အက်ဗနီပင်သည် သစ်မာပင်မျိုးဖြစ်သည်။ သစ်သားရောင်မှာမည်းနက်၍ သတ္တုကဲ့သို့ ပြောင်လက်လာ အောင် အရောင်တင်ပေးနိုင်သည်။ ရုက္ခဗေဒအလိုအားဖြင့် အက်ဗနီပင်သည်အက်ဗီနေစီအီး မျိုးရင်းတွင် ဒိုင်အိုစပိုင်ရိုးမျိုးစု၌ပါဝင်၏။ အက်ဗနီပင်အမျိုးမျိုး ရှိရာ ယင်းတို့ကို ဂျပန်၊ ဖိလစ်ပိုင်ကျွန်း၊ အရှေ့အိန္ဒိယကျွန်းစု၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ မတ်ဒါဂက်စကာကျွန်း၊ အာရိက တိုက်နှင့် အမေရိကတိုက်တို့၌ တွေ့ရသည်။ အက်ဗနီပင်ဝယ် အနှစ်မှာအရောင်နက်၍ အပြင်သားမှာအဖြူ၊ မွဲပြာရောင်၊ ပန်းဆီနုရောင် စသည်ဖြင့် အမျိုးမျိုးရှိသည်။ အချို့အက်ဗနီပင် များ၏ အနှစ်သားမှာ အမည်းရောင်မရှိဘဲ အညိုရောင်ရှိပြီးလျှင် အညိုဖျော့၊အနီ၊ အဝါ၊ အစင်းကြောင်းများပါရှိသည်။ အက်ဗနီ ပင်အနှစ်သားထဲ၌ ညိုနက် သို့မဟုတ် အနက်ရောင်ရှိ၍ မာသောသစ်စေးများပါရှိ၏။ ထို့ကြောင့် အက်ဗနီသားဖြင့် ပြု လုပ်သောပစ္စည်းများမှာ ထိုသစ်စေးများကြောင့် ကျိုးပဲ့လွယ်ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ ယင်းတို့ကို ပန်းပုလုပ်ငန်းနှင့် ပွတ်ခံ လုပ်ငန်းများတွင် အသုံးပြုကြ၏။ အနှစ်သားတစ်ကုဗပေသည် အလေးချိန် ပေါင် ၇ဝ ကျော်ရှိ၏။ အရောင်ဖျော့သော အကာ သား တစ်ကုဗပေမှာ ပေါင် ၅ဝ မှ ၅၅ အထိ လေးသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သီဟိုဠ်ကျွန်းများတွင်ပေါက် ရောက်သောအက်ဗနီပင်များ၏ သစ်လုံးအချင်းသည် သုံးပေ အထိကြီးထွားနိုင်၏။ အာဖရိကတိုက် အနောက်ဘက်ပိုင်းနှင့် အရှေ့အိန္ဒိယကျွန်းစုများတွင် ပေါက်ရောက်သော အက်ဗနီပင် များသည်လည်း ကောင်းမွန်ကြပေသည်။ အချို့အက်ဗနီပင်မျိုး၏ အသီးကိုစားနိုင်သည်။

အမဲနက်ဆုံးသော အက်ဗနီပင်များကို အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းများတွင် တွေ့ရသည်။ ထိုထက်ပို၍ မဲနက်သော အက်ဗနီသားများနှင့် အညိုရောင်အက်ဗနီသားများကို အရှေ့ အိန္ဒိယကျွန်းစုနှင့် အာဖရိကတိုက်များ၌တွေ့ရသည်။ အမေရိကန် ပြည်ထောင်စုနှင့် အရှေ့ဘက်တိုင်းပြည်များတွင် ပေါက်ရောက် ကြသော တည်ပင်များမှာ အက်ဗနီပင်မျိုးဖြစ်သော်လည်း ယင်း တို့၌ အနှစ်သားများနည်းသဖြင့် တန်ဖိုးမရှိလှချေ။ အမေရိကန် တည်ပင်များကို လွန်းနှင့် ဂေါက်သီးရိုက်တုတ်များ၏ထိပ်တွင် သုံးကြ၏။

အက်ဗနီသားများကို စန္ဒယားလက်နှိပ်ခလုတ်များ၊ ပြွေ များ၊ ဓားရိုး၊ ဝက်မှင်ဘီးနှင့် အလှအပပစ္စည်းကလေးများ ပြု လုပ်ရာ၌ အသုံးပြုကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)