အခြေခံ အသက်ကယ် အထောက်အကူပြုနည်း

အခြေခံ အသက်ကယ် အထောက်အကူပြုနည်း (အင်္ဂလိပ်: Basic life support (BLS)) ဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပုံစံတစ်ခုဖြစ်၍ ရောဂါ၊ ဖျားနာ၊ ဒဏ်ရာဖြင့် အသက်အန္တရာယ်ရှိသောသူတစ်ဦးဦးကို ဆေးရုံ၌ အပြည့်အဝ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်မီ ကျင့်သုံးသောပုံစံတစ်ခုဖြစ်သည်။ လေ့ကျင့်ထားသော ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်များ (အရေးပေါ် ကျန်မာရေးစောင့်ရှောက်ပေးသော ကျွမ်းကျင်သူများ၊ အနီးနားက ထိုဗဟုသုတရှိသော သာမန်ပုဂ္ဂိုလ်များ) က ဆောင်ရွက်ပေးနိုင်သည်။

ရုတ်တရက် နှလုံးခုန်ရပ်ပြီး (၄)မိနစ်မှ (၆)မိနစ်အတွင်း နှလုံးကို ပြန်ခုန်လာအောင် မပြုလုပ်နိုင်ပါက ဦးနှောက်ပါ ပျက်စီးသွားနိုင်သဖြင့် လူနာကို အသက်ပြန်ရှင်လာအောင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် နှလုံးခုန်ခြင်းနှင့် အသက်ရှူခြင်းတို့ကို အမြန်ဆုံးပြန်လည်ရရှိလာအောင် ဆောင်ရွက်ပေးနိုင်ရန် ချက်ချင်း အခြေခံ အသက်ကယ် အထောက်အကူပြုနည်းကို ချက်ချင်းစတင် ဆောင်ရွက်ပေးနိုင်ရန် လွန်စွာမှ အရေးကြီးသည်။

အသက်ကယ်အထောက်အကူပြုနည်း ကွင်းဆက် ပြင်ဆင်ရန်

ရုတ်တရက် အသက်ရှူခြင်းနှင့် နှလုံးခုန်ရပ်သွားခဲ့သော လူနာတစ်ယောက်ကို အသက်ကယ်လိုပါလျှင် ကွင်းဆက်(၄)ခုကို မနှောင့် မနှေး ဆက်တိုက် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ပထမကွင်းဆက်မှာ လူနာလဲကျသွားသည်နှင့် တပြိုင်နက် အနီးအနားရှိသူတစ်ဦးက ချက်ချင်းဆေးရုံဆေးခန်းများအား အကြောင်းကြားရန် လိုအပ်ပါသည်။

ဒုတိယကွင်းဆက်မှာ ထိုသူကပင် လူနာ၏နှလုံးပုံမှန်ပြန်ခုန်လာပြီး အသက်ပြန်ရှူလာအောင် အမြန်ဆုံး အခြေခံအသက်ကယ် အထောက်အကူပြုနည်းကို သုံးရမည်ဖြစ်သည်။

တတိယကွင်းဆက်မှာ ဆေးရုံဝန်ထမ်းများရောက်ရှိလာပြီး လူနာကို ဆေးရုံအရေးပေါ်ဌာနသို့ပို့ကာ အရေးပေါ်ဆေးများ၊ နှလုံးနှိုးစက်(Defibrillator)တို့ကို သုံး၍ နှလုံးကို ပုံမှန်ပြန်ခုန်လာအောင် ပြုလုပ်ပေးခြင်းတို့ ဖြစ်သည်။

စတုတ္ထကွင်းဆက်မှာ လိုအပ်ပါက အထူးကြပ်မတ်ဆောင်တွင် အသက်ရှူအထောက်အကူပြုစက်(Ventilator) စသည်တို့ဖြင့် အသက်ရှူပုံမှန် ဖြစ်သွားသည်အထိ အမြန်ဆုံးအဆင့်မြင့်စောင့်ရှောက်ကုသမှု ဆောင်ရွက်ပေးမည် ဖြစ်သည်။

