ဟီရိုဟီတို
ဂျပန်ဧကရာဇ် ဟီရိုဟီတိုသည် ၁၉ဝ၁ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် တိုကျိုမြို့၌ဖွားမြင်လေသည်။ သူ၏ခမည်းတော်မှာ နေမင်းအနွယ်မှ ၁၂၃ ဆက်မြောက် ဆင်း သက်လာသည် ဆိုသော ဂျပန်ဧကရာဇ် ယောရှိဟီတိုဖြစ်၏။ ဟီရိုဟီတိုမှာ သူ၏အမည်ရင်းဖြစ်၍ တိုင်းသူပြည်သားများက တင်နိုဟေကာ (ကောင်းကင်သား)ဟုခေါ်ဝေါ်ကြလေသည်။ ဟီရိုဟီတိုသည် တိုကျိုမြို့ရှိ မှူးမျိုးမတ်နွယ်တို့၏သားများအတွက် ဖွင့်လှစ်ထားသော ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ခမည်းတော် နာမကျန်းဖြစ်၍ နန်းစောင့်ခန့်အပ်ခြင်း ခံရလေသည်။ ဂျပန်ဧကရာဇ်နှင့်တကွ အိမ်ရှေ့မင်းသားများသည် မည်သည့်အခါကမျှ ပင်လယ်ရပ်ခြားတိုင်းတစ်ပါးသို့ သွားရောက်လည်ပတ်သည်မရှိခဲ့။ ကြင်ယာကြင်ဖက် ရွေးချယ်ရာတွင်လည်း ဖူဂျီဝါရာဆွေမျိုးဆက်များမှသာလျှင် ရွေးချယ်ခဲ့ကြသည်။ ဟီရိုဟီတိုသည် ထိုရှေးအစဉ်အလာတို့ကို ရှေးဦးစွာဖောက်ဖျက်ပြီးလျှင် ၁၉၂၁ ခုနှစ်၌ ဂျပန်ကျွန်းမှခွာ၍ ဥရောပ၊ အာဖရိကနှင့်အာရှတိုက် စသည်ဖြင့်ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားသို့ လှည့်လည်ခဲ့လေသည်။ ထိုနောက် ၁၉၂၄-ခုနှစ်ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရှေးထုံးကိုပယ်၍ ဆတ်ဆုမာဆွေမျိုးဆက်မှ နဂါကိုကူနီ မင်းသမီးနှင့်လက်ဆက်ခဲ့ရာ သားတော်နှစ်ပါး၊ သမီးတော်ငါးပါး ထွန်းကားခဲ့သည်။ သားတော်အကြီး အိမ်ရှေ့မင်းသား အကိဟိတိုသည် ၁၉၃၃ ခုတွင်ဖွားမြင်လေသည်။ ၁၉၂၆ ခုနှစ်ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ခမည်းတော် (တိုက်ရှိုတင်နိုဘွဲ့ခံ) ယောရှိဟီတိုနတ် ရွာစံသောအခါ ဟီရိုဟီတိုသည် ဧကရာဇ်ဖြစ်လာလေသည်။ ဂျပန်ဧကရာဇ်တို့သည် တိုင်းသူပြည် သားတို့၏ ဘုရားတစ်ဆူကဲ့သို့ အကြွင်းမဲ့ကိုးကွယ်ခြင်းကို ခံယူရသောကြောင့် အနှောင့်အယှက်တစ်စုံတရာမရှိပဲ ကြီးကျယ်လှစွာသော နန်းဆောင်တို့တွင် စံစားခဲ့ရပေသည်။
ဟီရိုဟီတိုခေတ်ကို ရှိုဝါခေတ် (တရားမျှတမှုအားဖြင့် ငြိမ်းချမ်းရေးခေတ်) ဟုခေါ်စမှတ်ပြုကြသော်လည်း၊ ထိုခေတ်တွင် ပြည်တွင်းဆူပူမှုများနှင့် ဂျပန်၏နယ်ချဲ့စစ်ပွဲများစွာကို တွေ့ကြရပေသည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်
ဧကရာဇ်ဟီရိုဟီတိုသည် အင်္ဂလိပ်နှင့်အမေရိကန် တို့အား
စစ်ေကြညာခဲ့လေသည်။ ဒုတိယကမ္ဘာစစ်၏ပထမပိုင်းတွင်
ဂျပန်သည် အာရှအရှေ့တောင်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာ
တစ်ဝိုက်တွင် ဆက်ကာဆက်ကာအောင်ပွဲများရခဲ့၏။
ထိုအတောအတွင်း၌ ဧကရာဇ်ဟီရိုဟီတိုသည်
