ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၉၀-အကညူတဇာတ် သူတပါးသောကျေးဇူးကို ခံလင့်၍ မိမိကတဖန် ကျေးဇူးမသော ပစ္စန္တရာဇ် သူဌေးအကြောင်း။

ပစ္စပ္ပုန်ဝတ္ထု ပြင်ဆင်ရန်

ကုန်သွယ်လာမှု ဆက်သွယ်ပြု ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေးအား မမြင်ဘူးဘဲ အဆွေခင်ပွန်းဖြစ်နေသော ပစ္စန္တရာဇ် သူဌေးတဦးရှိလေ၏။

တရံသောအခါ ပစ္စန္တရာဇ်သူဌေးသည် မိမိ အလုပ်အကျွေးတို့ကို လှည်းငါးရာဖြင့် ဘဏ္ဍာအပြည့်တင်လျက် အနာထပိဏ်သူဌေးထံ လွှတ်လိုက်၏၊ သူဌေးထံ ရောက်လျှင် လက်ဆောင်တို့ကို ဆက်သ၍ ပစ္စန္တရာဇ်သူဌေးထံမှ လွှတ်လိုက်ကြောင်း ပြောကြားကုန်၏။

အနာထပိဏ် သူဌေးလည်း ပစ္စန္တရာဇ် သူဌေး၏ အကြောင်းကိုမေးမြန်းကာ နှုတ်ခွန်းဆက်သပြီးလျှင် နေရာထိုင်ခင်း စားနပ်ရိက္ခာအပြည့်အစုံပေး၍ တည်းခိုစေလျက် ပါသမျှဘဏ္ဍာတို့ကို အမြတ်အစွန်းရအောင် စီမံရောင်းချ ပေးစေ၏၊ ပစ္စန္တရာဇ်သူဌေး အလုပ်အကျွေးတို့လည်း အနာထပိဏ်သူဌေး၏ အကူအညီဖြင့် ပါသမျှ ဘဏ္ဍာတို့ကို ရောင်းချပြီးလျှင် ပစ္စန္တရာဇ်သို့ပြန်၍ မိမိတို့ သူဌေးအားပြောကြားကုန်၏။

ကျေးဇူးတဖန် မပြုပြန် ပြင်ဆင်ရန်

နောက်အခါ အနာထပိဏ်သူဌေးလည်း မိမိ အလုပ်အကျွေးတို့ကို လှည်းငါးရာဖြင့် ဘဏ္ဍာအပြည့်တင်စေလျက် ပစ္စန္တရာဇ်သူဌေးထံ လွှတ်လိုက်ပြန်၏၊ အလုပ်အကျွေးတို့လည်း ရောက်လျှင် ပစ္စန္တရာဇ်သူဌေးထံ လက်ဆောင်တို့ကို ဆက်သလေ၏၊ ထိုအခါ ပစ္စန္တရာဇ်သူဌေးသည် “အမောင်တို့... အဘယ်က လာကြသနည်း”ဟု မေး၏၊ “သူဌေးမင်း... အဆွေခင်ပွန်းဖြစ်သော အနာထပိဏ်သူဌေးကြီးထံမှ လာခဲ့ကြပါသည်”ဟု ပြောကြားကြကုန်၏၊ ထိုအခါ ကျေးဇူးမသိတတ်သော ပစ္စန္တရာဇ်သူဌေးသည် “အမောင်တို့ အနာထပိဏ်သူဌေးဆိုသည်မှာ သာမန်လူတယောက်အမည် ဖြစ်လိမ့်မည်”ဟု ပြက်ရယ်ပြုကာ လက်ဆောင်တို့ကို ယူပြီးလျှင် လွှတ်လိုက်၏၊ နေရာထိုင်ခင်း စားနပ်ရိက္ခာပေးခြင်း၊ ကုန်တို့ကို စီမံရောင်းချပေးခြင်း မရှိလေ။

အနာထပိဏ်သူဌေး အလုပ်အကျွေးတို့လည်း ပစ္စန္တရာဇ် သူဌေးထံမှ တစုံတရာ အကူအညီမရဘဲ မိမိတို့ အလိုအတိုင်း ရောင်းချပြီးလျှင် အနာထပိဏ်သူဌေးထံသို့ ပြန်ကာအနာထပိဏ်သူဌေးအား ပစ္စန္တရာဇ်သူဌေးအကြောင်းကို အလုံးစုံပြောကြားလေ၏။

