အက်ဒွပ် ဂရေး
ပထမကမ္ဘာစစ်ကြီး မဖြစ်မီ ဂရိတ်ဗြိတိန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ်ဖြင့် ကျော်ကြားခဲ့သူ ဆာအက်ဒွပ်ဂရေးသည် လစ်ဘရယ်ပါတီဝင်ဖြစ်၍ ခရစ် ၁၈၈၅ ခုနှစ်တွင် ပါလီမန်အမတ်အဖြစ် ပထမအရွေးခံရသည်။ ဂရေးသည် သူ၏အဖိုး ဆာဂျော့ဂရေး ကွယ်လွန်သောအခါတွင် ဗဲရွန်နက် အရိုက်အရာကို မျိုးရိုးအရ ဆက်ခံရရှိခဲ့လေသည်။
လစ်ဗရယ်ပါတီ ခေါင်းဆောင် နန်းရင်းဝန် ဂလက်စတုန်းသည် ၁၈၉၂ ခုနှစ်တွင် ဂရေးအား နိုင်ငံခြားရေး ဝန်ကလေးအဖြစ် ခန့်ထားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ လော့ရို စဘရီ၏ လက်ထောက်အဖြစ်ဖြင့် ပါလီမာန်တွင် ဆောင်ရွက်ရသည်။ ၁၈၉၅ ခုနှစ်တွင် ဂရေးသည် နိုင်ငံခြားရေးဝန်ကလေး ဖြစ်ခဲ့သည်။ ၁၈၉၅ ခုနှစ်မှ ၁၉ဝ၅ ခုနှစ်အထိ လစ်ဘရယ်ပါတီသည် အာဏာလက်လွတ်ဖြစ်၍ ကွန်ဆားဗေးတစ်ပါတီကသာ အစိုးရဖွဲ့ခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် လစ်ဘရယ်ပါတီက တစ်ဖန် ရွေးကောက်ပွဲတွင် မဲသာပြန်သဖြင့် ကင်းဗဲ ဗင်းနားမန်းက နန်းရင်းဝန်အဖြစ် ခေါင်းဆောင်၍ လစ်ဘရယ်အစိုးရဖွဲ့ ဖွဲ့နိုင်ပြန်လေသည်။ ထိုအခါ ဂရေးကို နိုင်ငံခြားရေးဝန်ကြီး ခန့်လိုက်သည်။
ဂရေးသည် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့် မိမိ တာဝန်ကို နိုင်နင်းကျွမ်းကျင်စွာ ထမ်းရွက်ခဲ့သည်။ ပြင်သစ်နိုင်ငံနှင့်လည်းကောင်း၊ ဗဲလဂျီယမ်နိုင်ငံလည်းကောင်း၊ ရုရှအင်ပိုင်ယာကြီးနှင့်လည်ကောင်း၊ ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ မဟာမိတ်စာချုပ်များ ချုပ်ဆိုကာ ဗြိတိန်၏ အင်အားကို ကမ္ဘာတွင် တောင့်တင်းစေခဲ့သည်။ ဂရေးသည် ဂျာမန်ဧကရာဇ်၏ စစ်ဖြစ်ရေးခြေလှမ်းကို အကဲခတ်မိသည့်အတိုင်း ဗြိတိန်က ကြံ့ကြံ့ခံနိုင်စေရန် လိမ္မာပါးနပ်စွာ မဟာမိတ်များကို ရှာကြံဖွဲ့ခဲ့သည်။ ပထမကမ္ဘာစစ်ကြီး မဖြစ်မီအချိန်ကာလတွင် စစ်မက်မဖြစ်ပွားရအောင် ဂရေးသည် စေ့စပ်ကမ်းလှမ်းနည်းအမျိုးမျိုးဖြင့် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ကြိုးပမ်းချက်များ မအောင်မြင်ဘဲ ဂျာမန်တို့က စစ်စတင်တိုက်ခိုက်သောအခါ ဗြိတိသျှတစ်မျိုးသားလုံးက စစ်ကြေညာရေးကို ထောက်ခံအားပေးလာအောင် ဂရေးသည် ထိရောက်စွာ ဟောပြော၍ အစွမ်းကုန် ဆောင်ရွက်ခဲ့လေသည်။
၁၉၁၆ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရခေါင်းဆောင် အက် စကွစ် နန်းရင်းဝန်ရာထူးမှ နုတ်ထွက်သောအချိန်၌ ဂရေးသည် မျက်စိရောဂါ စွဲကပ်လာသဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်လိုက်လေသည်။ သူ၏တိုင်းပြည်အတွက် အမှုထမ်းခဲ့သည့် ကျေးဇူးကို အသိအမှတ်ပြုသောအားဖြင့် အင်္ဂလိပ် ဘုရင်မင်းမြတ်က လော့အဆင့်အတန်းတွင် အပါအဝင်ဖြစ်သော ဗိုင်းကောင့်ဘွဲ့ဖြင့် ချီးမြှင့်ခြင်းပြုသည်။ ထို့အတွက် ဂရေးအား ပထမဗိုင်းကောင့်ဂရေး အော့ဖယ်လိုဒွန်ဟူ၍လည်း စာအုပ်စာတမ်းများတွင် ရေးသားခေါ်ဝေါ်ကြသည်။ တစ်ခါတစ်ရံလည်း 'ဂရေးအော့ဖယ်လိုဒွန်'၊ သို့မဟုတ် 'လော့ဖယ်လိုဒွန်'ဟု ခေါ်ဝေါ်ရေးသားကြသည်။ ဂရေး ရေးသားခဲ့သော စာအုပ်များအနက် '၁၈၉၂ ခုမှ ၁၉၁၆ ခုနှစ်အထိ ၂၅ နှစ်ကာလ'ဟူသော စာအုပ်နှင့် 'ဖယ်လိုဒွန်စာတမ်းများ'(၁၉၂၆)ဟူသောစာအုပ်မှာ သမိုင်းမှတ်တမ်းတင်စာအုပ်များ ဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)