ဝေါ်ရန်းဟေးစတင်းသည် အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံး ဘုရင်ခံချုပ်အဖြစ်အုပ်ချုပ်ခဲ့သော ဗြိတိသျှနိုင်ငံပြု သုခမိန်ဖြစ်သည်။ ရောဗတ်ကလိုက်သည် အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့လွှမ်းမိုးနိုင်ရန် စတင်အခြေစိုက်ပေးခဲ့သူဖြစ်၍ ဝေါ်ရန်း ဟေးစတင်းသည် ဗြိတိသျှတို့၏ အာဏာစက် တည်တံ့ခိုင်မြဲရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ( ကလိုက်အာ။) ဟေးစတင်းသည် ၁၇၃၂ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့ တွင် အောက်စဖို့ရှိုင်ယာနယ်ချာချီမြို့၌ ဖွားမြင်၍ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကွယ်လွန်ခဲ့သဖြင့် ဦးလေးတစ်ယောက်၏လက်တွင်ကြီး ပြင်းလာခဲ့ရသည်။ အသက် ၁၈ နှစ်အရွယ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ၌ စာရေးအလုပ်ကိုရသဖြင့် အိန္ဒိယနိုင်ငံဗင်္ဂလားပြည်နယ်သို့ ရောက်ရှိသည်။ ၁၇၅၆ ခုနှစ်တွင် ဗင်္ဂလားပြည်နယ်စော်ဘွား စူရားဂျွတ်ဒေါင်လာသည် ကာလကတ္တားမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရောဗတ်ကလိုက်ဦးစီး သည့်စစ်တပ်သည် စော်ဘွားကိုနှိမ်နင်းရန် ချီတက်လာလေသည်။ ထိုအခါ ဟေးစတင်းလည်း ကလိုက်၏တပ်ဖွဲ့တွင် ဝင်ရောက် အမှုထမ်းသည်။ ကလိုက်သည် ဟေးစတင်း၏ စွမ်းရည်သတ္တိကို မြင်သဖြင့် မူရှိဒဗတ်မြို့တွင် အရှေ့အိန္ဒိယကိုယ်စားလှယ် အဖြစ် ခန့်သည်။ ထိုရာထူးတွင်သုံးနှစ်မျှ အမှုထမ်းပြီးနောက် ၁ရ၆၁ ခုနှစ်၌ ဘင်္ဂလားပြည်နယ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းခံရလေသည်။ ကာလကတ္တားမြို့သို့ ပြောင်းရွှေ့ နေထိုင်သည်။ ၁၇၆၄ ခုနှစ်တွင် အခြားသောကောင်စီအဖွဲ့ဝင် တို့နှင့် သဘောချင်းမတိုက်ဆိုင်သဖြင့်ရာထူးမှ နုတ်ထွက်ပြီးလျှင် အင်္ဂလန်နိုင်ငံသို့ပြန်သွားခဲ့လေသည်။ တစ်ဖန် ၁၇၆၈ ခုနှစ်တွင် ဟေးစတင်းသည် မဒရပ်ပြည်နယ်ကောင်စီအဖွဲ့ဝင်အဖြစ် အမှုထမ်းရန် အိန္ဒိယနိုင်ငံသို့ပြန်ရောက်လာသည်။ ထိုအချိန်တွင် ရောဗတ်ကလိုက်သည် ဗင်္ဂလားပြည်နယ် ဘုရင်ခံရာထူးမှ အနားယူ၍ အင်္ဂလန်နိုင်ငံသို့ ပြန်ရောက်သွားသူဖြစ်သည်။ အိ်န္ဒိယနိုင်ငံတွင်လည်း အလွန်ဆိုးရွားသော အစာငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့်တွေ့ကြုံခဲ့ရသည်။ ထိုနောက် ၁၇၇၂ ခု နှစ်တွင်ဟေးစတင်းသည် ဗင်္ဂလားပြည်နယ်ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံရ၍ ၁၇၇၃ ခုနှစ် စီမံအုပ်ချုပ်ရေး အက်ဥပဒေအရ ၁၇၇၄ ခုနှစ်မှစ၍ ဘုရင်ခံချုပ်ရာထူးမှ စတင်အမှုထမ်းရသည်။ ဘုရင်ခံ ချုပ်ရာထူးသည် စင်စစ်အားဖြင့် ဗင်္ဂလားပြည်နယ် ဘုရင်ခံရာထူးကို နာမည်ပြောင်းခေါ်ခြင်းဖြစ်၍ ဘုရင်ခံချုပ်သည် အခြားအင်္ဂလိပ်ပိုင် ဘုံဘိုင်ပြည်နယ်နှင့် မဒရပ်ပြည်နယ် အုပ်ချုပ်ရေးတွင်အနည်း အကျဉ်းလောက်သာစွက်ဖက်နိုင်သည်။ အစဦးတွင် အရှေ့အိန္ဒိယကုမ္ပဏီသည် ကုန်သွယ်ရေး အဖွဲ့အစည်းသက်သက်မျှသာ ဖြစ်သော်လည်း