အကရော့ပလစ် ပြင်ဆင်ရန်

ရှေးခေတ်ဂရိမြို့များတွင် ဂရိတို့သည်အမြင့်ဆုံးသော ကုန်းထိပ် ပိုင်းကို ခံတပ်အဖြစ်ဖြင့် အသုံးပြုကြ၏။ ထိုကုန်းထိပ်ပိုင်းကို ဂရိဘာသာဖြင့် အကရော့ပလစ်ဟု ခေါ်သည်။ အကရော့ ပလစ် ကုန်း ထိပ်ပိုင်းသည် ပတ်ဝန်းကျင်စီး၍ မြင်နိုင်သော နေရာများဖြစ်ကြ၍ ခံတပ်အတွက် အထူးကောင်းမွန်ကြသဖြင့် ရှေးဂရိတို့သည် အကရော့ပလစ်တို့ကို ဗဟိုပြုကာမြို့တည်လေ့ ရှိသည်။

ဤသို့ဖြင့် ရှေးနှစ်ပေါင်း ၂၄ဝဝ ကျော်ခန့်က ထင်ရှားခဲ့ကြသော ကော်ရင့်၊ အားဂိုး၊ သီးဗီး၊ အက်သင်းစသည့် ဂရိမြို့များတွင် အကရော့ ပလစ်မှာ ခမ်းနားထင်ရှားဆုံး ဖြစ်လေသည်။ အက်သင်းမြို့ရှိ အကရော့ပလစ်သည် ကျောက်တောင်ကြီး ဖြစ်၍ မြို့အထက် ပေ ၂၆ဝ ခန့် မြင့်သည်။ အလျားပေ ၁ဝဝဝ၊ အနံပေ ၄၆ဝ ရှိ၍ အကျယ်အဝန်းမှာ ရှစ်ဧကနီးပါး ရှိသည်။ ရှေးအထက်ကျော်ကာရီ ကပင် ဂရိတို့သည် ထိုအက ရော့ပလစ်ပေါ်၌ ကျောက်ဖြူတန်ဆောင်းကြီးများကို တည် ဆောက်ခဲ့ကြ၏။ ဘီစီ ၄၈ဝ ပြည့်နှစ်တွင် ပါးရှင်းလူမျိုး တို့သည် ဂရိနိုင်ငံသို့ ဝင်ရောက် တိုက်ခိုက်ကာ အက်သင်းမြို့ အကရော့ ပလစ်ပေါ်၌ရှိသော အဆောက်အအုံများကို ဖျက်ဆီး ပစ်လိုက်ကြသည်။ ဂရိ-ပါးရှားစစ်ပွဲအပြီးတွင် သီးမစ္စတိုကလီး သည် အပျက်အစီးများကို ရှင်းလင်းပြင်ဆင်ခဲ့၏။ ပဲရီးကလီး လက်ထက်သို့ ရောက်လာသောအခါ ပဲရီးကလီးသည် ဘီစီ ၄၄၇ ခုနှစ်တွင် အကရော့ပလစ်ကို ပြန်လည် ပြုပြင်မွမ်းမံစေ ရန် ဂရိရုပ်လုံးထု ဆရာကြီး ဖီးဒီးအက်အား တာဝန် လွှဲအပ်ခဲ့ လေသည်။ ( ပဲရီးကလီး။)

( ဖီးဒီးအက်။)

အကရော့ပလစ် တောင်ထိပ်၌ တည်ဆောက်ထားသောအဆောက် အအုံကြီးများမှာ ဗိသုကာအတတ်တွင် စံထားလောက်အောင် ခန့်ညား ကောင်းမွန်နေကြပေသည်။ ယင်းတို့အနက် ထင်ရှား သည်တို့ကား ပါးသီနွန်၊ အာရက်သီးအမ်း၊ နိုင်းကီးအက်ပတာ ရာ့နှင့် ပရော့ပီလီးအားတို့ ဖြစ်ကြ၏။ပါးသီးနွန်တန်ဆောင်းကြီး သည် အလျား ၂၂၈ ပေ၊ အနံ၁ဝ၁ ပေ၊ အမြင့် ၆၅ ပေရှိ၍ ဘီစီ ၄၃၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့၏။ ထိုတန်ဆောင်ကြီး မှာ အချိုးအစား ကောင်းမွန်သည့်ပြင် ရှေးဂရိတို့၏ လက်ရာအ ကောင်းဆုံးသော ရုပ်လုံးရုပ်တုများကြောင့် ထင်ရှားကျော်ကြား လှပေသည်။ ဂရိရုပ်လုံးထုအကျော် ဖီးဒီးအက်ထုလုပ်ထားသော ဆင်စွယ်နှင့် ရွှေတို့ဖြင့်ပြီးသည့် အသီးနားနတ်သမီးရုပ်တုကြီး လည်း ထိုတန်ဆောင်းကြီးအတွင်း၌ ရှိ၏။ တန်ဆောင်းကြီး၏ နဖူးစည်းများတွင် ဂရိနတ်ရုပ်များ၊ ဂရိတို့ တွေ့ကြုံခဲ့သောအဖြစ် အပျက်များကို ရုပ်လုံးထုကာ တန်ဆာဆင် ထားလေသည်။ တန်ဆောင်း တိုင်လုံးကြီးများသည်လည်း စီကာစဉ်ကာ အတန်း အတန်းဖြင့် ဖြူးဖြောင့်နေကြသည်။

