှည့်လည်နေထိုင်ခဲ့ပြီး ပါကာဟောက်စ် ဟိုတယ်ကဲ့သို့သော နာမည်ကြီးဟိုတယ်တွင် ပေါင်မုန့်ဖုတ်သမားအဖြစ်လည်းကောင်း လုပ်ကိုင်ရင်းနေထိုင်ခဲ့သည်။

ထို့နောက် အင်္ဂလန်သို့ ပြန်လာခဲ့သည်။ အင်္ဂလန်ပြည်၊ လန်ဒန်မြို့တော်ရှိ အထက်တန်းလွှာ လူဂုဏ်တန်များ လာရောက်တည်းခို စားသောက်ကြသည့် ကာလ်တန်ဟိုတယ်(Carlton Hotel) တွင် ဧည့်ကြိုအဖြစ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် စာဖိုမှူးချုပ်ကြီး အောဂစ်တ် အက်စ်ကောဖီးယား(Auguste Escoffier)ကိုယ်တိုင် ကူညီစောင်မမှုကြောင့် ကိတ်မုန့်ဖုတ်သည့်ဌာနသို့ ရောက်ရှိသွားခဲ့ပြန်သည်။

ငုယင်သည် ၁၉၁၉ မှ ၂၃ ခုနှစ်အထိ ပြင်သစ်တွင် နေထိုင်ခဲ့သည်။ ထိုလေးနှစ်အတွင်း ၎င်း၏သူငယ်ချင်း မာရှယ် ခက်ချင်းမှတဆင့် ကွန်မြူနစ်ဝါဒများနှင်ထိတွေ့လာခဲ့ရသည်။ ကွန်မြူနစ်ပေါ်တွင် ယုံကြည်လာခဲ့ပြီး ဗီယက်နမ်သည် ပြင်သစ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ရမည်ဟု ယုံကြည်ရန် စတင်ခဲ့သည။ ၁၉၁၇ ခုနှစ်တွင် လန်ဒန်မှ ပဲရစ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော် ပြင်သစ် ရဲတပ်ဖွဲ့တွင် သူ၏ ရောက်ရှိချိန်ကို ၁၉၁၉ ခုနှစ်၊ ဇွန်လဟူသည် အချက်အလက်သာရှိသည်။ ထိုအတောအတွင်း ပထမကမ္ဘာစစ်အား အကြောင်းပြု၍ ဆွေးနွေးပွဲများပြုလုပ်ချိန် ငုယင်အက်တိုက်အမည်ဖြင့် ပြည်သူရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို တောင်းဆိုခဲ့သော်လည်း လစ်လျှူရှုခြင်း ခံခဲ့ရသည်။ ထိုအတောအတွင်း ပထမကမ္ဘာစစ်အား အကြောင်းပြု၍ ပြင်သစ်သို့ ရောက်ရှိလာသည့် အမေရိကန်သမ္မတ ဝုဒရော ဝီလဆင်ထံသို့ စာတစောင်ရေးသားပေးပိုခဲ့သည်။ ထိုစာတွင် ပြင်သစ်ကိုလိုနီအုပ်ချုပ်ရေးသမားများအား ရှုတ်ချရာတွင် ကူညီမှုရရန် အမေရိကန်အစိုးရ၏အကူအညီအကြောင်းမေးမြန်းခြင်းကို ရေးသားထားခြင်း ဖြစ်သည်။ သို့သော် သူ၏စာအား အရေးတယူမပြုခဲ့ကြချေ။ သူသည် ပြင်သစ် ကွန်မြူနစ်ပါတီသို့ ဆက်သွယ်ခဲ့ပြီး အာရှကူမင်တန် အဖွဲ့ဝင်အဖြစ် မော်စကိုသို့ ပုံမှန်လည်ပတ်ခြင်းကို စတင်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုများ ပြင်ဆင်ရန်

၁၉၄၅-၁၉၅၄ တွင် ပြင်သစ်အုပ်ချုပ်ရေးသမားများကို ဆန့်ကျင်သည့် တော်လှန်ရေးတွင် ဦးဆောင်ခဲ့သည်။ ထို့နောက် ဆိုဗီယက်ရုရှနှင့် တရုတ်တို့ထောက်ခံသော ကွန်မြူနစ်အုပ်ချုပ်ရေး ထွန်းကားလာခဲ့ပြီး ဗီယက်နမ်မြောက်ပိုင်းတွင် သမ္မတအဖြစ်လည်းကောင်း၊ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဦးဆောင်သော ဟိုချီမင်းက