အကောက်ဝန်သည် မင်းဘဏ္ဍာတော်နှင့် စပ်ဆိုင်သော ဈေး၊ပွဲ၊ ကင်း၊ ကူးတို့များ၌ အကောက်ခွန် ကောက်ခံမှုများကို ကြီးကြပ်ရသူ ဖြစ်သည်။ အကောက်ဝန်၏ လက်အောက်တွင် အကောက်စာရေး ရာထူးများထားရှိသည်။ ဤတွင် အကောက်ဝန်နှင့် သဘောသဘာဝချင်းတူညီသော်လည်း ကောက်ခံရသည့် ပစ်စည်းအမျိုးအစား အပေါ် လိုက်၍ အကောက်ဝန်နှင့် အခွန်ဝန်ရာထူးကွဲပြား ခြားနားမှုရှိသည်။ အကောက်ဝန်ရာထူးများကို ဆိပ်ကမ်းမြို့ကြီးများဖြစ်ကြသော ဓညဝတီ၊ ရမ္မာဝတီ၊ ပုသိမ်၊ ဟံသာဝတီ၊ မုတ္တမ စသော မြို့များ၌ သီးခြားခန့် အပ်ထားရှိသည်။

ကုန်းဘောင်ခေတ်ဦးကာလ ပြင်ဆင်ရန်

အကောက်ဝန်ရာထူးကို ကုန်းဘောင်ခေတ်ဦးကာလကပင် အထင်အရှားတွေ့ရှိရသည်။ ဗဒုံမင်းလက်ထက်တွင် ခန့်အပ်ခံခဲ့ရသည့် အကောက်ဝန်မှာ သီရိရာဇာဓမ်မရတ်ဖြစ်သည်။ သူသည် ဗဒုံမင်းလက်ထက် ၁၇၉၂ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီစဉ် တပ်တစ်တပ်ကို အုပ်ချုပ်လျက် လိုက်ပါခဲ့ရသည်။ သို့ဖြစ်၍ အကောက်ဝန်မှာ စစ်မက်ရေးရာ ပေါ်ပေါင်လျှက် စစ်ထွက်ရာ၌ လိုက်ပါရသူဟု ဆိုနိုင်သည်။

မဇ္ဈိမဒေသ သို့ ပြင်ဆင်ရန်

ဗဒုံမင်းလက်ထက် ၁ မေ ၁၈၁၅ ခုနှစ်တွင် အကောက်ဝန် ပျံချီဇေယနော်ရထာ မဇ္ဈိမဒေသသို့ ကျမ်းစာအုပ်များ ရှာဖွေဝယ်ယူစုဆောင်းရန် သွားရောက်ခဲ့ရ၏။ ယင်းအဖွဲ့ကို ဦးဆောင်သူမှာ မြိတ်မြို့ဝန်ဖြစ်ပြီး အရေးပါသော ကျမ်းစာအုပ်အများအပြားကို ယူဆောင်လာနိုင်ခဲ့ကြသည်။ အကောက်ဝန်ပျံချီ ဇေယနော်ရထာလိုက်ပါသွားသည့် မြိတ်မြို့ဝန် ဦးဆောင်သော အဖွဲ့သည် ဗုဒ္ဓဂါယာသို့ ရောက်ရှိခဲ့ပြီး လက်ဆောင်တော်များကို ယူဆောင်ကာ ၄ စက်တင်ဘာ ၁၈၀၇ ခုနှစ်တွင် ပြန်လည်ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။


