ဟိန်းနရစ်ချ် ဟက်ဇ်

(ဟိုင်းနရိရှ် ဟဲ့ရ်စ် မှ ပြန်ညွှန်းထားသည်)

နှစ်ဆယ်ရာစုနှစ် အတွင်းတွင် လူများသည် တစ်ဦးနှင့်တစ်ဦး မိုင်ပေါင်းများစွာ ဝေးကွာလျက်နှင့် ဝိုင်ယာလက်ဖြင့် ဆက်သွယ်စကားပြောနိုင်ခြင်းမှာ ၁၉ ရာစုနှစ်အတွင်းက သိပ္ပံပညာရှင်များ၏ အသစ်တွေ့ရှိခြင်းများကြောင့် ဖြစ်လေသည်။ ထိုသိပ္ပံပညာရှင်များတွင် ဟိုင်းနရစ်ရူးဒေါ့ဟက်ဇလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ဟိန်းနရစ်ချ် ရူးဒေါ့ဖ် ဟတ်ဇ်

ဟက်ဇသည် ဂျာမန် ရူပဗေဒပညာကျော်တစ်ဦးဖြစ်၍ သူသည် ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့၌ ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်ဖွားမြင်သည်။ သူသည် ကျောင်းမှထွက်သောအခါအင်ဂျင်နီယာအတတ်ကို လေ့လာဆည်းပူးသည်။ သို့သော် သူစိတ်ထက်သန်သော ပညာရပ်မှာ သိပ္ပံပညာရပ် ဖြစ်သဖြင့် အင်ဂျင်နီယာအတတ်ကို စွန့်လွှတ်လိုက်လေသည်။ ထိုနောက် ဟက်ဇသည် မျူးနစ် တက္ကသိုလ် ရူပဗေဒပါရဂူကြီး ဟင်းမတိုး၏ လက်အောက်၌ ရူပဗေဒပညာရပ်များကို သင်ကြားသည်။ ၁၈၈၃ ခုနှစ်တွင် ကီးအရပ်သို့ သွားရောက်ကာ မက္ကဆွဲ၏ လျှပ်စစ်အားနှင့် သံလိုက်အားတို့ ဆက်သွယ်ပုံကို လက်တွေ့စမ်းသပ် လေ့လာကြည့်သည်။ ထိုအခါ သူသည် လျှပ်စစ်သံလိုက်လှိုင်းများသည် အလင်းလှိုင်းများနှင့် သဘောချင်းအတူတူပင် ဖြစ်ကြောင်းကို လက်တွေ့ပြသနိုင်ခဲ့သည်။ ဟက်ဇသည် အဆိုပါ လျှပ်စစ်သံလိုက်လှိုင်းများ၏သဘောနှင့် ယင်းတို့တည်ရှိပုံကို သိပ္ပံလောကသို့ တင်ပြလိုက်သဖြင့် သူ၏နာမည်ကိုအစွဲပြု၍ ထိုလှိုင်းများကို ဟက်ဇီးယန်လှိုင်းများဟု မှည့်ခေါ်ခဲ့ကြလေသည်။

လျှပ်စစ်သံလိုက်လှိုင်းများကို အခြေပြု၍ ဝိုင်ယာလက် ကြေးနန်းဆက်သွယ်မှုများ ပေါ်ပေါက်လာလေသည်။ အီသာထဲ၌ အလင်းလှိုင်းများရှိနေသကဲ့သို့ လျှပ်စစ်သံလိုက်လှိုင်းများလည်း ရှိသေးကြောင်းကို လက်တွေ့ပြသလိုက်သောအချိန်၌ ဟက်ဇမှာ အသက် ၃ဝ မျှသာရှိသေး၏။ ဟက်ဇသည် လျှပ်စစ်သံလိုက်လှိုင်းများ၏ အရှည်နှင့်အမြန်ကို တိုင်းတာနိုင်ခဲ့ပြီးလျှင် ထိုလှိုင်းများသည် အလင်းလှိုင်းများကဲ့သို့ တစ်က္ကန့်တွင် မိုင်ပေါင်း ၁၈၆ဝဝဝ သွားနိုင်ကြောင်း ပြနိုင်လေသည်။ ထို့ပြင် ထိုလှိုင်းများသည် အလင်းလှိုင်းများနည်းတူ လှိုင်းပြန်ခြင်း၊ လှိုင်းယိုင်ခြင်းများ ရှိပုံတို့ကိုပါ ရှာဖွေတွေ့ရှိခဲ့လေသည်။ ၁၉ ရာစုနှစ်အတွင်း၌ ဟက်ဇတွေ့ရှိခဲ့သော ရူပဗေဒပညာသစ်အားဖြင့် မျက်မှောက်ခေတ်တွင် ကမ္ဘာအရပ်ရပ်မှ သတင်းစုံကို စက္ကန့်ပိုင်းလောက်ခြား၍ ရေဒီယို၊ ဝိုင်ယာလက်တို့ဖြင့်ကြား နိုင်ကြ၏။ သတင်းပို့နိုင်ကြ၏။

သိပ္ပံပညာရှင်ကြီးဟက်ဇသည် သက်ဆိုးမရှည်ဘဲ နာတာရှည်ရောဂါဖြင့် ၁၈၉၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အသက် ၃၇ နှစ်အရွယ်တွင် အနိစ္စရောက်သွားလေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)