ကာနယ် ဆလေဒင် (ခေါ်) အက်ဒွပ် ဘော့စ်ဆလေဒင်သည် မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ် (ခရစ်နှစ် ၁၈၈၅ ခုနှစ်) သီပေါမင်းပါတော်မူ အရေး တော်ပုံနှင့်စပ်လျဉ်း၍ ထင်ရှားခဲ့သော အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး ဖြစ်လေသည်။ ဆလေဒင်သည် သီပေါမင်း နန်းမတက်မီ မင်းတုန်းမင်း၏လက်ထက်ကပင် အင်္ဂလိပ်အရေးပိုင်ကိုယ်စား လှယ်အဖြစ်ဖြင့် အထက်မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့ဘူးသည်။ သူ၏နာမည် အပြည့်အစုံမှာ အက်ဒွပ် ဗီ ဆလေဒင်ဖြစ် သည်။ မြန်မာနိုင်ငံသို့ရောက်လာစတွင် လက်ဖတင်နင်(ဗိုလ်) ရာထူးမျှသာဖြစ်ခဲ့သော်လည်း၊ နောင်တစစ ကက်ပတိန်(ဗိုလ် ကြီး)၊ မေဂျာ (ဗိုလ်မှူး)၊ ကာနယ်(ဗိုလ်မှူးကြီး) ရာထူးများဖြင့် တိုးတက် ချီးမြှင့်ခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင် ဆာဘွဲ့ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ မန္တလေး၌ အင်္ဂလိပ်အရေးပိုင် ကိုယ်စားလှယ်အဖြစ် မဆောင် ရွက်မီ မော်လမြိုင်၌၎င်း၊ ပဲခူး၌၎င်း အမှုထမ်းခဲ့ဘူးလေသည်။ မန္တလေး၌ အရေးပိုင် ကိုယ်စားလှယ်အဖြစ် အမှုထမ်းခဲ့ သည့်နှစ်များ (ခရစ် ၁၈၆၄-၁၈၆၉ ခုနှစ်)အတွင်း မင်းတုန်း မင်းနှင့်များစွာ အကျွမ်းဝင်သည်။ မင်းတုန်းမင်းသည် အင်္ဂလိပ် နှင့်ဆက်ဆံရေးတွင် ဆလေဒင်အားများစွာပင် အရေးပေးခဲ့လေ သည်။ ဆလေဒင်သည် မင်းတုန်းမင်း၏ နန်းတွင်းရေးများမှစ၍ မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာ ဓလေ့အမူအရာ များကို ကောင်းစွာ နားလည်ခဲ့သူဖြစ်သည်။

ဆလေဒင် (Sir Edward Bosc Sladen)

ခရစ်နှစ် ၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုံတိုင်အရေးတော်ပုံတွင် ဆလေဒင်သည် နွေရာသီစံနန်းတော်အတွင်း၌ ပိတ်မိနေခဲ့သဖြင့် အသက်ဆံဖျား လွတ်မြောက်အောင်ထွက်ပြေးခဲ့ရ၏။ ထို့နောက် ပန်တိမ်းမင်းသားအပါအဝင် မင်းညီမင်းသားများအား ကွပ်မျက် မည်ပြုသောအခါ၊ သတင်းတင်ကြိုရရှိထားသော ဆလေဒင်သည် မင်းတုန်းမင်းထံပြေး၍ လွတ်စေအမိန့်ကို ချမှတ်ခဲ့သည်။ သို့သော် ယင်းအမိန့်ကား အချိန်နှောင်းခဲ့သဖြင့် ဆလေဒင်၏ ကြိုးပမ်းမှုသည် အချည်းအနှီးဖြစ်ရလေသည်။ ဆလေဒင်သည် မင်းတုန်းမင်းနှင့် သင့်မြတ်ခြင်းကြောင့်၊ မြန်မာဝန်ကြီး၊ မင်းကြီးများနှင့် နိုင်ငံရေးတွင် သဘောချင်း မကြိုက်ညီဖြစ်ခဲ့လေရာ၊ ရန်ကုန်မြို့ရှိ ဝန်ရှင်တော်မင်းကြီး လက်ဖတင်နင်ဂျင်နရယ် (ဗိုလ်ချုပ်ကြီး) ဖိုက်က ဆလေဒင်အား ၁၈၆၉ ခုနှစ်တွင် မန္တလေးမှနုတ်သိမ်း၍ ရန်ကုန်မြို့သို့ ပြန်ခေါ် လေသည်။

