အကုသိုလ်စေတသိက်
အကုသိုလ်စေတသိက်သည် (၁၄) ပါး ရှိ၏။ ဤအကုသိုလ်စေတသိက်တို့သည် မကောင်းမှုမျိုး စင်စစ်ဖြစ်၍ ပါပဇာတိ မည်၏။ အကုသလဓမ္မအစစ် မည်၏။[၁]
လောဘ
ပြင်ဆင်ရန်လောဘဆိုသည်မှာ အာရုံ၌ စိတ်၏ ငြိတွယ်စေကပ်ခြင်း ဖြစ်သည်။ ဤလောဘကို တဏှာလည်း ခေါ်၏။ အဘိဇ္ဈာလည်း ခေါ်၏။ ကာမလည်း ခေါ်၏။ ရာဂလည်း ခေါ်၏။[၁]
ဒေါသ
ပြင်ဆင်ရန်ဒေါသဆိုသည်မှာ အာရုံ၌ စိတ်၏ ကြမ်းတမ်းစွာ ထိခိုက်ခြင်း ဖြစ်သည်။ ဤဒေါသကို ပဋယလည်း ခေါ်၏။ ဗျာပါဒလည်း ခေါ်၏။[၁]
မောဟ
ပြင်ဆင်ရန်မောဟဆိုသည်မှာ တရားဓမ္မအရာ၌ အလွန်မသိခြင်း ဖြစ်သည်။ ဤမောဟကို အဝိဇ္ဇာလည်း ခေါ်၏။ အညာဏလည်း ခေါ်၏။ အဒဿနလည်း ခေါ်၏။[၁]
ဤလောဘ၊ ဒေါသ၊ မောဟ တရား(၃)ပါးသည် အလုံးစုံသော အကုသလပါပဓမ္မတို့၏ အရင်းအမြစ် အခြေခံဖြစ်သောကြောင့် အကုသလမူလတရား (၃) ပါးမည်၏။
ဒိဋ္ဌိ
ပြင်ဆင်ရန်ဒိဋ္ဌိဆိုသည်မှာ တရားဓမ္မအရာ၌ အမြင်းမှားခြင်း ဖြစ်သည်။ အယူမှားခြင်း ဖြစ်သည်။ အနိစ္စကို နိစ္စဟုယူခြင်း၊ ဒုက္ခကို သုခဟုယူခြင်း၊ အနတ္တကို အတ္တဟုယူခြင်း၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်ခြင်း၊ ကံ ကံ၏အကျိုးကို ပယ်ခြင်း စသည်တို့ ဖြစ်သည်။[၁]
မာန
ပြင်ဆင်ရန်မာနဆိုသည်မှာ အထင်မှားခြင်း ဖြစ်သည်။ ငါမဟုတ်သော နာမ်ရုပ်ကို ငါဟုထင်ခြင်း၊ ထိုငါကိုပင် အမျိုးကိုစွဲ၍ ယုတ်သည်၊ မြတ်သည်ဟု ထင်ခြင်း၊ အနွယ်ကို စွဲ၍ ယုတ်သည်၊ မြတ်သည်ဟု ထင်ခြင်း စသည်တို့ ဖြစ်သည်။[၁]
ဣဿာ
ပြင်ဆင်ရန်ဣသာဆိုသည်မှာ ငြူစူခြင်း ဖြစ်သည်။ သူတစ်ပါးကောင်းစားသည်ကို မနာလိုခြင်း၊ ဝမ်းမမြောက်နိုင်ခြင်း၊ မချီးမွမ်းနိုင်ခြင်း၊ အကောင်းမပြောနိုင်ခြင်း၊ မကောင်းပြောရန်ကိုသာ ရှာကြံခြင်းတို့ ဖြစ်ကြသည်။[၁]
မစ္ဆရိယ
ပြင်ဆင်ရန်မစ္ဆရိယဆိုသည်မှာ ဝန်တိုခြင်း ဖြစ်သည်။ မိမိကောင်းစားသည်ကို သူတစ်ပါးအား မမျှတလိုခြင်း၊ ဝန်တိုခြင်း၊ နှမြောခြင်း၊ စေးနဲခြင်း စသည်တို့ ဖြစ်သည်။[၁]
ကုက္ကုစ္စ
ပြင်ဆင်ရန်ကုက္ကုစ္စဆိုသည်မှာ နောင်တဖန် ပူပန်ခြင်း ဖြစ်သည်။ ကျွန်လွန်ပြီးသောအခါမှ ငါမေ့ခဲ့မိလေခြင်း၊ ငါမိုက်ခဲ့မိလေခြင်း၊ ငါမှားခဲ့မိလေခြင်းဟု တအုံနွေးနွေး ပူဆွေးခြင်း ဖြစ်သည်။