အုပ်ချုပ်ခဲ့သည်။ တောင်ပိုင်းတွင်မူကား အမေရိကန်တို့ထောက်ခံသော ကွန်မြူနစ်အုပ်ချုပ်ရေးမဟုတ်သောအစိုးရက ဦးဆောင်ထားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော်၊ ထိုအချိန်က အမေရိကန်သည် ဆိုဗီယက်နှင့်အပြိုင် စစ်အေးတိုက်ပွဲများကို ဆင်နွှဲနေရပြီး ဗီယက်နမ်နိုင်ငံတစ်ခုလုံးကိုလည်း ကွန်မြူနစ်အဖြစ် ရောက်ရှိသွားရန်မလိုလားခဲ့ချေ။

ထို့နောက် အမေရိကန်နှင့် တောင်ပိုင်းဗီယက်နမ်သည် ရွေးကောက်ပွဲအား လက်ကိုင်ထား၍ နိုင်ငံ၏အပိုင်းနှစ်ပိုင်းအား ပြန်လည်ပေါင်းစည်းမည်ဟူသည့် ကတိကို ပယ်ဖျက်ခဲ့ကြသည်။ ထို့နောက် ဟိုချီမင်းဦးဆောင်သည့် ကွန်မြူနစ်အစိုးရဥပဒေ၏ စစ်ရေး၊ နိုင်ငံရေးအရ တောင်ပိုင်းဗီယက်နမ်၏ လယ်ယာစိုက်ခင်းများအား ပြန်လည်ရယူရန် ကြိုးစားခဲ့သည်။ ဆယ်စုနှစ် နှစ်ခုကြာအောင် စစ်ပွဲများဆင်နွှဲခဲ့ကြပြီး ဗီယက်နမ်အမျိုးသား သန်းပေါင်းများစွာတို့ သေကြေပျက်စီးကြရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆိုဗီယက်ရုရှားတို့က မြောက်ပိုင်းဗီယက်နမ်၏ စစ်ရေးကြိုးစားမှုများကို ကူညီသကဲ့သို့ အမေရိကန်ပြည်ထောင်စုသည် တောင်ပိုင်းဗီယက်နမ်အား စစ်ကူပေးခဲ့ကြသည်။

နောက်ဆုံး၌ ဟိုချီမင်းကွယ်လွန်ပြီး နှစ်အနည်းငယ်အကြာတွင် ဗီယက်နမ်မြောက်ပိုင်းက အနိုင်ရရှိခဲ့ကြသည်။

ဟိုချီမင်းနှင့် မြန်မာပြည် ပြင်ဆင်ရန်

 
ဗီယက်နမ် သမ္မတ ဟိုချီမင်း ကို ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့လွတ်တော် တွင် တွေ့ရစဉ်

မြောက်ပိုင်းကွန်မြူနစ်တပ်များ ကို ထောက်ပံ့ရေးအတွက် စည်းရုံးရေး ခရီးစဉ် အဖြစ် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၇ ရက် အထိ မြန်မာနိုင်ငံ သို့လာရောက် လည်ပတ်ခဲ့သည်။ [၃]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ဦးလေးဟိုသည် နှလုံးနှင့် ဆီးချိုရောဂါများကို ခံစားခဲ့ရသည်။ ၁၉၆၉ ခုနှစ်၊ ၂ ရက်နေ့နံနက်ပိုင်း ၉ နာရီ ၄၇ မိနစ်တွင် ဟိုချီမင်းမှာ နှလုံးရောဂါပြင်းထန်မှုကြောင့် ကွယ်လွန်နိစ္စရောက်ရရှာသည်။ သူ၏ သေတမ်းစာတွင် သူ့အား မီးသင်္ဂြိုဟ်ရန်နှင့် သူ၏အရိုးပြာများအား ဗီယက်နမ်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ တောင်များပေါ်တွင်ထားရှိရန် လိုလားခဲ့သည်။ သို့သော် သူသေဆုံးပြီးနောက် ၎င်း၏နောက်လိုက်များသည် အလောင်းအား အမွေးနံ့သာဆွံ့ဖျန်းခဲ့ပြီး ဂူဗိမာန်အတွင်း သွတ်သွင်းခဲ့ကြသည်။ သူသည် ယနေ့တိုင်ထိုနေရာတွင် ရှိနေပြီး လူအများ၏ ပူဇော်ခြင်းခံနေရဆဲဖြစ်သည်။

 
