ဂျိုးဇက်အက်ဒီဆင်သည် အင်္ဂလိပ်စာပေသမိုင်း ဩဂတ်စတန်ခေတ်တွင် ထွန်းကားခဲ့သော ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်သည်။ ၁၆၇၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အင်္ဂလန်ပြည်ရှိ ဝစ်ရှိုင်ယာနယ် မစ်လစတန်မြို့၌ ဖွားမြင်၍၊ ဖခင်မှာ လန့်စလော့ အက်ဒီဆင် အမည်ရှိ ခရစ်ယာန် ရေဖျန်းဂိုဏ်း ဘုန်းကြီးတစ်ပါးဖြစ်သည်။ အက်ဒီဆင်သည် စာသင်ကျောင်း တစ်ကျောင်းမှ တစ် ကျောင်းသို့ ပြောင်းရွေ့ကာ ပညာသင်ကြားခဲ့ရာ၊ နောက်ဆုံးနေ ခဲ့သော စာသင်ကျောင်းမှာ ချတာဟောက် အထက်တန်းကျောင်း ဖြစ်သည်။ ထို့နောက် အသက် ၁၅ နှစ်အရွယ်တွင် အောက်စဖို့ တက္ကသိုလ် ဘုရင်မကောလိပ်တွင် ဆက်လက်၍ ပညာဆည်းပူး ခဲ့သည်။

အက်ဒီဆင်သည် လက်တင်ဘာသာဖြင့် ကဗျာများ စပ် ဆိုသီကုံးရာ၌ ထူးချွန်သူဖြစ်ရကား၊ တက္ကသိုလ်သို့ရောက်ပြီး၍ နှစ်နှစ်ခန့်အကြာတွင် မောဒလင်းကောလိပ်ကျောင်း၏ ဒယ်မီ စကောလားရှစ်ဆုဖြင့် ချီးမြှင့်ခြင်းခံရသည်။ အသက် ၂၁ နှစ် အရွယ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ အသက် ၂၂ နှစ် တွင် အက်ဒီဆင်သည် နာမည်ကျော် ကဗျာစာဆိုတော်ကြီး ဒရိုင်ဒင်ထံသို့ ကဗျာတစ်ပုဒ်ကို ရေးသားပေးပို့ခဲ့ရာ ထိုပုဂ္ဂိုလ် ကြီ၏ ချီးကျူးခြင်းကိုခံရသည်။ ထို့နောက်တွင် အက်ဒီဆင် သည် အင်္ဂလန်ပြည့်ရှင် ဘုရင်မင်းမြတ်ထံသို့လည်း ကဗျာများ ကို ရေးသားဆက်သွင်းပြန်ရာ ဝီလျှံဘုရင်ကြီးက များစွာနှစ် သက်သဘောကျသဖြင့် အက်ဒီဆင်အား ရိက္ခာတော်ငွေ တစ်လ လျှင် ပေါင်စတာလင် ၃၅ဝ ချီးမြှင့်ခဲ့သည်။

အက်ဒီဆင်သည် အထက်ပါငွေဖြင့် နိုင်ငံခြားသို့ လှည့် လည်သွားရောက်ကာ ဒေသန္တရဗဟုသုတ ရှာဖွေခဲ့သည်။ သို့ရာ တွင် ဝီလျှံဘုရင်ကြီး နတ်ရွာစံသောအခါ ထိုရိက္ခာငွေလည်း ရပ်စဲသွားသဖြင့် အက်ဒီဆင်သည် ခရီးသွားခြင်းကို ရပ်တန့် လိုက်ပြီးလျှင် လန်ဒန်မြို့ထဲတွင် အခန်းတစ်ခုငှားရမ်းကာ နေ ထိုင်ခဲ့လေသည်။