ဇာတ်မြှုပ်နေခဲ့သော်လည်း စစ်ကြီးပြီးဆုံးခါနီး၌မူ ဂျပန်တို့၏
စစ်အခြေအနေသည် တစ်စထက်တစ်စ ဆိုးဝါးလာသည်
ဖြစ်ကြောင်း တိုင်းပြည်သို့ ေကြညာချက်တစ်ရပ်ထုတ်ပြန်ခဲ့
လေသည်။
ထိုသို့ေကြညာပြီးသည့်နောက်တွင် မဟာမိတ်တို့ဖက်မှ
ခေါင်းဆောင်ကြီးများသည် ပို့စဒမ်မြို့၌စည်းဝေးကာ
ဖက်ဆစ်တို့အား အပြီးသတ်နှိမ်နင်းသည်အထိ တိုက်ခိုက်
ကြမည်ဖြစ်ကြောင်း အခိုင်အမာဆုံးဖြတ်၍ ေကြညာခဲ့
သည်။
ထိုနောက်ဂျပန်နိုင်ငံရှိ ဟီရိုရှီးမားနှင့် နဂါဆာကီးမြို့များကို
အနုမြူဗုံးများကြဲချခြင်း ခံရပြီးလျှင် ရုရှားနိုင်ငံက
ဂျပန်ကို စစ်ေကြညာပြန်လေသည်။
၁၉၄၅ ခုနှစ်မေလ ၂၅ ရက်နေ့တွင် အမေရိကန်လေတပ်က တိုက်ခိုက်၍ တိုကျိုမြို့ရှိ ဟီရိုဟီတို၏ နန်းတော်ကြီးမီးစွဲလောင်ကာ ပျက်စီးသွာလေရာ ဧကရာဇ်နှင့်တကွ မိဖုရားသားတော် သမီးတော်တို့လည်း ဘုရင့်ဆွေတော်မျိုးတော်များနေထိုင်ရာ နန်းငယ်တစ်ဆောင်သို့ ရွှေ့ပြောင်းနေထိုင်ကြရလေသည်။ ထိုသို့အနုမြူဗုံးအကြဲခံရ၍ ရုရှကစစ်ေကြညာပြီးသည့်နောက်တွင် ဂျပန်တို့သည် ဧကရာဇ်ဟီရိုဟီတိုအား မူလအခြေအနေကို လက်ရှိထားခွင့်ပြုမည်ဆိုလျှင် လက်နက်ချ၍ စစ်ကိုရပ်စဲ လိုကြောင်းနှင့် မဟာမိတ်တို့ထံ အရေးဆိုကြရလေတော့သည်။ ဂျပန်တို့သည် သူတို့၏ဧကရာဇ်အား သူတို့၏အသက်နှင့် စည်းစိမ်ကိုအကြွင်းမဲ့ပိုင်းဆိုင်သူဖြစ်သည်ဟုယုံကြည်ကြသဖြင့် ဤအခွင့်အရေးကို မျှမရလျှင် စစ်ရပ်စဲရေးသည် နှောင့်နှေးဖွယ်ရာဖြစ်ပေလိမ့်မည်။ ထိုကြောင့် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် အမေရိကန်သမတထရူးမင်းက ဂျပန်တို့လက်နက်ချအပ်လျှင် ဂျပန်ဧကရာဇ် ဟီရိုဟီတိုသည် အခိုက်အတန့်အားဖြင့် သူ၏မူလအဆင့်အတန်းအတိုင်းပင် ရှိစေမည်ဖြစ်ကြောင်း၊ သို့သော် ဂျပန်နိုင်ငံစစ်မျက်နှာရှိ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်၏ အုပ်ချုပ်မှုလက်အောက်တွင် ရှိရမည်ဖြစ်ကြောင်း ပြန်ကြား လိုက်လေသည်။ ထိုပြန်ကြားချက်ကိုရရှိပြီးနောက် လေးရက် အကြာတွင် ဂျပန်ဧကရာဇ်ဟီရိုဟီတိုက မဟာမိတ်တို့ ပြန်ကြားချက်တွင် ပါရှိသောအချက်အလက်များကို မိမိ သဘောတူလက်ခံကြောင်း အသံလွှင့်ေကြညာကာ ဂျပန်စစ်တပ်များကို တိုက်ခိုက်မှုရပ်စဲရန် အမိန့်ထုတ်ခဲ့သည်။ ဤသို့လျှင် စစ်ကြီးပြီးဆုံးသွားသောအခါ ဧကရာဇ်ဟီရိုဟီတိုအား အခြေမပျက်ပင်နေထိုင်ခွင့် ပြုထားခဲ့သော်လည်း သူ၏တန်ခိုးအာဏာများကား မရှိတော့ချေ။ သူကိုယ်တိုင်ကလည်း ဂျပန်ဧကရာဇ်တို့သည် နေမင်း၏အနွယ်များဖြစ်၍ အခြားလူများကိုအုပ်စိုးကာ ဆင်းသက်လာသည်ဆိုခြင်းမှာ မှားယွင်းသော အယူအဆမျှသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံနှင့်တကွ ကမ္ဘာသို့ေကြညာခဲ့လေသည်။ စစ်ရေးကိစ္စတွင် နန်းရင်းဝန် တိုဂျိုသည်သူ (ဂျပန်ဘုရင်)၏ စစ်အမိန့်အာဏာများကို အလွဲသုံးစားပြုသဖြင့် ဤမျှအခြေအနေဆိုးဝါးခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ လေသည်။ ဤအချက်နှင့်စပ်လျဉ်း၍ ဟီရိုဟီတိုသည် နေမင်း၏အနွယ်ဖြစ်၍ နိုင်ငံရေးနှင့်မစပ်ယှက်သောကြောင့် ဂျပန်တို့ ကျူးကျော်တိုက်ခိုက်မှုများအတွက် မည်သို့မျှ တာဝန်မရှိဟုဆိုလေသည်။ ထို့ပြင် ဟီရိုဟီတိုမှာစစ် မလိုလားသော်လည်း စစ်ဖက်အာဏာပိုင်တစ်စု၏ ဤလိုကို မတွန်းလှန်နိုင်ဘဲ ရှိခဲ့ရသည်ဟုလည်းဆို၏။ သို့သော် အချို့က မန်ချူးရီးယားကို တိုက်ခိုက်သည်မှအစ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်သည်အထိဂျပန်တို့၏ ကျူးကျော်တိုက်ခိုက်မှုများကို ဟီရိုဟီတိုသည် သဘောတူညီခဲ့သည်ဟု ဆိုလေသည်။ ၁၉၄၆ ခုနှစ်မှစ၍ ဂျပန်ဧကရာဇ်ဟီရိုဟီတိုသည် သာမန်တိုင်းသူပြည်သား တစ်ယောက်အဖြစ်သို့ ရောက်ရှိခဲ့ပြီးလျှင် သူစိုးမိုးခဲ့သောတိုင်းပြည်ကို လှည့်လည် ကြည့်ရှုခဲ့လေသည်။ ၁၉၄၈ ခုနှစ်၌ နန်းရင်းဝန် တိုဂျိုအမှူးရှိသော ဂျပန်စစ်တရားခံများကို ပြစ်မှုထင်ရှား၍ သေဒဏ်စီရင်လိုက်သောအချိန်တွင် ဂျပန်ပြည်သူပြည်သား များက အစဉ်အလာယုံကြည်ချက်များအရ ဂျပန်ဧကရာဇ်သည် သူ၏လူများပြုသမျှအပြစ်များအတွက် တာဝန်ခံရမည် ဖြစ်သောကြောင့် ထီးနန်းစွန့်လွှတ်ရလိမ့်မည် ဟုထင်ကြသည်။ သို့ရာတွင်ဟီရိုဟီတိုကမူ ဂျပန်နိုင်ငံအုပ်ချုပ်ရေးသစ်များနှင့် စပ်လျဉ်း၍ ပြုပြင်ရန်လိုအပ်သောအချက်များစွာကို ဖြစ်မြောက်အောင်ဆောင်ရွက်ရာမှာ မိမိထီးနန်းလက်ရှိထားမှသာ ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။
ဂျပန်စစ်တရားခံများကို ကြားနာစစ်ဆေးရာတွင် ပါဝင်ခဲ့သူ ဩစတြေးလီးယားနိုင်ငံမှ ဆာဝီလျံဝက်က ဟီရိုဟီတိုအား စစ်တရားခံအဖြစ် ခုံတင်စစ်ဆေးသင့်သည်ဟု ယူဆခဲ့သည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုနိုင်ငံက တွဲဖက်စစ်ဦးစီးချုပ်က ဂျပန်ရှိစစ်သေနာပတိချုပ်မက်အာသာသို့ ဟီရိုဟီတိုအား ၁၉၄၅ ခုနှစ်က ဆိုဗီယက်ရုရှအပါအဝင် မဟာမိတ်တို့ သဘောတူဆုံးဖြတ်ခဲ့ပြီးဖြစ်သည့်အတိုင်း တစ်စုံတစ်ရာအရေးမယူဘဲထားရန် ပြောကြားခဲ့သည်ဟု ၁၉၄၉ ခုနှစ်တွင်သိရှိခဲ့ရလေသည်။ ဟီရိုဟီတိုသည် ရေအောက်လောကတွင် များစွာစိတ်ဝင်စားသူဖြစ်၍ ရေနက်ပိုင်းရှိ ရေမြင်း(ငါး)များအကြောင်း စာအုပ်တစ်အုပ်ကို ပြုစုခဲ့ရှိသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)