အမေရိကန်သမ္မတထံပေးပိုခဲ့သည့်စာလွှာ

ဂုဏ်ပြုခြင်း ပြင်ဆင်ရန်

၁၉၇၆ခုနှစ်တွင် ဆိုဗီယက်ယူနီယမ်၏ ထုံးစံအတိုင်း အနိုင်ရသော မြောက်ပိုင်းကွန်မြူနီများက ကွန်မြူနစ်မဟုတ်သော ဗီယက်နမ်တောင်ပိုင်း၏မြို့တော် ဆိုင်ဂုံအား ဟိုချီမင်းဟူ၍ အမည်ပြောင်းလဲခေါ်ဝေါ်ခြင်းဖြင့် သူတို့၏ ခေါင်းဆောင်ကြီးအား ဂုဏ်ပြုခဲ့ကြသည်။

ဟိုချီမင်း (ခရစ်၁၈၉ဝ-၁၉၆၉) ပြင်ဆင်ရန်

ဗီယက်နမ်ဒီမိုကရက်တစ်သမတနိုင်ငံ၏ ပထမဦးဆုံးသောသမ္မတကို ခရစ်နှစ် ၁၉၄၅ ခု၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ရွေးကောက်တင်မြှောက်ခဲ့ သည်။ ထိုစဉ် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရသူပုဂ္ဂိုလ်ကြီးက ကျွန်တော့်ကိုသမ္မတရွေးလိုက်တာအကြောင်းရှိပါတယ်။ ကျွန်တော့မှာဘာမှမရှိလို့ပါဘဲ။ ကျွန်တော့်မှာ သားမယားလည်း မရှိဘူး။ အိမ်လဲမရှိဘူး။ ရွှေငွေပစ္စည်းဥစ္စာလည်းမရှိဘူး။ အဝတ်အထည်ဆိုလို့လဲ ဟောဒီအခုဝတ်ထားတဲ့ ချည်ဝတ်စုံတစ်စုံဘဲရှိပါတယ် ဟုပြောကြားခဲ့လေသည်။ ထိုပုဂ္ဂိုလ်ကြီးကား ဟိုချီမင်းပင်ဖြစ်သည်။ ဟိုချီမင်းကိုခရစ်နှစ် ၁၈၉ဝ ပြည့်မေလ ၁၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ငဲအန်ပြည်နယ်အတွင်းရှိ ကင်လီယင်ရွာကလေး၌ဖွားမြင်သည်။ အဘမှာငုယင်စင်းစက်ဖြစ်၍ အမိမှာဟွန်သီလုန်ဖြစ်၏။ မွေးချင်းသုံးယောက်တွင် ဟိုချီမင်းသည်အထွေးဆုံးဖြစ်သည်။ ဟိုချီမင်း၏ပထမဆုံးသောငယ်နာမည်မှာ ငုယင်စင်းကွန်ဖြစ်၏။ အသက် ၁ဝ နှစ်သားအရွယ်တွင် သူ၏ မိဘများက ဗီယက်နမ်ဓလေ့ထုံးစံအတိုင်း ငယ်နာမည် ငုယင်စင်းကွန်မှ ကြီးနာမည် ငုယင်တက်သန်သို့ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ဟိုချီမင်း ၁ဝ နှစ်သားအရွယ်တွင် မိခင်သေဆုံးခဲ့ရာ ဖခင်၏အုပ်ထိမ်းမှုအောက်တွင်ကြီးပြင်းခဲ့ရသည်။ ဖခင်မှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်၏။ ထိုစဉ်ကဗီယက်နမ်နိုင်ငံကို ပြင်သစ်တို့ အုပ်စိုးလျက်ရှိရာ ဟိုချီမင်းသည်ငယ်စဉ်ကပင် ပြင်သစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ ထိုကြောင့်ငယ်စဉ်ကတည်းကပင် ဗီယက်နမ်လွတ်လပ်ရေးအတွက် စိတ်အားထက်သန်ခဲ့သည်။ ဟိုချီမင်းအသက် ခုနစ်နှစ်သားအရွယ်တွင် ပညာစတင်သင်ကြားခဲ့၏။ ၁၆ နှစ်သားအရွယ်တွင် ပြင်သစ်စာပေကို လေ့လာဆည်းပူးခဲ့သည်။ ကျောင်းသားအရွယ်ကတည်းကပင် ဖခင်ကိုယ်တိုင်ပါဝင်သော ဗီယက်နမ်ပညာတတ် မျိုးချစ်ပုဂ္ဂိုလ်များ၏ ပြင်သစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတွင် ဆက်သားအဖြစ်တာဝန်ယူခဲ့၏။ ထိုနောက်ဖခင်ဖြစ်သူမှာ အလုပ်မှထုတ်ခံရသဖြင့် ဟိုချီမင်း သည်ကျောင်းဆရာလုပ်ရင်း အိမ်ထောင့်တာဝန်ကို ထမ်းဆောင်ခဲ့လေသည်။ မကြာမီ ကျောင်းဆရာ အလုပ်မှထွက်ကာ စက်မှုလက်မှုကျောင်းသို့ တက်ရောက်၍ စက်မှုပညာသင်ကြားပြန်၏။ ထိုအချိန်၌ ဟိုချီမင်း၏ရင်ဝယ် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ၊ ဗီယက်နမ်လွတ်လပ်ရေးအတွက် ဆောင်ရွက်လိုသော စိတ်ဓာတ်များ ကိန်းအောင်းနေချေပြီ။ ဗီယက်နမ်လွတ်လပ်ရေးအတွက်ဆောင်ရွက်နိုင်ရေးမှာ ကမ္ဘာ့နိုင်ငံရေးဗဟုသုတကြွယ်ဝမှဖြစ်မည်ဟူ၍လည်း စွဲမြဲစွာယုံကြည်လျက်ရှိပေသည်။ ထိုကြောင့် ၁၉၁၁ ခုနှစ် အောက်တိုဘာလအတွင်းတွင် တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းရန် နိုင်ငံခြားဗဟုသုတရှာရေးအတွက် ဟိုချီမင်းသည် ပြင်သစ်ပင်လယ်ကူးသင်္ဘောတစ်စင်းပေါ်တွင် ထမင်းချက်ရိက္ခာဌာန အလုပ်သမားအဖြစ်လိုက်ပါရင်း ပြင်သစ်နိုင်ငံသို့ထွက်ခွာခဲ့လေသည်။ ထိုအခိုက်တွင်သူ၏ အမည်ကို ဗဟူ၍ ပြောင်းလဲထား၏။ ပြင်သစ်နိုင်ငံသို့ ရောက်သောအခါ ပြင်သစ် အရာရှိတစ်ဦး၏အိမ်တွင် အစေခံလုပ်ရင်း ဝမ်းရေးကို ဖြေရှင်းခဲ့သည်။ အခြေခံမျှသာတတ်မြောက်ထားသော ပြင်သစ်စကားကိုလည်း ဆက်လက်သင်ကြားခဲ့သည်။ ထိုနောက်အစေခံအလုပ်မှထွက်ကာ ပြင်သစ်ကုန်တင်သင်္ဘောတစ်စင်းတွင် သင်္ဘောသားအဖြစ် လိုက်ပါဆောင်ရွက်ရင်းအာဖရိကနှင့်မြောက်အမေရိကတိုက်များသို့ ရောက်ခဲ့၏။ ၁၉၁၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့၏။ ထိုနောက်ပြင်သစ်နိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ ခရီးဆက်ပြန်လေသည်။ အင်္ဂလန်နိုင်ငံသို့ရောက်သော် အမှိုက်လှဲသမား၊ ဘွိုင်လာအိုးမီးထိုးသူ စသည်ဖြင့် ကြုံရာအလုပ်ကိုလုပ်ရင်း ပညာဆည်းပူးလေ့လာခဲ့သည်။ အင်္ဂလိပ်စာကိုလည်းသင်ကြားခဲ့၏။ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ ဟိုချီမင်းသည် ငုယင်အိုက်ကုတ်အမည်ဖြင့် ပြင်သစ်နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည်။ ပထမကမ္ဘာစစ်ကြီးအပြီး ၁၉၁၉ ခုနှစ်တွင် ဗာဆေးစစ်ပြေငြိမ်းရေး ကွန်ဖရင့်သို့ တက်ရောက်ကာ ဗီယက်နမ်နိုင်ငံအတွက်လိုလားမှုများကိုတောင်ဆိုခဲ့သေးသော်လည်း မရရှိခဲ့ပေ။ သို့သော်ထိုတောင်းဆိုချက်များကို ပုံနှိပ်ကာ လူအများသိရှိအောင်ဖြန့်ဝေနိုင်ခဲ့ပေ၏။ ထိုအချိန်မှစ၍ဟိုချီမင်းသည်ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးအတွက် နိုင်ငံရေးအရစတင်လှုပ်ရှားတော့သည်။ ပြင်သစ်နိုင်ငံရှိ ဆိုရှယ်လစ်လူငယ်များအဖွဲ့အစည်းတွင် ပါဝင်ကာ တိုးမြို့တွင်ကျင်းပသော ပြင်သစ်ဆိုရှယ်လစ်ပါတီ ၁၈ ကြိမ်မြောက်ကွန်ဂယက်သို့ တက်ရောက်နိုင်ခဲ့သည်။ ယင်းကွန်ဂယက်တွင် စကားပြောဆိုခွင့်လည်း ရရှိခဲ့သည်။