ဆလေဒင်သည် မန္တလေးတွင် အရေးပိုင်ကိုယ်စားလှယ်ဟု ခေါ်သော အရာရှိအဖြစ်ဖြင့် ဆောင်ရွက်နေစဉ် တရုတ်ပြည် ယုူနန်နယ်အထိ လမ်းပန်းဆက်သွယ် ဖောက်လုပ်ရန်ကြိုးပမ်း ခဲ့သည်။ ခရစ်နှစ် ၁၈၆၇ ခုနှစ်တွင် မြန်မာမင်းနှင့် အင်္ဂလိပ်ဝန်ရှင်တော် မင်းကြီး လက်ဖတင်နယ်ဂျင်နရယ်ဖိုက်တို့ နှစ်ဦးပူးတွဲ၍ ကူး သန်းရောင်းဝယ်ရေးစာချုပ် ချုပ်ဆိုရာတွင်လည်း ဆလေဒင် ပါဝင်ဆောင်ရွက်ခဲ့လေသည်။ ဆလေဒင်သည် ရန်ကုန်မြို့တွင် စိန်ဂျွန်းကောလိပ်ကျောင်း ကို တည်ထောင်ခဲ့သော ဆရာမှတ်ခေါ် ဒေါက်တာမတ်နှင့်လည်း မော်လမြိုင်မြို့တွင် အမှုထမ်းဆောင်ခဲ့စဉ်က သိကျွမ်းခင်မင်ခဲ့ ၏။ ဒေါက်တာမတ် မန္တလေးသို့တက်၍ မင်းတုန်းမင်းထံမှ သာသနာပြုကျောင်းကို တည်ထောင်ခွင့်တောင်းခံခဲ့စဉ်ကလည်း၊ ဆလေဒင်သည် များစွာကူညီခဲ့ပေသည်။ ဆလေဒင်၏ ကူညီမှု များကြောင့် မန္တလေးတွင် ဒေါက်တာမတ်၏ သာသနာပြု ကျောင်း ဖြစ်မြောက်ခဲ့ရပေသည်။

မြန်မာဝန်ကြီးမင်းကြီးများနှင့် မသင့်မတင့်သောကြောင့် မန္တလေးမှ ပြန်သွားပြီးခဲ့သည့်နောက်၌ ဆလေဒင်၏ အကြောင်း သည် အနည်းငယ်တိမ်မြုပ်နေခဲ့၏။ သို့သော် ဆလေဒင်သည် ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အင်္ဂလိပ်ဗိုလ်ချုပ် ပရင်းဒါဂတ်နှင့်အတူ သီပေါမင်းအား ဖမ်းဆီးနန်းချ၍ မြန်မာ နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ရန် နောက်ဆုံးအကြိမ် မန္တလေးသို့ ဆိုက်ရောက်လာလေသည်။ သီပေါမင်း လည်း ကင်းဝန်မင်းကြီး နှင့်အတူ ဗိုလ်ချုပ်ပရင်ဒါဂတ်နှင့် ကာနယ်ဆလေဒင်တို့ကို နန်း တော်ခန်းမကြီးအတွင်း၌ ကောင်းစွာလက်ခံပြောဆိုလေသည်။ ကာနယ်ဆလေဒင်က အိန္ဒိယဘုရင်ခံချုပ်၏ အမိန့်အရ မြန်မာ နိုင်ငံကို ထီးနန်းနှင့်တကွ အရှင်နှစ်ပါးကိုပါ သိမ်းယူရမည့် အကြောင်းတင်လျှောက်၏။ ထိုည၌ ကာနယ် ဆလေဒင်လည်း လွှတ်တော်အဆောက်အအုံ၌ စခန်းချ၏။ နောက်တစ်နေ့တွင် ဂျင်နရယ် ပရင်းဒါဂတ်နှင့် ကာနယ်ဆလေဒင်တို့သည် သီပေါ မင်းအား ဂေါဝိန်ဆိပ်ကမ်းမှ သူရိယသင်္ဘောဖြင့် ဖမ်းဆီးခေါ် ဆောင်သွား လေသည်။ သီပေါမင်းနှင့် မိဘုရားနှစ်ပါးပိုင် နန်းစဉ် ငမောက်ကျောက်အပါအဝင် ကျောက်မျက်ရတနာများ ကို သူခိုဓားပြရန်မှကာကွယ်ရန်ဟု အကြောင်းပြ၍ သိမ်းဆည်း ယူငင်သွားသည်ဟု ကုန်းဘောင်မင်းဆက် ရာဇဝင်၌ အဆိုရှိခဲ့ လေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)