အက်သယ် စမိုက်

အင်္ဂလိပ် တေးပြုစာဆို

စမိုက်အီ၊ အမ်(ခရစ် ၁၈၅၈-၁၉၄၄) ပြင်ဆင်ရန်

 
အီသယ်စမစ်

အင်္ဂလိပ် အမျိုးသမီး ဂီတစာဆိုနှင့် စာရေးဆရာမကြီး အက်သယ်မေရီစမိုက်သည် ၁၈၅၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်၍ ဗိုလ်ချုပ် ဂျေ၊ အိပ်၊ စမိုက်၏ သမီးဖြစ်သည်။ အင်္ဂလိပ်စာဆိုလောကတွင် တစ်ဦးတည်းသော ထင်ရှားသည့် အမျိုးသမီး ဂီတစာဆိုဖြစ်၏။ ၁၉၂၂ ခုနှစ်တွင် ဒီ၊ ဘီ၊ အီး ခေါ် ဗြိတိသျှနိုင်ငံတော် အမျိုးသမီးဘွဲ့ထူးကို ရရှိသည်။ အက်သယ်သည် ငယ်စဉ်အခါက ဂျာမနီနိုင်ငံ လိုက်ပဆစ်မြို့၌ ဂီတစာဆိုကျော်ကြီး ဟိုင်းနရစ်ဖွန်ဟတ်ဆို ဂင်ဗတ်ထံတွင် ဂီတပညာကို လေ့လာဆည်းပူးခဲ့သည်။ သူစပ်ဆိုသော သီချင်းများသည် အင်္ဂလန်ပြည်မှာထက် ဥရောပတိုက်၌ ပိုမိုကျော်ကြားသည်။ အက်သယ်သည် အင်္ဂလိပ်ဂီတစာဆိုပင် ဖြစ်လင့်ကစား ဂီတပညာကို ဂျာမနီနိုင်ငံ၌ လေ့လာဆည်းပူးခဲ့သူ ဖြစ်သည့်အလျောက် သူ၏ သီချင်းများမှာ အင်္ဂလိပ်မဆန်ဘဲ ဂျာမန်ဆန်လေသည်။ ရှေးဦးစွာ သူစပ်ဆိုသော ဖန်တာဇီယိုခေါ် အော်ပရာဇာတ်ပွဲကို ရုံတင်ပြသရာတွင် လူကြိုက်များ လှ၏။

ထိုနောက် ဆက်လက်၍ လိုက်ပဆစ်၊ ပရာဟ၊ ဗီယင်းနားစသည့် မြို့ကြီးများတွင် သူကိုယ်တိုင်ရေးသားသော အော်ပရာဇာတ်များကို ရုံတင်ပြသခဲ့သည်။ လန်ဒန်မြို့တွင် ကင်ဗင့်ဥယျာဉ်၌ ရုံတင်ပြသော ဒါဝေါအော်ပရာဇာတ်မှာ အလွန်ကျော်ကြားသည်။ ထိုဇာတ်များအပြင် သီချင်းများကိုလည်း စီကုံးခဲ့သဖြင့် ထင်ရှားသော အမျိုးသမီးစာဆိုကြီး ဖြစ်သည်။ သူသည် အမျိုးသမီးများ အဖိအနှိပ်ခံရမှုမှ တော်လှန်ရေးတွင် အရေးပါစွာ ဝင်ရောက်ဆောင်ရွက်ကာ 'အမျိုးသမီးများ ချီတက်ခဲ့'ဟူသော အမျိုးသမီးများ စိတ်တက်ကြွဖွယ်ရာ သီချင်းကို ရေးသားခဲ့သည်။ ထိုအမျိုးသမီး ဂီတစာဆိုကား ၁၉၄၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)