ဟေးစတင်းလက်ထက်သို့ရောက်သောအခါ အခွန်ကောက်ခြင်း၊ ကိုယ်ပိုင်စစ်တပ်ထားရှိခြင်း စသည်ဖြင့် နယ်ပယ်အုပ်ချုပ်မှု ကိုလည်း တာဝန်ယူဆောင်ရွက်လေသည်။ ထိုသို့အားဖြင့် တိုင်းရင်းသားစော်ဘွားတို့သည် တန်ခိုးအာဏာချည့်နဲ့ လာလေသည်။ အကယ်၍ စော်ဘွားတစ်ဦးကစစ်တပ် အကူအညီလိုလျှင် အခကြေးငွေယူ၍ ထိုစော်ဘွားဘက်မှ ကူညီတိုက်ခိုက်ပေးသည်။ ကုမ္ပဏီပိုင်နယ်ကို ထိပါးကျူးကျော် လာလျှင်လည်း စစ်တပ်ဖြင့်တိုက်ခိုက်နှိမ်နင်းရလေသည်။ ထိုကြောင့်အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့၏အာဏာစက်သည် ကျယ်ပြန့်လာလေသည်။ ဗင်္ဂလားပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင် ငါးဦးရှိသည့်အနက် ဆာဖိလစ်ဖရန်းစစ် ခေါင်းဆောင်သော အဖွဲ့ဝင်သုံးဦးတို့သည် ဘုရင်ခံချုပ်နှင့်အစဉ်သဖြင့် အတိုက်အခံ ပြုခဲ့ကြသည်။ သို့ရာတွင်ဟေးစတင်းသည် ဗင်္ဂလားပြည်နယ် အုပ်ချုပ်ရေးဘက်၌လည်းကောင်း၊ အရှေ့အိန္ဒိယကုမ္ပဏီ၏အကျိုး ကိုဆောင်ရွက်ရာ၌လည်းကောင်း ဉာာဏ်အမြော်အမြင်ကျယ်စွာ အမှုထမ်းခဲ့သူဖြစ်ပေသည်။ ထိုအချိန်တွင်ပြင်သစ်တို့သည်အိန္ဒိယနိုင်ငံတောင်ပိုင်း၌ တိုင်းရင်းသားစော်ဘွားတို့နှင့်ပူးပေါင်း၍ ဗြိတိသျှတို့၏ အာဏာကို ဖီဆန်တိုက်ဖျက်လျက်ရှိကြသည်။ အထူးသဖြင့် မဒရပ်ပြည်နယ်ဘက်တွင် စော်ဘွားဟိုင်ဒါအလီ ခေါင်းဆောင်သော စစ်တပ်သည်အင်္ဂလိပ်စစ်တပ်များကို ပြင်းထန်စွာ တိုက်ခိုက်လျက်ရှိသည်။ သို့ဖြစ်၍ ဟေးစတင်းသည် ရန်သူတပ်ကိုတိုက်ခိုက်နှိမ်နင်းရန် စစ်စရိတ် မလုံလောက်သဖြင့် တိုင်းရင်းသားစော်ဘွားများဖြစ်ကြသော ဗာရာဏသီစော်ဘွားနျင့် ဥဒနယ်စော် ဘွားနှစ်ဦးတို့ထံမှ ကာကွယ်ပေးခငွေကို အတင်းအကြပ်တောင်းယူသည်။ ထိုငွေဖြင့်ဟိုင်ဒါအလီ တို့ကို အောင်မြင်စွာတိုက်ခိုက် နှိမ်နင်းနိုင်ခဲ့သည်။ ၁ရ၁၅ ခုနှစ်တွင် ဟေးစတင်းသည် ဘုရင်ခံချုပ်ရာထူးမှ နုတ်ထွက်ပြီးလျှင် အင်္ဂလန်နိုင်ငံ သို့ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဟေးစတင်း လုပ်ကိုင်ဆောင်ရွက်ခဲ့ပုံနှင့်စပ်လျဉ်း၍ မကျေနပ်သူ များရှိကြရာ ပါလီမန်၌စွဲချက်တင်၍ သူ့အားစစ်ဆေးရန်စီစဉ်ကြလေသည်။ ထို့ကြောင့်အက်ဒမန်ဗတ်၊ ချားဖောက်နှင့် ရစ်ချတ်ရှယ်ရီဒန်တို့က ခေါင်းဆောင်၍ ဟေးစတင်းအား စုံစမ်းစစ်ဆေးရန် ပါလီမန်သို့တောင်းဆိုကြသည်။ ( ဗတ်အက်ဒမန်။) ပါလီမန်တွင်ဟေးစတင်းအပေါ် စွပ်စွဲပြစ်တင်ပြောဆိုချက်များနှင့် စပ်လျဉ်း၍စုံစမ်းစစ်ဆေးခဲ့ရာ အမှုမှာ ခုနစ်နှစ်ကြာမှပြီးဆုံး၍ ဟေးစတင်းအားအပြစ်မရှိဟု အဆုံးအဖြတ်ချမှတ်ခဲ့လေသည်။ သို့ရာတွင် ဟေးစတင်းသည် မိမိအပေါ်စွပ်စွဲချက်များကို ထိုမျှကြာအောင် ထုချေကာကွယ်ရသည့်အတွက် စည်းစိမ်ဥစ္စာပြုန်းတီးကုန် လေသည်။ ထိုကြောင့် ၁၇၉၆ ခုနှစ်မှစ၍ အရှေ့အိန္ဒိယကုမ္ပဏီက သူ့အား နှစ်စဉ်ထောက်ပံ့ကြေးပေး၍ ကူညီခဲ့သည်။ ဝေါ်ရန်းဟေးစတင်းသည် ၁၈၁၈ ခုနှစ်ဩဂုတ်လ ၂၂ ရက်နေ့တွင်ကွယ်လွန်လေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)