ယဟူဒီ(ဂျူး) မိခင်နှင့် ဖခင်တို့မှ ပေါက်ဖွားလာသော ဟိုင်း နရစ် ဟိုင်းနသည် ဂျာမနီနိုင်ငံ၊ ဒူဆဲလဒေါ့မြို့တွင် ၁၇၉၇ ခုနှစ် ဒီဇင်ဘာ လ ၁၃ ရက်နေ့၌ ဖွားမြင်သည်။ သူဖွားမြင်၍ ကြီးပြင်းလာခဲ့သော ဒူဆဲလဒေါ့မြို့သည် နပိုလီယန်နှင့် စစ်ဖြစ်နေချိန်တွင် ပြင်သစ်လူမျိုးတို့ အုပ်ချုပ်ခြင်းကို ခံနေရသဖြင့် စစ်နှင့် သက်ဆိုင်သော ခံစားရချက်များသည် ဟိုင်းန၏ စိတ်ကို လွန်စွာ လွှမ်းမိုးခဲ့လေသည်။

Heine (1831)

ဟိုင်းနသည် သူ၏ခေတ်တွင် အတော်ဆုံး ကဗျာဆရာကြီး နှင့် စာရေးဆရာကြီးတစ်ဦး ဖြစ်လေသည်။ သူ ပျက်ရယ်ပြုကာ သီကုံးထားသော ကဗျာလင်္ကာများတွင် ထိုစဉ်က ဂျာမန်လူမျိုးတို့၏ စိတ်မကျေမနပ် ဖြစ်နေကြပုံနှင့် အငြိမ်မနေ နေထိုင်ကြပုံကို ဖော်ပြထားလေသည်။

ဟိုင်းနကို တစ်သက်တာလုံး ပြုစုစောင့်ရှောက်လာသူမှာ ဦးလေးတော်သူ ဆယ်လိုမွန် ဟိုင်းန ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်ကြီး၌ သမီးနှစ်ယောက်ရှိရာ နှစ်ယောက်လုံးကို ဟိုင်းနက ချစ်ခင်လေသည်။ သို့သော် သူ၏ ဝမ်းကွဲ နှမနှစ်ယောက်လုံးက သူ့အားပြန်၍ မချစ်ခင်ကြချေ။ ထိုသို့ သူ့အားပြန်၍ မချစ်ခင်ကြခြင်းက သူ၏ ကဗျာလင်္ကာများအတွက် အတွေးအခေါ်များ ဖြစ်စေလေသည်။ ထိုအတွေးအခေါ်များဖြင့် လွန်စွာကောင်းမွန်သော ကဗျာလင်္ကာများကို သီကုံးပြီးလျှင် ၁၈၂၂ ခုနှစ်တွင် ထုတ်ဝေလိုက်သောအခါ လူအများက သူ့ကဗျာ လင်္ကာများတွင် အတော်ပင် စိတ်ဝင်စားကြလေသည်။ ၁၈၁၉ ခုနှစ်တွင် ဟိုင်းနအား သူ၏ ဦးလေးက ဘွန်းမြို့၊ ဘာလင်မြို့နှင့် ဂူတင်ဂင်မြို့များတွင် ဥပဒေဘာသာရပ်ကို သင်ကြားစေသည်။ ၁၈၂၅ ခုနှစ်တွင် ဟိုင်းနသည် ဥပဒေဘွဲ့ကို ရခဲ့သည်။ ဟိုင်းနသည် ဥပဒေထက် ကဗျာလင်္ကာ သီကုံးခြင်းတွင် ပို၍ စိတ်ဝင်စားခဲ့ လေသည်။

သူ့ခေတ်တွင် ယဟူဒီလူမျိုးနှင့် ဆန့်ကျင်သော ဥပဒေများရှိရာ ထိုဥပဒေများကို ကျော်လွန်နိုင်ပြီးလျှင် တရားခွင်သို့ တက်ရောက်နိုင်စေရန်အတွက် ဟိုင်းနလည်း ယဟူဒီ အယူဝါဒ ကို စွန့်လွှတ်လိုက်လေသည်။ သို့သော် သူ၏ တော်လှန်လိုစိတ်ရှိမှုနှင့် စပ်လျဉ်းသော ယုံကြည်ချက်များနှင့် ပုဂ္ဂိုလ်အရ နပိုလီယန်ကို ကြည်ညိုစိတ်ရှိခြင်းတို့ကြောင့် သူ့အား ဂျာမနီနိုင်ငံတွင် လူထုက မကျေနပ် ဖြစ်လာကြလေသည်။ ထိုကြောင့် ဟိုင်းနသည် ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့သို့ ပြောင်းရွှေ့ကာ နေထိုင်လေသည်။ ထိုမြို့တွင် လူအများက သူ့ကို နှစ်ခြိုက်ကြသဖြင့် ဟိုင်းနသည် ထိုမြို့တွင် သူကွယ်လွန်သည့်တိုင်အောင် နေထိုင် လေသည်။

သူ၏ အကောင်းဆုံး ကဗျာလင်္ကာများကို တေးသီချင်းခေါ် စာအုပ်တွင် တွေ့နိုင်လေသည်။ ရောဗတ် ရှူးမန်းနှင့် ဖဲလစ်မင် ဒဲလဇုန်တို့က နောင်တွင် သူ၏ တေးသီချင်း အမြောက်အမြားကို တီးမှုတ်နိုင်ရန် ဖန်တီးပေးခဲ့ကြ လေသည်။ သူ၏ အရေးအသား ကောင်းမွန်ခြင်းကို ဟာ့ခရီးစဉ်ခေါ် စာအုပ်တွင် တွေ့နိုင်လေသည်။ ထိုစာအုပ်ကို ဟာ့တောင်တန်းများသို့ သွား ရောက်ပြီးသောအခါတွင် ရေးသားခဲ့လေသည်။ ထို စာအုပ်တွင် သူ၏ ပျက်ရယ်ပြုချက်များ၊ သူ၏ ဘဝအဖြစ်အပျက်များ၊ အယူဝါဒရေးရာနှင့် နိုင်ငံရေးရာများကို ဆွေးနွေးဖော်ပြထားလေသည်။


ဟိုင်းန၏ နောက်ပိုင်း အခြေအနေသည် လေဖြတ်ခံရခြင်းကြောင့် မကောင်းမွန်ချေ။ သို့သော် ကဗျာ လင်္ကာသီကုံးခြင်းနှင့် စာရေးခြင်းကား မပျက်ချေ။ ထိုအချိန်တွင် တေးသီးချင်း အသစ်များ၊ ဂျာမနီခေါ် ပြက်ရယ်ပြုထားသည့် နိုင်ငံရေးနှင့်ဆိုင်သော ကဗျာလင်္ကာများနှင့် အထွေထွေကိစ္စများကို ရေးသားထားသော စာအုပ်သုံးအုပ်ကို ထုတ်ဝေနိုင်ခဲ့လေသည်။ ၁၈၅၆ ခုနှစ်တွင် ဟိုင်းန ကွယ်လွန်လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)