ကျမ်းစာအုပ်များ ပြင်ဆင်ရန်

အကောက်ဝန်ပျံချီ ဇေယျနော်ရထာ ယူဆောင်လာခဲ့သည့် စာအုပ်များမှာ ဇေနဂရမင်းက ဆက်သသော ဒီဃပရသိဒ္ဓန္တကျမ်း ၃၄ စုံ၊ ဘေဒံပရကျမ်း ၁၃ စုံ၊ ဗုဒ္ဓမတိသုတ်ကျမ်း ၁၁ စုံ၊ ပုဏ္ဏားတို့ အကျင့်သိက္ခာကို ဟောသော မာနုမေဓမ္မသျှတ္တကျမ်း ပါဠိဿယအစုံ၊ ဗေဒန္တသာရကျမ်း၊ ကူသျှမန္တသာရကျမ်း၊ ဗုဒ္ဓသီရိကျမ်း၊ ကာသိခန္ဓကျမ်း စသည်ကျမ်းများ ဖြစ်ကြသည်။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက် အစောပိုင်း ကာလတွင် ဦးမိုးဆိုသူက အကောက်ဝန်အဖြစ် အမှုထမ်းခဲ့သည်။ ယင်းနောက်ပိုင်းကာလတွင် နေမျိုးသီရိသူရနော်ရထာအား အကောက်ဝန်အဖြစ် ခန့်အပ်ခဲ့၏။ ၂၀ ဧပြီ ၁၈၂၂ ခုနှစ်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည့် ဗီယက်နမ် သံအဖွဲ့ အပြန်တွင် ပုသိမ်မြို့ဝန် ဦးမြတ်နှင့် ဦးဆောင်သော မြန်မာသံအဖွဲ့ လိုက်ပါသွားကြရာ အကောက်ဝန် နေမျိုးသီရိသူရလည်း ပါဝင်ခဲ့သည်။ အပြန်ခရီးတွင် အင်္ဂလိပ် မြန်မာ ပထစစ်ပွဲ ဖြစ်ပွားနေပြီဖြစ်သဖြင့် ထားဝယ်မြို့သို့ ရောက်ရှိစဉ် အကောက်ဝန် နေမျိုးသီရိသူရ ဗြိတိသျှ အကျဉ်းသားဘဝသို့ ကျရောက်သွားခဲ့လေသည်။

ရတနာပုံခေတ် ပြင်ဆင်ရန်

ကုန်းဘောက်ခေတ် အလယ်ပိုင်း အကောက်ဝန်များအမည်ကို မသိရသေးပေ။ ရတနာပုံခေတ် မင်းတုန်းမင်း လက်ထက် အကောက်ဝန်မှာမူ မဟာမင်းလှ ရာဇာဘွဲ့ခံ အန်ထော်နီ ဖြစ်သည်။ သူသည် ၁၈၅၉ ခုနှစ်တွင် အာသာဖယ်ရာ လာရောက်စဉ်က လိုအပ်သည့် အကူအညီများပေးအပ်ခဲ့ရပြီး ၃၁ ဇူလိုင် ၁၈၆၃ ခုနှစ်တွင်လည်း အမိန့်တော်အရ သုံးဆယ်မင်းသားအား မြနန်းစကြာသင်္ဘောဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရ၏။ သီပေါမင်းလက်ထက် အကောက်ဝန်မှာမူ ဦးစီးဖြစ်ပြီး ၅ ဖေဖော်ဝါရီ ၁၈⁠၈၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။


အကောက်ဝန် မူလာအစ္စမံအင် ပြင်ဆင်ရန်

သီပေါမင်းလက်ထက်တွင် ထင်ရှားသည့် အကောက်ဝန်တစ်ဦး ဖြစ်သူ မူလာအစ္စမံအင်သည် မူလာအီဗရာဟင်၏ သားဖြစ်၏။ မင်းတုန်းမင်း လက်ထက်တွင် သူဋ္ဌေးကြီးအရာဖြင့် မဟာဘောဂဓနရာဇာဘွဲ့ ရရှိခဲ့ပြီး သီပေါမင်း နန်းတက်လာသောအခါ ကျောက်ရဲမြို့စား မင်းလှစည်သူဘွဲ့ခံ အကောက်ဝန် ဖြစ်လာခဲ့သည်။ မူလာအစ္စမံအင်သည် လောက ကဝိမှန် လှေတော်အုပ် ရာထူးအပြင် အခွန်ဝန်အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ရသေး၏။ ဗြိတိသျှအစိုးရ လက်ထက်တိုင် သက်ရှိထင်ရှားရှိသေးပြီး ၂၇ နိုဝင်ဘာ ၁၉၀၅ ခုနှစ်တွင် အလ္လာအရှင်မြတ် အမိန့်တော်ကို ခံယူသွားသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