အကျွတ်အလွတ်စေတီတော် သည် ပဲခူးမြို့အနောက်ဘက်ရှိ မဇင်းချောင်း၏ တောင်ဘက် တောအတွင်း တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

ဤစေတီကို ရာဇာဓိရာဇ်၏ သားတော်ဖြစ်သူ ဗညားဓမ္မရာဇာက တည်ထားကိုးကွယ်ခဲ့သည်။ သက္ကရာဇ် ၇၈၅ ခုနှစ်တွင် ဗညားဓမ္မရာဇာသည် ဟံသာဝတီ၌ နန်းတက်ခဲ့၏။ ထိုမင်းလက်ထက်တွင် တိုင်းပြည်မငြိမ်မသက်ဖြစ်ရာ မင်းကြီးသည် စိတ်မချမ်းမသာ ဖြစ်နေ၏။ ထိုအခါ ပန်းရံတောင်ငူအရှင်မြတ်သည် မင်းကြီးထံကြွလာပြီး မင်းကြီးအား တရားဟောပြောခဲ့သည်။ မင်းကြီးသည် အကုသိုလ်စရိုက်တို့မှ ကင်းကွာခဲ့ရသဖြင့် ဟံသာဝတီ၏ အနောက်ဘက် သုဝဏ္ဏမဟီကုန်းတွင် စေတီတည်ခဲ့သည်။ စေတီ၌ နန်းစဉ်ကိုးကွယ်ခဲ့သည့် ဒက္ခိဏသာခါရုပ်ပွားတော်၊ ဓာတ်တော်သုံးဆူတို့ကို ဌာပနာခဲ့သည်။ ထို့ပြင် မင်းကြီး ဝတ်ဆင်သည့် မကိုဋ်တော်နှင့် ပတ္တမြားတို့ကိုလည်း ဌာပနာခဲ့ကာ ရွှေသင်္ကန်းကပ်လှူခဲ့သည်။

ထို့အပြင် စေတီတော်ကုန်းမြေ၏ မြောက်ယွန်း၌ ဓာတ်တော်များ ဌာပနာကာ စေတီတော်တစ်ဆူ တည်ခဲ့သည်။ ထိုစေတီတော်တို့ကို အကျွတ်စေတီ၊ အလွတ်စေတီ ဟု ခေါ်တွင်ခဲ့ကြသည်။[၁]

ပြုပြင်မွမ်းမံမှုများ ပြင်ဆင်ရန်

စေတီတော်တို့သည် ကာလကြာညောင်းလာသဖြင့် ယိုယွင်းပျက်စီးလာခဲ့ကြသည်။ တောအုပ်များဖြင့် အုပ်ဆိုင်းကာ ကွယ်နေ၏။

သက္ကရာဇ် ၁၃၂၁ ခုနှစ်၊ ကဆန်လဆန်း ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ နာဂလိုဏ်ဂူ ကလေးဝကျောင်းဆရာတော် ဦးသာဂရ ဦးဆောင်ကာ ရှာဖွေရာ စေတီတော်ကို တွေ့ရှိခဲ့သည်။ ၁၃၂၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်နေ့မှစတင်ကာ စေတီအဟောင်းနေရာတွင် စေတီငယ်တစ်ဆူစီ တည်ထားခဲ့သည်။ ကဆုန်လဆန်း ၃ ရက်နေ့တွင် စေတီနှစ်ဆူကို ထီးတင်၍ အနေကဇာတင်ပွဲ ကျင်းပခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၇၉။