ဟိုချီမင်းသည် ပြင်သစ်နိုင်ငံတွင်း၌ထုတ်ဝေနေသော သတင်းစာများတွင် ငုယင်အိုက်ကုတ်အမည်ဖြင့် ဆောင်းပါးများရေးသားခဲ့သည်။ ပြင်သစ်ကိုလိုနီစံနစ်အပေါ် စွဲချက်တင်ခြင်း ဝါး၊ နဂါး စသည့်စာအုပ်များကိုလည်း ရေးသားပြုစုခဲ့သည်။ ပြင်သစ်နိုင်ငံသို့ရောက်ရှိနေသည့်ကိုလိုနီနယ်များအသင်းကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်ပြီးလျှင် ထိုဂျာနယ်၏ တိုက်အုပ်နှင့်တာဝန်ခံစာတည်းအဖြစ်ဆောင်ရွက်ခဲ့သည်။ ထိုနှစ်မှာပင် ပြင်သစ်ကွန်မျူနစ်ပါတီသို့ဝင်ရောက်ခဲ့၏။ ၁၉၂၃ခုနှစ်ဒီဇင်ဘာလတွင်ဟိုချီမင်းသည် လီနင်နှင့်တွေ့လိုသဖြင့် ရုရှနိုင်ငံသို့သွားရောက်ခဲ့သည်။ သို့သော် သူရုရှနိုင်ငံသို့ရောက်သောအခါ လီနင်မှာကွယ်လွန်သွားလေပြီ။ သို့နှင့်လီနင်ဂရက်နှင့် မော်စကိုမြို့များတွင် တစ်လှည့်စီနေထိုင်ရင်း ရုရှပြည်တွင်း နိုင်ငံရေးအခြေအနေများကို လေ့လာနေသည်။ ဆိုဗီယက်ခေါင်းဆောင်များ၏ အကူအညီဖြင့် မောစကိုမြို့ရှိ အလုပ်သမားတက္ကသိုလ်သို့လည်း တက်ရောက်ခွင့်ရခဲ့၏။ ပရာပဒါသတင်းစာနှင့်အခြား စာစောင်များတွင်လည်း နိုင်ငံရေး ဆောင်းပါးများရေးသားခဲ့ပေသည်။ ၁၉၂၄ ခုဇွန်လတွင် မောစကိုမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကွန်မျူနစ်အဖွဲ့ချုပ် ပထမအကြိမ်မြောက် ညီလာခံသို့ တက်ရောက်ကာ အစီရင်ခံစာနှစ်စောင်တင်သွင်းခဲ့၏။ ယင်းညီလာခံအပြီးတွင် ဟိုချီမင်းသည်ကမ္ဘာ့ကွန်မျူနစ်အဖွဲ့ချုပ်၌ အရှေ့တိုင်းဌာနတွင်အမြဲတမ်းကော်မတီအဖြစ် တာဝန်ပေးအပ်ခြင်းခံရလေသည်။ ၁၉၂၅ ခုနှစ်တွင် ဟိုချီမင်းသည်တရုတ်နိုင်ငံ ကန်တုန်မြို့သို့သွားရောက်ကာ မစ္စတာဗောင်အမည်ဖြင့် နိုင်ငံရေးသင်းတန်းမှူးအဖြစ် ဆောင်ရွက်နေလေသည်။ ထိုအချိန်တွင်ဗီယက်နမ်နိုင်ငံ၌ မျိုးချစ်လူငယ်အများအပြားကို ပြင်သစ်နယ်ချဲ့သမားများက နှိမ်နင်းနေသဖြင့် ဗီယက်နမ်လူငယ်များစွာတို့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေကြ၏။ ဟိုချီမင်းသည် ယင်းလူငယ်များကိုစုစည်းကာ တော်လှန်သော ဗီယက်နမ်ရဲဘော်လူငယ်များ အစည်းအရုံးကိုဖွဲ့စည်းလိုက်သည်။ ထိုနောက် အထူးနိုင်ငံရေးသင်တန်းကျောင်းကိုဖွင့်လှစ်ပြီးလျှင် သင်တန်းပို့ချရင်းတဘက်မှလည်း နိုင်ငံရေးစာပေများကို ရေးသားပြုစုနေခဲ့သည်။ ၁၉၂ရ ခုနှစ်အကုန်တွင် ချန်ကေရှိတ်တပ်သားများက လိုက်လံဖမ်းဆီးသဖြင့် ရှောင်တိမ်းပြေးလွှားနေခဲ့ရ၏။ ၁၉၂၈ ခုနှစ်တွင် မော်စကိုသို့ပြန်လည်ရောက်ရှိ ပြီးနောက် ထိုမှတစ်ဖန် ဗဲလဂျီယမ်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အီတလီစသည့်နိုင်ငံများသို့ လှည့်လည်သွားရောက်ကာ ကွန်မျူနစ်လှုပ်ရှားမှုများကို လေ့လာနေခဲ့၏။ ထိုနောက် ၁၉၂၈ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့သွားရောက် နေထိုင်ပြီးသော် မစ္စတာချင် အမည်ကိုခံယူကာထိုင်း နိုင်ငံအတွင်းရှိ ဗီယက်နမ်တိုင်းရင်းသားများကို စည်းရုံးလှုံ့ဆော်နေခဲ့၏။ ၁၉၃ဝပြည့်နှစ် ဖေဖော်ဝါရီလတွင်ဟောင်ကောင်သို့ တိတ်တဆိတ်သွားရောက်ကာ ဗီယက်နမ်ကွန်မျူနစ်ပါတီကို တည်ထောင်ခဲ့သည်။ ထိုနောက်တွင် တုန်ဗန်ဆိုဟူသည့် နာမည်သစ်ဖြင့် ဟောင်ကောင်တွင်ဆက်လက်နေထိုင်ကာ ဗီယက်နမ်နိုင်ငံရှိတိုက်ပွဲဝင်နေသူများကို ဟောင်ကောင်မှ ညွှန်ကြားနေလေသည်။၁၉၃ဝပြည့်နှစ် ဩဂုတ်လတွင် ရှန်ဟိုင်းသို့ သွားရောက်ကာ ဗီယက်နမ်ကွန်မျူနစ်ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီးလျှင် ဗီယက်နမ်ကွန်မျူနစ်ပါတီကို အင်ဒိုချိုင်းနားကွန်မျူနစ်ပါတီဟူ၍ အမည်ပြောင်းလဲလိုက်၏။ ထိုနောက်ဟောင်ကောင်သို့ ပြန်သွားခဲ့လေသည်။ ၁၉၃၁ခုနှစ်တွင်ဟိုချီမင်းကိုဟောင်ကောင်ပုလိပ်များက ဖမ်းမိသွားပြီးလျှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ချုပ်နှောင်ထားလိုက်သည်။ အချုပ်ကျနေစဉ် နေမကောင်းသဖြင့် ဆေးရုံတက်ရသေး၏။ ဆေးရုံ၌ဆေကုသနေစဉ် ဟိုချီမင်းသည် ရုတ်တရက်ပျောက်ဆုံးသွားလေသည်။ ထိုအခါဟိုချီမင်း သေဆုံးသွားပြီဟု အများကယူဆလိုက်ကြ၏။ အဖြစ်မှန်ကား ဟိုချီမင်းသည်ရှေ့နေတစ်ယောက်၏အကူအညီဖြင့် ဆေးရုံမှထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးလျှင် အမွိုင်ကျွန်းတွင် ခြောက်လခန့် နေထိုင်ကာဆေးဝါးကုသနေခဲ့၏။ ထိုမှတစ်ဖန် ၁၉၃၂ ခုနှစ်တွင် ဟိုချီမင်းသည်ရှန်ဟိုင်းမြို့သို့ တိတ်တဆိတ်ရောက်ရှိလာပြီးနောက် ဗီယက်နမ်မြေအောက် တော်လှန်ရေးသမားများနှင့် ပြန်လည်ဆက်သွယ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ရုရှနိုင်ငံသို့ သွားရောက်ပြီးသော် မော်စကိုမြို့တွင် ခေတ္တနေထိုင်ခဲ့၏။ ထိုစဉ်တွင် သတ္တမကြိမ်မြောက် နိုင်ငံတကာကွန်မျူနစ်ညီလာခံသို့လည်း တက်ရောက်ခဲ့သေးသည်။ ထိုမှတစ်ဖန် တရုတ်နိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့၍ ၁၉၄၁ ခုနှစ်တွင် ဗီယက်နမ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။ ဗီယက်နမ်မြေပေါ်သို့ ပြန်လည်ရောက်ရှိသောအခါ ဟိုချီမင်းဟူသည့် အမည်ကို