အာရက်သီးအမ်း တန်ဆောာင်းကြီးမှာ ပါးသီးနွန်တန်ဆောင်းကြီး ၏မြောက်ဘက်တွင်တည်ရှိ၍ လှပသောအဆောက်အအုံတစ်ခုပင် ဖြစ်သည်။ ထိုတန်ဆောင်းကြီးသည်အလျား ၆၇ ပေ၊ အနံ ၃၇ ပေရှိ၍ ဘီစီ ၄၂၁- ၄ဝ၇ ခုနှစ်များအတွင်း ဆောက်လုပ်ပြီးစီးခဲ့ ၏။ ထိုအဆောက်အအုံတွင် ထင်ရှားသော အစိတ်အပိုင်းများမှာ အပျိုတော်စမုတ် ဖြစ်သည်။ အကရော့ပလစ် တောင်ထိပ်ပေါ် မှနေ၍ အက်သင်းမြို့ကြီးကို ကြည့်ကာစောင့်ရှောက်ပေးနေသကဲ့ သို့ရှိသော အသီးနား နတ်သမီး၏ ကြေးရုပ်ကြီးလည်း ရှိပေ သေး၏။ ထိုရုပ်တုကြီးမှာ ပါးသီးနွန်နှင့် အာရက်သီးအမ်း တန်းဆောင်းကြီးနှစ်ခု၏အကြားတွင်ရှိ၍ ပေ ၃ဝ မြင့်သည်။ ထိုကြေးရုပ်ကြီး၏ မောက်တိုနှင့် လှံတံတို့ နေရောင်ဟပ်၍ တပြက်ပြက် လက်နေသည်ကို အက်သင်းမြို့သို့ ပင်လယ် ဘက်မှ လာကြသောရေကြောင်း ခရီးသည်များသည် ၁၅ မိုင် အကွာမှလှမ်း၍ မြင်နိုင်ကြ လေသည်။

နိုင်းကီးအက်ပတာရာ့တန်ဆောင်းမှာ အကရော့ပလစ်တောင် ထိပ်တွင် အငယ်ဆုံးသော တန်ဆောင်း ဖြစ်သည်။ ပန်းကြွ ပန်းပုလက်ရာများ ရှိခြင်းကြောင့် ကျော်ကြား၏။ ဘီစီ ၅ ရာစု နှစ်အတွင်းတွင် ဆောက်လုပ် ပြီးစီးခဲ့၍ အေဒီ ၁၆၈၇ ခုနှစ်ခန့် တိုင်အောင် မပျက်မစီး တည်ရှိခဲ့သည်။ ထိုနောက် တူရကီ လူမျိုးတို့က ဖျက်ဆီးခဲ့ကြသည်။ အပျက်အစီးများကို ခရစ် ၁၈၃၅ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၄ဝ ပြည့်နှစ်တွင် တစ်ကြိမ် ပြန်လည်ပြုပြင်ကာ မွမ်းမံခဲ့ကြ၏။ အကရော့ပလစ်တောင် ထိပ်၏ အနောက်ဘက်စွန်းတွင် ပရော့ ပီလီးအားခေါ် အဝင် မုတ်ဝ တန်ဆောင်းရှိ၏။ ယင်းကို ဘီစီ ၄၃၇-၄၃၂ ခုနှစ်များ အကြားတွင် ဆောက်လုပ်ခဲ့သည်။

ပဲရီးကလီးခေတ်တွင် ထိုကဲ့သို့ ခမ်းနားကြီးကျယ် တင့်တယ် စွာရှိခဲ့သော အကရော့ပလစ်သည် စစ်ကြောင့် လည်းကောင်း၊ ခေတ်ပြောင်းခေတ်လွဲကြောင့် လည်းကောင်း၊ သဘာဝ အဖျက် အဆီးကြောင့် လည်းကောင်း၊ ရှေးဟောင်းပစ္စည်း စုဆောင်းသူ တို့ကြောင့်လည်းကောင်း များစွာ ပျက်စီး ယိုယွင်းခဲ့လေသည်။ အထူးသဖြင့် အက်သင်းမြို့ကို တူရကီတို့ သိမ်းပိုက်ထားစဉ်က များစွာ ပျက်စီးခဲ့ကြသည်။ အလှဆုံးဖြစ်သည့် ပါးသီနွန် တန်ဆောင်းမှာ တူရကီတို့ သိုလှောင်ထားသော ယမ်းဘီလူးများ ပေါက်ကွဲသဖြင့် အေဒီ ၁၆၈၇ ခုနှစ်တွင် အမိုးအကာနှင့် တိုင် လုံးကြီးအချို့ ပျက်စီးခဲ့လေသေည်။ ယခုအခါ အက်သင်းမြို့၌ ဗဟိုဌာနထားရှိသော ရှေးဟောင်း အဆောက်အအုံနှင့် ကျောက် စာဌာနများက ဦးစီးလျက် ရှေးဂရိတို့၏ လက်ရာပုံစံများ တိမ်မြှုပ် မသွားစေခြင်းငှာ ရှေးဟောင်းလက်ရာအတိုင်း ဖြစ် နိုင်သမျှ ဖြစ်စေရန် ပြန်လည် ပြုပြင်ဆောက်လုပ် ထားရှိကြ လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

ကိုးကား ပြင်ဆင်ရန်