နိုင်ငံခြားသို့ သွားရောက်လှည့်လည်ခဲ့ခြင်း၏ ရည်ရွယ် ချက်မှာ အင်္ဂလန်ပြည်သို့ ပြန်ရောက်သည့်အခါ နိုင်ငံရေး လောကထဲသို့ ဝင်ရောက်၍ ရာထူးကြီးတစ်ခုခုကို ရရှိနိုင်ရန်ဖြစ် သည်။ အက်ဒီဆင်သည် ထိုရည်ရွယ်ချက်ကို အထမြောက် အောင်ကြိုးပမ်းခဲ့ရာ၊ ၁၇၁၇ ခုနှစ်တွင် အိုင်ယာလန်ဆိုင်ရာ ဝန်ကြီးရာထူးကို ရရှိခဲ့လေသည်။ သို့ရာတွင် အက်ဒီဆင်မှာ နိုင်ငံရေးသမားအဖြစ်ထက် စာရေးဆရာကြီး တစ်ဦးအဖြစ် ပိုမို ထင်ရှား လူသိများသူဖြစ်သည်။ သူသည် သူ၏ခေတ်က လူ များ၏ဘဝကို ရေးခြယ်ရာ၌ ပြတ်သားပေါ်လွင်လှသည်။ သူ၏ အရေးအသားမှာ ချောမွေ့ခန့်ညားသည်။ အခြားသော စာရေး ဆရာများကပင် သူ၏ရေးပုံရေးနည်းကို အတုယူကြရလေသည်။ ထိုအချက်နှင့် စပ်လျဉ်း၍ ကမ္ဘာကျော် စာရေးဆရာကြီး ဒေါက်တာဂျွန်ဆင်က စာအရေးအသား တိုးတက်ကောင်းမွန်လို သော စာပေဝါသနာအိုးများသည် အက်ဒီဆင်၏စာများကို နေ့ ရောညပါ လေ့လာအပ်ပေသည်ဟူ၍ မှတ်ချက်ချခဲ့ဖူးလေသည်။ အက်ဒီဆင်တို့ခေတ်က ကာဖီဆိုင်များသည် လန်ဒန်မြို့ တွင် အတောင်ပင် ခေတ်စားခဲ့လေသည်။ ထိုနေရာများတွင် စာရေးဆရာများကို ညနေတိုင်း တွေ့ရှိနိုင်ပေသည်။ ထိုစာရေး ဆရာများထဲတွင် အထင်ရှား အပေါ်လွင်ဆုံး စာရေးဆရာကား အက်ဒီဆင်ပင်ဖြစ်သည်။ အက်ဒီဆင်သည် သူ၏ ရေးဖော်ရေး ဖက်များနှင့် ရံဖန်ရံခါ ကာဖီဆိုင်တစ်ခုခုတွင် တွေ့ဆုံပြီးလျှင် ပြဿနာအရပ်ရပ်ကို ဆွေးနွေးလေ့ရှိလေသည်။

အက်ဒီဆင်၏ အရင်းနှီးဆုံးမိတ်ဆွေမှာ ဆာရစ်ချတ် စတီးဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးကား တက်တလားနှင့် စပက်တေး တား စာစောင်များကို ဦးစီးထုတ်ဝေသူဖြစ်သည်။ သို့သော် လည်း စတီးသည် အက်ဒီဆင်၏ အကူအညီကိုသာ မရရှိခဲ့ပါ က သူ၏စာစောင်များမှာ ထိုမျှလောက် လူကြိုက်များခဲ့မည် မဟုတ်ပေ။ စပက်တေးတား စာစောင်မှာ သတင်းများမပါဘဲ၊ ဆောင်းပါးများနှင့် သရော်စာများသာပါရှိသော ဂျာနယ်ဖြစ် သည်။ အက်ဒီဆင်သည် သူ၏ဆောင်းပါးတွင် သူ့ခေတ်ကလူ များ၏ ချို့ယွင်းချက်များ၊ အမှားများနှင့် ညစ်ပတ်မှုများကို ထုတ်ဖော်ကာ မထိတထိသရော်လေ့ရှိရာ၊ ထိုဆောင်းပါးများကို စာဖတ်ပရိသတ်က အထူးစွဲမက်ခဲ့ကြလေသည်။

အက်ဒီဆင်သည် တိုက်ပွဲစဉ်အမည်ရှိ ကဗျာတစ်ပုဒ်နှင့် နာမည်ကျော်လာခဲ့သည်။ သူ၏ ကာတိုး၏ကြေကွဲဖွယ်ဇာတ် သိမ်းခန်း အမည်ရှိ ပြဇာတ်မှာ အထူးပင်လူကြိုက်များခဲ့သဖြင့် ဘာသာစကား အမျိုးမျိုးသို့ ပြန်ဆိုရေးသားခဲ့ကြပြီး ဖြစ်သည်။ အက်ဒီဆင်သည် ၁၇၁၉ ခုနှစ်ဇွန်လ ၁၇ ရက်နေ့တွင် အရည်ဖောရောဂါဖြင့် ကွယ်လွန်သည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)