အတိအလင်းခံယူလိုက်လေတော့သည်။ ထိုနောက် ဗီယက်မင်းအမည်ရှိဗီယက်နမ်လွတ်လပ်ရေးအဖွဲ့ကြီးကို တည်ထောင်ဖွဲ့စည်းခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဟိုချီမင်းသည် ဖက်ဆစ်တော်လှန်ရေးအတွက် လက်နက်ရှာ ဖွေစုဆောင်းရန် တရုတ်နိုင်ငံသို့ထွက်လာခဲ့သည်။ တရုတ်နိုင်ငံတွင်ရှိနေစဉ် ကူအိုမင်တန် ပုလိပ်များ၏ဖမ်းဆီးခြင်းကိုခံခဲ့ရ၏။ ထောင်တွင်း၌အကျဉ်းကျနေစဉ်အတွင်း အကျဉ်းထောင်မှတ်တမ်းအမည်ဖြင့် ကဗျာများရေးစပ်ခဲ့ပေသည်။၁၉၄၄ ခုနှစ်တွင် ထောင်မှလွတ်မြောက်လာပြီးသော် ဗီယက်နမ်သို့ပြန်လာခဲ့လေသည်။ ဗီယက်နမ်မြေပေါ်တွင် လက်နက်ကိုင် တော်လှန်ရေးဆက်လက်ဆင်နွဲပြီးနောက် ၁၉၄၅ ခုနှစ်စက်တင်ဘာလတွင်ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံကို တည်ထောင်ကာ လွတ်လပ်ရေး ကျေညာနိုင်ခဲ့၏။ ဟိုချီမင်းသည်ပထမဦးဆုံးသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရ၏။ များမကြာမီ ပြင်သစ်တို့ကဆိုင်ဂုံမြို့ကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်သဖြင့် ဟိုချီမင်းဦးဆောင်သော ဗီယက်နမ် စစ်တပ်ကပြန်လည်ခုခံရသည်။ ပြင်သစ်တို့နှင့်သဘောတူညီမှုရသဖြင့် မကြာခင်စစ်ပြီးသွားသော်လည်း ပြင်သစ်တို့ကစတင်ချိုးဖောက်ကာ ၁၉၄၆ ခုနှစ်ဒီဇင်ဘာလတွင် ဟနွိုင်းမြို့ကို ဝင်ရောက်တိုက်ခိုက်ပြန်သဖြင့် ထပ်မံစစ်ဖြစ်ပွားရသည်။ ၁၉၅၁ ခုနှစ်တွင် ဟိုချီမင်းသည် ကွန်မျူနစ်ပါတီညီလာခံကိုခေါ်ယူကျင်းပပြီးလျှင် ဗီယက်နမ်ကွန်မျူနစ်ပါတီကို ဗီယက်နမ်အလုပ်သမားပါတီဟု အမည်ပြောင်းလဲလိုက်၏။ ဟိုချီမင်းမှာ ဗဟိုကော်မီတီ၏ဥက္ကဋ္ဌ အဖြစ်အရွေးခံရသည်။ ၁၉၅၄ ခုနှစ်တွင် ပြင်သစ်တို့ တပ်စွဲထားသော ဒင်ဗင်ဖူးကို ဟိုချီမင်းဦးစီးသော ဗီယက်နမ်ပြည်သူ့တပ်မတော်က ထိုးစစ်ဆင်ရာ ပြင်သစ်တို့အရေးနိမ့်ခဲ့ရသည်။ အင်ဒိုချိုင်းနားဒေသဆိုင်ရာ ဂျီနီးဗားညီလာခံအပြီးတွင် ပြင်သစ်တို့လည်း ဗီယက်နမ်မြေမှ ထွက်ခွာခဲ့ကြရ၏။ ၁၉၆ဝ ပြည့်နှစ်တွင် ဗီယက်နမ်မြေပေါ်တွင် အမေရိကန်နယ်ချဲ့သမားတို့ဝင်ရောက်ကျူးကျော်သဖြင့် ဟိုချီမင်းဦးဆောင်သော ဗီယက်နမ်ပြည်သူများသည်အစွမ်းကုန် ခုခံကာကွယ်ခဲ့ကြရလေသည်။ သို့သော်ဗီယက်နမ်-အမေရိကန် စစ်ပွဲကား ယနေ့တိုင်မပြီးဆုံးသေးချေ။ သမ္မတဟိုချီမင်းကား အနေအထိုင်ရိုးသားသူဖြစ်၏။ သမ္မတဖြစ်ချိန်တွင် ကိုယ်ပိုင်ပစ္စည်းဟူ၍ ကာကီဝတ်စံတစ်စုံ၊ ရော်ဘာဖိနပ်တစ်ရံနှင့် နေစားထားသော ဦးထုပ်တစ်လုံးသာရှိလေသည်။ သူသည်ဗီယက်နမ်နိုင်ငံနှင့်ဗီယက်နမ်ပြည်သူတို့၏အကျိုးကိုသာ ဦးထိပ်ထားသူဖြစ်၏။ သူ၏ ကိုယ်ရေးကိုယ်တာများကိုလုံးဝမစဉ်းစား။ အိမ်ထောင်ပင် မပြုခဲ့ပေ။ ဟိုချီမင်းသည် ဗီယက်နမ်လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးအတွက် ပင်လယ်ရပ်ခြားတွင်နှစ်ပေါင်း ၃ဝ ခန့်လှည့်လည်နေထိုင်ခဲ့သည်။ အမည်အမျိုးမျိုးကိုလည်း ခံယူခဲ့သည်။ နောက်ဆုံးတွင်မှ အလင်းရောင်ပေးသူဟူ၍ အနက်ရသော ဟိုချီမင်းအမည်ကိုခံယူခဲ့ခြင်းဖြစ်၏။ ဟိုချီမင်းသည် ပင်ရင်းဗီယက်နမ်ဘာသာကိုသာမက အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှ၊ ဂျာမနီ၊ တရုတ်စသည့် နိုင်ငံခြားဘာသာများကိုလည်း ကျွမ်းကျင်စွာ ရေးနိုင်၊ ဖတ်နိုင်၏။ ဟိုချီမင်းကား နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်သာမက စာရေးဆရာ၊ သတင်းစာဆရာနှင့် ကဗျာဆရာတစ်ဦးလည်းဖြစ်ပေသည်။ ဗီယက်နမ်ပြည်သူများက သူ့အားချစ် ခင်ရင်းနှီးစွာဖြင့် ဦးလေးဟိုဟုခေါ်ကြ၏။ သမ္မတဟိုချီမင်းသည်အမေရိကန်၏ ကျူးကျော်စစ်ကို ခုခံတော်လှန်ရေး၊ ဗီယက်နမ်လုံးဝ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျက်ရှိစဉ် ၁၉၆၉ ခုနှစ်စက်တင်ဘာလ ၃ ရက်နေ့ ဟနွိုင်း စံတော်ချိန် နံနက် ၉ နာရီ ၄ရ မိနစ်တွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့ပေသည်။ ဟိုချီမင်း၏ဈာပန အခမ်းအနားကို နိုင်ငံတော်ဈာပနအဖြစ် စက်တင်ဘာလ ၃ ရက်မှ ၉ ရက်အထိပြင်ဆင်ထား ရှိစဉ် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ လာရောက်အလေးပြုကြသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဟိုချီမင်း၏ ဈာပနကိုအခမ်းအနားဖြင့်သင်္ဂြိုဟ်ခဲ့၏။ ဟိုချီမင်းသည် ၁၉၆၉ ခုနှစ် မေလ ၁ဝ ရက်က သေတမ်းစာတစ်စောင်ရေးသားထားခဲ့ရာ သေတမ်းစာတွင် ကျွနု်ပ်ကွယ်လွန်ပြီးနောက်ပြည်သူလူထုအတွက် အချိန်ကုန်၊ ငွေကုန်မဖြစ်ရလေအောင် ပကာသနဈာပနအခမ်းအနားအဖြစ် မလုပ်ရစ်ကြပါလေနှင့်ဖော်ပြပါရှိ၏။ သမ္မတကြီး ဟိုချီမင်း ကွယ်လွန်သွားပြီးဖြစ်သော်လည်း ဗီယက်နမ် ပြည်သူအပေါင်းတို့ကား သူတို့ချစ်သော ဦးလေးဟိုကို ဘယ်သောအခါမျှမေ့နိုင်ကြမည်မဟုတ်ပေ။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Duiker, William J. Ho Chi Minh: A Life. New York: Hyperion, 2000.
  2. Duncanson 1957, p. 85.
  3. Guan Ang၊ Cheng။ Vietnamese Communists' Relations with China and the Second Indochina Conflict, 1956-1962။ McFarland, 1997။ ISBN 0786404043, 9780786404049 |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  • ဟိုချီမင်း-လင်းယုန်မောင်မောင်