လုယက်ယူကြ ပြန်ပြေးရ ပြင်ဆင်ရန်

ပစ္စန္တရာဇ်သူဌေးလည်း နောက်တဖန် လှည်းငါးရာတို့ဖြင့် အနာထပိဏ်သူဌေးထံ လွှတ်လိုက်ပြန်၏၊ ရောက်လျှင် ပစ္စန္တရာဇ်သားတို့သည် သူဌေးထံ လက်ဆောင်ဆက်သကြပြန်၏၊ ထိုအခါ အနာထပိဏ်သူဌေး အမှုလုပ်တို့သည် သူဌေးကြီးအား ကျွန်ုပ်တို့နေရာထိုင်ခင်း ရိက္ခာစီမံပါမည်ဟု ဆိုကာ ပစ္စန္တရာဇ်သားတို့ကိုခေါ်၍ မြို့ပြင်သင့်တော်ရာ၌ နေရာချထားပြီးလျှင် ငါတို့ ယာဂုထမင်းသွား၍ စီမံမည်ဟု ဆို၍ အိမ်ရောက်လျှင် ကျွန်အမှုလုပ်တို့ကို စည်းဝေးစေပြီးလျှင် ညဥ့်သန်းခေါင်အခါ လှည်းငါးရာတို့ကို လုယက် ဖျက်ဆီးလျက် ယူငင်သွားကြကုန်၏၊ ပစ္စန္တရာဇ်သားတို့လည်း ကြောက်ရွံ့၍ အမြန်ပြေးကြကုန်၏။

အနာထပိဏ်သူဌေး အမှုလုပ်တို့လည်း ထိုအကြောင်းကို သူဌေးကြီးအား ပြောကြားကြကုန်၏၊ သူဌေးကြီးလည်း မြတ်စွာဘုရားထံ ဆည်းကပ်ပြီးလျှင် ဖြစ်သမျှကြောင်း အလုံးစုံကို လျှောက်ထားသောအခါ မြတ်စွာဘုရားသည် “သူဌေးကြီး····ပစ္စန္တရာဇ်သူဌေးကား ယခုအခါ၌သာ ဤသို့အလေ့အကျင့်ဆိုးရှိသည်မဟုတ်၊ ရှေးအခါ၌လည်း ရှိခဲ့ဘူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မိမိထံရောက်လာ စောင့်ရှောက်ကာ ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ဘုရားအလောင်းသည် ဗာရာသီပြည်ဝယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသော သူဌေးကြီးတဦးဖြစ်လေ၏၊ ထိုသူဌေးကြီးအား မတွေ့မမြင်ဘူးဘဲ အဆွေခင်ပွန်း ဖြစ်နေသော ပစ္စန္တရာဇ်သူဌေးတဦး ရှိလေ၏။

[စကားအသွားအလာ ပစ္စုပ္ပန်ဝတ္ထုနှင့်တူ၏၊ အကျဉ်းမျှသာရေးမည်။]

တရံရောအခါ ပစ္စန္တရာဇ်သူဌေးသည် လှည်းငါးရာတို့ဖြင့် ဗာရာဏသီသူဌေးကြီးထံ စေလွှတ်လိုက်ရာ ဗာရာဏသီသူဌေးကြီးက နေရာထိုင်ခင်း စားနပ်ရိက္ခာပေး၍ ကုန်တို့ကို ရောင်းချစီမံပေးပြီး ပြန်လွှတ်လိုက်၏။

နောက်အခါ ဗာရာဏသီသူဌေးကြီးက လှည်းငါးရာဖြင့်ပင် ပစ္စန္တရာဇ်သူဌေးထံ လွှတ်လိုက်ပြန်ရာ ပစ္စန္တရာဇ် သူဌေးက တစုံတရာ မကူညီဘဲ ထားလေ၏။

ကျေးဇူးတုံ့မရှိ ဆုတ်ယုတ်ဘိ ပြင်ဆင်ရန်

နောက်တကြိမ် ပစ္စန္တရာဇ် သူဌေးက လှည်းငါးရာဖြင့်ပင် ဗာရာဏသီသူဌေးကြီးထံ လွှတ်လိုက်ပြန်ရာ သူဌေးကြီး၏ ကျွန်အမှုလုပ်တို့သည် အကုန်လုယက်ဖျက်ဆီးပြီးလျှင် ဗာရာဏသီသူဌေးကြီးအား အကြောင်းစုံ ပြောကြားကြကုန်၏၊ ထိုအခါ ဗာရာဏသီသူဌေးကြီးသည် မိမိကျွန် အမှုလုပ်တို့အား–

“အမောင်တို့...မိမိအား ရှေးအခါသူတပါးတို့ ပြုလုပ်ထားသော ကျေးဇူးရှိပါလျက် ကျေးဇူးရှင်တို့အား ကျေးဇူးတုံကိုလည်းမဆပ်၊ ဆပ်ရမှန်းလည်း မသိသောသူကား နောက်အခါ အမှုကိစ္စ တွေ့ကြုံလာလျှင် အကူညီ ရှာမရဘဲ ရှိတတ်၏”–

ဟု ပြောဆိုဆုံးမလေ၏၊ ထိုသူဌေးကြီးသည် နောင်အခါ ကုသိုလ်ကောင်းမှုတို့ကို အားထုတ်၍ သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့...

  • ထိုအခါ ပစ္စန္တရာဇ် သူဌေးသည်-ယခုအခါ ပစ္စန္တရာဇ်သူဌေး။
  • ဗာရာဏသီ သူဌေးသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ရှေးကပြုဘူး၊ သူ့ကျေးဇူး၊ အထူးသိကြလေ။

(၂) မသိပြန်မူ၊ ကိစ္စဟူ၊ အကူမရလေ။

အကတညူဇာတ်ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