အက္ခောဘိဏီမျိုးငါးပါး ပြင်ဆင်ရန်

အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖော်ပြပေအံ့။

(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက် (ဓမ္မိလ-တမယ်လ်) ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေတစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။

(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ဝါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကို ချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ဝါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။

(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့် သဗ္ဗညုဘုရားဟောပါဌဇာတ် ပါဠိတော်၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများမှလာရှိသည့် ပြယုဂ်အဓိပ္ပာယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သော သဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂဝံသထေရ်မြတ်သည်

နဝ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။

ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။

နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။

ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ

ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။

အဓိပ္ပာယ်မှာ ဆင်ပေါက်ကြီး ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။

(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။

(၅) မကြာမီခေတ်၌ကား ဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  • သုတေသန သရုပ်ပြအဘိဓာန်ကျမ်း - ဖျာပုံတိုက်သစ်ဆရာတော်