ဟော့ပင်၏အသီးများကိုဗြစ်ရည်ချက်ရာတွင် အသုံးပြုကြသည်။ ထိုအခါတွင်ဗြစ်ရည်သည် အနံ့အရသာနှင့်ပြည့်စုံလာလေသည်။ သော့ပင်သည်နွယ်ပင်ဖြစ်၍ ဘယ်မှညာသို့လိမ်၍သွားလေသည်။ ထို့ပြင်ဟော့ပင်သည်နှစ်တိုင်း ပွင့်လေသည်။ ထိုအပင်ကိုနှစ်ကြာခံပင်ဟုသတ်မှတ်ကြသည်။ ဟော့ပင်များကိုစိုက်ပျိုးသောအခါရှေးဦးစွာအသားများ သည့်အမြစ်များကို ရွေးချယ်ရသည်။ ထိုနောက် ခြောက်လက်မမှ ရှစ်လက်မအထိအရှည်ဖြတ်၍ စိုက်ပျိုးလေ့ရှိကြသည်။ ဟော့ပင်များမှကတော့ပုံကဲ့သို့သောအပွင့်များ အခိုင်လိုက် ပွင့်လာပြီနောက် အစိမ်းရောင်မှအဝါရောင် သန်းလာသောအခါတွင် ဟော့ပင်စိုက်ပျိုးသူများသည် ဟော့သီးခူးသူများကိုဟော့ပင်များ စိုက်ပျိုထားရာ ခြံသို့ ပို့ပေးကြရလေသည်။ အဘယ်ကြောင့်ဆိုသော် ဟော့သီးများကိုအချိန်တော်ခူးယူနိုင်မှ ယင်းတို့တွင်ပါရှိသော လူပူလင်ခေါ် ဆေးဖက်ဝင်သည့်အစေးကိုကောင်းစွာရရှိ၍ ဗြစ်ချက်ရာ၌လည်းအရေးပါခြင်းကြောင့်ဖြစ်သည်။ ရှေးအခါကအိပ်မပျော်သူများကိုဟော့သီးများ သွတ်ထားသည့်ခေါင်းအုံးနှင့်အိပ်စေခြင်းဖြင့်အိပ်ပျော်စေနိုင် ခဲ့လေသည်။ ဟော့သီးများတွင် အခါးဓာတ်ပါရှိသဖြင့် ထိုအသီးကိုအစာကြေရင်ချောင်ဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိကြလေသည်။ ဟော့ပင်သည် နှစ်တိုင်း ၁၅ ပေမှ ပေ ၂ဝအထိရှည်၍ လိမ်နေသောပင်စည်အမြောက်အမြား ကိုဖြစ်ပေါ်စေသည်။ ဟော့ပင်၌ ရွက်ခြားလက်ညောင်ရွက်ပုံ အရွက်များရှိသည်။ အပင်တိုင်းသည်အဖိုသော်လည်းကောင်း၊အမသော်လည်းကောင်း ဖြစ်နိုင်သည်။ အဖိုနှင့်အမတို့၏ အပွင့်များသည် တစ်မျိုးနှင့်တစ်မျိုးမတူကြချေ။ အဖိုပွင့်များသည် သေးငယ်ပြီးလျှင် အကိုင်းများတွင်အခိုင်လိုက်ပွင့်ကြလေသည်။ အမပင်မှ အပွင့်များကမူ ပွင့်ညှာမဲ့ ရေစီမို့များအဖြစ် ပွင့်ကြပြီးလျှင် ယင်းတို့အား အကြေးခွံများနှင့်ဖုံးအုပ်လျက် ရှိကြသဖြင့် ကြောင်မြီးများကဲ့သို့ ဖြစ်နေကြလေသည်။ ဟော့နွယ်သည် အပေါ်ဘက်သို့ တက်လေ့ရှိသည်။ မပြုမပြင်ဘဲထားလျှင် ခြံစည်းရိုးအဖြစ် စိုက်ထားလေ့ရှိသော အပင်များကိုနွယ်၍တက်လေ့ ရှိကြသည်။ စီးပွားရေးအဖြစ် စိုက်ပျိုးသောအခင်း၌ ဟော့ပင်များနွယ်၍တက်နိုင်ရန်အချို့နေရာ များတွင် ဆယ့်လေးပေမှ ဆယ့်ရှစ်ပေအထိမြင့်သော တိုင်များစိုက်ထူထားလေ့ရှိကြသည်။ ဟော့သီးများကို ဩဂုတ်လနောက်ပိုင်းနှင့် စက်တင်ဘာလ အလယ်လောက်တွင် ဆွတ်ခူးလေ့ရှိကြသည်။ ဟော့သီးများမှည့်လျှင်မှည့်ချင်း ခူးကြရခြင်းမှာ မှည့်ပြီးနောက် မခူးဘဲထားလျှင်လျင်မြန် စွာပုပ်သွားတတ်ခြင်းကြောင့်ဖြစ်သည်။ ဥရောပတိုက်ရှိစီးပွားရေးအတွက်ဟော့ပင်များကို စိုက်ပျိုးလေ့ရှိကြသောနိုင်ငံများတွင် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံများပါဝင်ပြီးလျှင်အမေရိကန်ပြည်ထောင်စုအတွင်း၌မူ ကာလီဖိုးနီးယား၊ အိုရီဂွန်၊ ဝါရှင်တန်နှင့် နယူးယော့ပြည်နယ်များပါဝင်လေသည်။ ဂျပန်နိုင်ငံတွင်မူ ဟော့ပင် ကိုအလှအပအတွက်စိုက်ပျိုးကြလေသည်။ ဟော့ပင်သည် နက်တဲမျိုးရင်းတွင်ပါဝင်ပြီးလျှင် ရုက္ခဗေဒအလိုအရ ဟူမူလပ် လူပူလပ်ဟု ခေါ်လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)