လောက၌ အမှား (၂) ပါး ရှိ၏။ ဒုစရိုက်မှုကို ပြုခြင်းသည်လည်း အမှားတစ်ပါး၊ သုစရိုက်မှုကို မပြုခြင်းသည်လည်း အမှားတစ်ပါး ဖြစ်ကြသည်။ နောင်တဖြစ်ရခြင်းတွင်လည်း အမှား (၂) ပါးရှိ၏။ ဒုစရိုက်မှုကို ငါပြုခဲ့မိလေခြင်းဟု နောင်တဖြစ်ခြင်း တစ်ပါး၊ ဒါန၊ သီလ စသော သုစရိုက်မှုကို ငါမပြုခဲ့လေခြင်းဟု နောင်တဖြစ်ခြင်းတစ်ပါးတို့ ဖြစ်ကြသည်။ လောက၌ လူမိုက်နောက်မှ အကြံရဟုဆိုကြသော အမေ့အမိုက်မှား နှစ်ပါးရှိကြသည့်အတွက် ကုက္ကုစ္စဟု ဆိုအပ်သော နောင်တပူပန်မှု နှစ်ပါးရှိ၏။[၁]
အဟိရိက
ပြင်ဆင်ရန်အဟိရိကဆိုသည်မှာ အရှက်မရှိခြင်း ဖြစ်သည်။ မကောင်းမှုဒုစရိုက်ကို ပြုခွင့်ဆိုက်ခဲ့သော် မိမိ၌ အမိုက်မှု ငြိစွန်းညစ်နွမ်း၊ လူးလဲချေတော့မည်ဟူ၍လည်း စိုးရွံ့ခြင်းမရှိ၊ လူသိမည်၊ နတ်သိမည်လည်း မရှက်ခြင်း ဖြစ်သည်။[၁]
အနေတ္တပ္ပ
ပြင်ဆင်ရန်အနေတ္တပ္ပဆိုသည်မှာ အကြောက်မရှိခြင်း ဖြစ်သည်။ နောက်၌ ငါမိုက်ခဲ့မိလေခြင်း၊ ငါမှားခဲ့မိလေခြင်းဟူ၍ မိမိကိုယ်မိမိ စွပ်စွဲဆဲရေးခြင်းဟူသော အတ္တနုဝါဒဘေး သင့်ရောက်မည်ကိုလည်း မကြောက်၊ လူသူတော်ကောင်း၊ နတ်သူတော်ကောင်းတို့၏ ကဲ့ရဲ့ခြင်းဟူသော ပရာနုဝါဒဘေး သင့်ရောက်မည်ကိုလည်း မကြောက်၊ အပါယ်ဘေးသင့်မည်ကိုလည်း မကြောက်မရွံ့ မထိတ်မလန့်ခြင်း ဖြစ်သည်။[၁]
ဥဒ္ဓစ္စ
ပြင်ဆင်ရန်ဥဒ္ဓစ္စဆိုသည်မှာ အာရုံတစ်ခုခု၌ စိတ်၏ ရပ်တည်မှု မရရှိခြင်း ဖြစ်သည်။[၁]
ထိန
ပြင်ဆင်ရန်ထိနဆိုသည်မှာ စိတ်၏ ထိုင်းမှိုင်းခြင်း ဖြစ်သည်။ အာရုံကို သိလိုရာ၌ မပွင့်မလင်း မှေးမှိန်ခြင်း ဖြစ်သည်။[၁]
မိဒ္ဓ
ပြင်ဆင်ရန်မိဒ္ဓဆိုသည်မှာ စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း ဖြစ်သည်။ အာရုံကို တွေ့မှု၊ ခံစားမှု စသည်တို့၌ မပွင့်မလင်း မှေးမှိန်ခြင်း ဖြစ်သည်။[၁]
ဝိစိကိစ္ဆာ
ပြင်ဆင်ရန်ဝိစိကိစ္ဆာဆိုသည်မှာ ယုံကြည်ထိုက်သည်၌ မယုံကြည်ခြင်း ဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |