ဟွန်းတယော
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
မြန်မာနိုင်ငံသို့ ဟွန်းတယောများ ရောက်မလာခင် ဗိုင်အိုလင် တယောပြားများက ရှေးဦးစွာရောက်ရှိလာခဲ့သည်ဟု မှန်းဆနိုင်သည်။ တိုင်းတပါးသားများနှင့် အတွေ့အထိ ဆက်ဆံရေး အထူးများပြားလာသည့်ကုန်းဘောင်ခေတ် ဒုတိယပိုင်းအချိန်ရောက်သည့်အခါ ကမ္ဘာသုံး ဗိုင်အိုလင် တယောကို မြန်မာများနှင့် မိတ်ဆက်ထားပြီး ဖြစ်ပေလိမ့်မည်။
မြန်မာ စာပေကျမ်းဂန်များတွင် ‘တယော’ ဆိုသော ဝေါဟာရကို တွေ့ရပုံမှာ ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်၊ မုံရွေးဆရာတော် (မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) ရေးခဲ့တဲ့ နာရဒပျို့ တွင် ဖြစ်သည်။ မုံရွေးဆရာတော်သည် မြဝတီမင်းကြီး ဦးစ နှင့် ခေတ်ပြိုင်စာဆိုလည်း ဖြစ်သည်။ စောင်း၊ ညင်း၊ မိကျောင်း၊ အောင်းကလေး၊ ပတ္တလား၊ တယော အငြိမ့် တူရိယာ ၆ မျိုးထဲတွင် တယောတူရိယာကို တူရိယာအမျိုးအစားတစ်ခုအဖြစ် မုံရွေးဆရာတော်က သူ၏ စာတော်နာရဒပျို့တွင် ထည့်သွင်း ရေးစပ်တော််််မူခဲ့သည်။
ယနေ့ခေတ် မွန်ရိုးရာ တီးဝိုင်းများတွင် ‘လခြမ်း ကြေးနောင်’၊ ‘မိကျောင်း’ တူရိယာများနှင့်တူ ‘ထောင်တယော’ (Graw) ဆိုသည့်ကြိုး ၃ ချောင်းတပ် တယောကို သုံးစွဲလျက်ရှိနေသေးကြောင်းတွေ့ရသည်။ မွန် ထောင်တယော သည် မြန်မာတယောနှင့် စံချင်းတူညီသည်။
ယနေ့ခေတ် မြန်မာတီးဝိုင်းများတွင် မတွေ့ရတော့သည့်အတွက် မြန်မာတယောမှ ကြိုး ၃ ချောင်း အသံညှိပုံစနစ်ကို တပ်အပ် မပြောနိုင်ပသော််လည်း မွန်ရိုးရာ ထောင်တယော နှင့် တူညီနိုင်စရာ အကြောင်းရှိပါသည်။ မွန် ထောင်တယောမှာပါသော ဘယ်သံကနေ ညာသံ ကြိုးသုံးချောင်းကို အက်ဖ်၊ စီ နဲ့ ဂျီ သံတွေ ညှိထားသည်။ မြန်မာ့သံစဉ်အရ ၅ ပေါက်၊ ၁ ပေါက် သံမှန် နှင့် ၄ ပေါက်သံတို့ ဖြစ်သည်။
မန္တလေးမြို့သူ မြို့သားဒေသခံများက ဘုရားကြီး ဟုခေါ်ကြသည့်မဟာမြတ်မုနိဘုရားကြီး၏ အရှေ့မုခ် မြောက်ဘက်တွင် လိပ်ကန် အမည်ရှိသော အုတ် အင်္ဂတေကန်ကြီးတခု ရှိသည်။ ဘုရားကြီးလိပ်ကန် ဟု ခေါ်ကြသည်။ ဘုရားဖူးများက ထိုလိပ်ကန်ထဲမှ လိပ်ကြီးများကို ပေါက်ပေါက်ဆုပ်၊ ပေါင်မုန့်ခြောက်၊ ကန်စွန်းရွက် စတဲ့ အစာတွေကျွေးကြရင်းနှင့် ကန်ဘေးတွင် အပန်းဖြေ ထိုင်နေလေ့ရှိကြသည်။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် အချိန်လောက်တုန်းက ထိုဘုရားကြီးလိပ်ကန်၏ ဘေးတွင် ယောက်ျားက မြန်မာတယောကြီးကိုထိုးပြီး ဇနီးသည်က သီချင်းဆိုကာ နားထောင်သူပရိသတ်၏ သဒ္ဓါကြေး ပေးကမ်းစွန့်ကျဲကြတာကို စားကြရရှာသည့် သက်ကြီးရွယ်အို စုံတွဲတစ်တွဲ ရှိခဲ့ဖူးသည်။
ထို စုံတွဲမှာ မြန်မာ့ရိုးရာ တယောပညာရှင်ကြီး တယောဘိုးကျန် တို့ ဇနီးမောင်နှံဖြစ်သည်။ သူတို့တွင် ဝါးပတ္တလား တစ်လက်၊ မြန်မာတယောကြီး တစ်လက်၊ စည်း နဲ့ ဝါးတို့ ပါရှိကြသည်။ တယောဘိုးကျန်မှာ မျက်စိမမြင်ရှာသည့်အတွက် ဒုက္ခိတဘဝရောက်ကာ တယောတစ်လှည့် ပတ္တလားတစ်လှည့် တီးပြီး တတ်သည့် ပညာဖြင့် ဝမ်းစာရှာဖွေ အသက်မွေးကြရသည့် ပုံဖြစ်ပါသည်။
ထိုအချိန်တွင် လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားနေပြီဖြစ်သော နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါသည် တယောဘိုးကျန်ကို ငွေကြေးကန်တော့ပြီး သီချင်းတွေ အတီးခိုင်းကာ ရိုရိုသေသေ နားထောင် မှတ်သား ပညာယူတတ်ပါသတတ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၆-၁၉၅၄ ခုနှစ်လောက်အထိ တယောဘိုးကျန်သည် သီချင်းဆိုရင်း သူ့မြန်မာတယောကြီးကို ထိုးပြီး တကိုယ်တည်းပင် မန္တလေးလမ်းဘေးတွေမှာ ဖျော်ဖြေနေခဲ့သည်။ ဂီတပါရမီဖြည့်ဖက် ဇနီးသည် ကွယ်လွန်ခဲ့ပြီးတဲ့နောက်ပိုင်းသည် တယောဘိုးကျန်၏ ဘဝနေဝင်ချိန် ကာလဖြစ်ခဲ့သည်။
တယောဘိုးကျန်သည် အထက်ဆိုခဲ့သည့် မြန်မာတယောကြီးမျိုးကို နောက်ဆုံး ထိုးခဲ့တဲ့သူပင် ဖြစ်ပေလိမ့်မည်။
၁၉၅၆-၅၇ လောက်တွင် တယောဘိုးကျန် ကွယ်လွန်သွားခဲ့ကြောင်း ဘိုးကျန်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရဖူးသည့် ပန်းချီ၊ ဒါရိုက်တာ ဦးဝင်းဖေ က ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၊ ဝင်းဖေလွယ်အိတ် ကဏ္ဍမှာ ပြောခဲ့သည်။
ဘိုးကျန် ကွယ်လွန်ပြီးချိန်မှာတော့ ကမ္ဘာသုံး တယော ဗိုင်အိုလင်လောက်တောင်မှ အသံထွက်မမြည်သည့် မြန်မာတယောများ၏ ဇာတ်သိမ်းခန်းလို့ပင် ဆိုရပါမည်။ ထိုအချိန်တွင် ကမ္ဘာသုံးတယော ဗိုင်အိုလင် များထက် ပိုပြီးအသံကျယ်ကျယ်မြည်သည့် ဟွန်းတယောများက မြန်မာ့ကာလပေါ်တီးဝိုင်းများထဲကို ဝင်ရောက်နေနှင့်ပြီဖြစ်သည်။
မြန်မာနိုင်ငံကို ရောက်လာသည့် ဟွန်းတယောပုံစံမှာ ဟွန်းအကြီးတလုံး နဲ့ ဟွန်းအသေးတလုံးပါတဲ့ ပုံစံဖြစ်သည်။ တယောထိုးသူ၏ နားဘက်ကိုလှည့်ထားသော ဟွန်း အသေးတခုနှင့် ရှေ့ဘက်ကို လှည့်ထားသည့် ဟွန်း အကြီးတလုံး ပါလေ့ရှိသော ပုံစံဖြစ်သည်။
မြန်မာ ဂီတ၊ တူရိယာ ပညာရှင်များ၏ ထူးခြား ပြောင်မြောက်သော စွမ်းရည်တခုမှာ မြန်မာ့ ဇာတိဖွား မဟုတ်သည့် နိုင်ငံခြား တူရိယာ အမျိုးမျိုးကို မြန်မာမှုပြုပြီး မွေးစားသည့် အခါမှာ မူရင်းတူရိယာတွေအတိုင်း ပုံတူကူးယူတာမျိုးမဟုတ်ဘဲ မြန်မာ့ဂီတကို တီးမှုတ်နိုင်တဲ့ မြန်မာကြိုက် မြန်မာ့တူရိယာတွေအဖြစ် ဖန်တီးယူကြလေ့ရှိပါတယ်။
မြန်မာ ဟွန်းတယောသည်လည်း ထိုသဘောမျိုးပင်ဖြစ်သည်။ မူရင်း စထြော ဟွန်းတယော ကြိုးညှိစနစ်မှာ ဒီကနေ့ ကမ္ဘာသုံး ဗိုင်အိုလင်အတိုင်းပင်။ ကြိုးလေးချောင်းမှာ G D A E ဖြစ်ပါတယ်။ မြန်မာမှုပြုထားသည့် ဟွန်းတယောမှာတော့ မြန်မာသီချင်းတွေတီးဖို့ အဆင်ပြေတဲ့ G C G C အတိုင်း ညှိထားသည်လို့ မှတ်သားဖူးသည်။ မြန်မာကြိုက် တယောကြိုးညှိစနစ်မှာတော့ တီးမည့် ပညာရှင်စိတ်ကြိုက်အတိုင်း ညှိထားသည့် တခြားမူကွဲတွေလည်း ရှိနိုင်ပါသည်။
မြန်မာဟွန်းတယောတချို့မှာ မြန်မာပြည်ထဲမှာပင် ကိုယ်ထူကိုယ်ထ ဆင်ယူထားကြသည်များပင်ဖြစ်သည်။ တယောလက်တံကို သစ်မာ တမျိုးမျိုးနှင့် လုပ်ထားသည်။ ဒန်အိုး ဒန်ခွက်လုပ်သော ဒန်သတ္တုကို ပုံလောင်းပြီး အချောကိုင်ထားသော အသံအိုး နှင့် ကြိုးတင်ခုံ ကို တယောလက်တံမှာ တပ်ထားပါတယ်။ ထိုအသံအိုးတွင် တယောထိုးတဲ့သူ၏ နားဘက်ကိုလှည့်ထားသော ဟွန်း အသေးတစ်ခု၊ ရှေ့ဘက်ကိုလှည့်ထားသည့်ဟွန်းအကြီးတစ်လုံး ပါလေ့ရှိပါသည်။
မြန်မာ သက္ကရာဇ် ၁၂၈၈ တွင် မြန်မာညွန့် ဦးချစ်မောင်တည်ထောင်သည့် မြန်မာ အငြိမ့်အဖွဲ့၏ တူရိယာများတွင် ဟွန်းတယော နှစ်လက်နှင့် ဘင်ဂျို တစ်လက် ပါဝင်နေကြောင်းတွေ့ရသည်။
ရှေးခေတ် မြန်မာ့ကာလပေါ် တီးဝိုင်းတွေတွင်လည်း ဟွန်းတယော ကို အတီးများကြတယ်လို့ မှတ်သားရပါသည်။
ခရစ်နှစ် ၁၉၂ဝ ဝန်းကျင် မြန်မာပြည်သို့ အသံတိတ် ဓာတ်ရှင် (ရုပ်ရှင်) များရောက်လာကြသည့်ခေတ်တွင် ရုပ်ရှင်ပြချိန် နောက်ခံသရုပ်ဖော်တီးကြသည့် တီးဝိုင်းများမှာလည်း ဟွန်းတယောကိုပဲ သုံးကြပါသည်။ အပျော်တမ်း တီးကြသူများကလည်း ဟွန်းတယောကိုပင်တီးတတ်ကြသည်မှာ ထိုခေတ်အချိန်ကာလ၏ အလေ့အထပင် ဖြစ်ပေလိမ့်မည်။
ကျနော့်(-?-)အဖေ လူပျိုတုန်းက တီးခဲ့တဲ့ ဟွန်းတယောကြီး နံရံမှာချိတ်ထားတာကို ကျနော် မူလတန်းကျောင်းရောက်ချိန်လောက်အထိ ရှိနေသေးတာ မှတ်မိနေပါတယ်။
တယောပြား၏ အသံထွက်သည် ညင်သာသည်။ တီးဝိုင်းထဲ အတူတူတီးကြသည့်အခါ တယောသံကို တခြားတူရိယာသံများက လွှမ်းမိုးသွားတတ်ပါသည်။ ထို့ကြောင့်ပင် အသံကျယ်ကျယ်ထွက်စေဖို့ တီထွင်ထားသည့် ဟွန်းတယောကို ကမ္ဘာအရပ်ရပ်မှာ သုံးခဲ့ကြခြင်းဖြစ်သည်။ အသံကျယ်သော်််လည်း ဟွန်းတယော၏ အသံထွက်သည် ကြမ်းပါသည်။
အသံချဲ့စက်များ တိုးတက်ထွန်းကားလာတဲ့အခါမှာတော့ ဟွန်းတယောများ တဖြည်းဖြည်းနှင့် ခေတ်ကုန်သွားကာ တယောပြားများ ပြန်ပြီး ခေတ်စားခြင်းက ယနေ့ခေတ်အထိဖြစ်သည်။
မြန်မာတယောပညာရှင် တယော ဦးတင်ရီ တို့ခေတ်တွင် တယောပြားများ ပြန်ပြီး ခေတ်စားလာပြန်သောအခါ ထပ်ဆင့် တီထွင်မှုများပါ တပြိုင်နက်တည်း ထွန်းကားလာပြန်သည်။
ခရစ်နှစ် ၁၆၈ဝ ကစတင်ပြီး ၁၇၂၅ အတွင်းမှာလုပ်ခဲ့သော အန်တိုနီယို စထရာဒီဗာရီ Antonio Stradivari ၏လက်ရာ ကမ္ဘာကျော် စထရာဒီဗာရီယပ်စ် Stradivarius တယော၏ အသံထွက်ကို ဘယ်သူမှ မတုပနိုင်ဘူးလို့ ဆိုရိုးစကား ရှိပါသည်။
ယနေ့ခေတ် အီလက်ထရစ် တယောများ ပုံစံအမျိုးစုံနဲ့ တီထွင်လာကြပြီး မိရိုးဖလာ တယော ဗိုင်အိုလင်များကို ယှဉ်ပြိုင်ရန်ကြံစည်နေကြသည်။ ကမ္ဘာအရပ်ရပ်မှ ကျော်ကြားသည့် တယောပညာရှင်များ ကြားမှာလည်း အီလက်ထရစ် တယောကို သုံးတဲ့သူများ ရှိလာသည်။
တခေတ်တချိန်တုန်းက အသုံးတွင်ကျယ်ခဲ့သည့် ဟွန်းတယောကို ယနေ့မြန်မာ့ကာလပေါ်တီးဝိုင်းများမှာ မသုံးကြတာ ကြာပြီဆိုတော့ ဟွန်းတယောသံကို ကြားဖူးရန် မဆိုထားနှင့် မြင်ဖူးသော သူပင် တော်တော်ပဲ နည်းပါးလာပါသည်။
ရှေးခေတ်အခါက မြန်မာတယောကြီးများ၊ ဟွန်းတယော တယောကြီးများ၊ ဗိုင်အိုလင်များ၊ နောက်ဆုံးပေါ် အီလက်ထရစ် တယောများနှင့် မြန်မာသီချင်း၊ မြန်မာဂီတကို တီးကြသည်ဆိုရင်ဖြင့် လက်ဖျားသံနှောသည့် မြန်မာတယော ဂီတလို့သာ ခေါ်ကြရပါလိမ့်မည်။ [၁]
ကိုးကား
ပြင်ဆင်ရန်၁။ မြန်မာဟွန်းတယော၊ စာမျက်နှာ ၃၆၅၊ သမိုင်းအစဉ်အလာ နှင့် ရိုးရာယဉ်ကျေးမှုဆောင်းပါးများ၊ ဒေါက်တာကျော်ကျော်ဝင်း