ရုတ်တရက် အသက်ဆုံးရှုံးစေနိုင်သော အကြောင်းအရာများ(Sudden Death) ပြင်ဆင်ရန်

ရုတ်ခြည်း နှလုံးခုန်ရပ်သွားခြင်း ပြင်ဆင်ရန်

နှလုံးရောဂါဟူသမျှသည် နှလုံးခုန်ခြင်းကို ရုတ်တရက် ရပ်သွားစေနိုင်သည်။ အထူးသဖြင့် နှလုံးသွေးကြောပိတ်သွားလျှင် နှလုံးခုန် ရုတ်တရက် ရပ်သွားတတ်သည်။ ဤသို့ဖြင့် နှလုံးသွေးကြောပိတ်သည့် လူနာများ၏ ထက်ဝက်မျှသည် ဆေးရုံသို့ မရောက်နိုင်ဘဲ ဖြစ်သည့်နေရာမှာပင် ရုတ်ခြည်း အသက်ဆုံးရှုံးတတ်သည်။

အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း ပြင်ဆင်ရန်

အရာဝတ္တုများကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားပါကလည်း အသက်ရှူရပ်ပြီး (၄-၅)မိနစ်အတွင်း နှလုံးခုန်ပါ ရပ်တန့်သွားနိုင်သည်။ ကလေးများတွင် မကြာခဏ လေဝင်လမ်းကြောင်းကို အရာဝတ္တုများ ပိတ်ဆို့တတ်သည်။ လူကြီးများ အစားအစာ ပိတ်ဆို့၍လည်းကောင်း၊ သတိမေ့မြောနေစဉ် ပါးစပ်ထဲရှိ သွားတုများ၊ အန်ဖတ်များ ပိတ်ဆို့၍ လည်းကောင်း သို့မဟုတ် လျှာအနောက်သို့ ခေါက်ဝင်သွား၍သော်လည်းကောင်း၊ ရုတ်တရက် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ရှူ နှလုံးခုန် ရပ်သွားနိုင်သည်။

ရေနစ်ခြင်း ပြင်ဆင်ရန်

ရေနစ်လျှင် အသက်ရှူရပ်ပြီး မကြာမီ နှလုံးခုန်ပါ ရပ်တန့်သွားသည်။

လေဖြတ်ခြင်း ပြင်ဆင်ရန်

လေဖြတ်သူတွင် အသက်ရှူခြင်းကို ထိန်းချုပ်သည့် ဦးနှောက်၏အစိတ်အပိုင်းတွင် သွေးကြောပိတ်၊ သွေးယိုသွားပါက ရုတ်ခြည်းအသက်ရှူရပ်ပြီး မကြာမီ နှလုံးခုန်ပါ ရပ်တန့်သွားနိုင်သည်။

ဆေးအလွန်အကျွံသောက်သုံးမှု ပြင်ဆင်ရန်

အချို့သောဆေးများ(ဥပမာ-အိပ်ဆေး၊ ဘိန်းမှထုတ်သော ဆေးများ) အလွန်အကျွံသောက်သုံးမိပါကလည်း အသက်ရှူခြင်း ထိန်းချုပ်သည့် ဦးနှောက်အစိတ်အပိုင်း ပျက်စီးခြင်း၊ အသက်ရှူရပ်ကာ နှလုံးခုန်ပါ ရပ်နိုင်သည်။

မီးခိုးများ ရှူရှိုက်မိခြင်း ပြင်ဆင်ရန်

မီးလောင်စဉ်အတွင်း မီးခိုးများကို ရှူရှိုက်မိလျှင်လည်း ရုတ်တရက် အသက်ဆုံးရှုံးနိုင်သည်။

ဓာတ်လိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း ပြင်ဆင်ရန်

ဓာတ်လိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကြောင့် ရုတ်တရက် နှလုံးရပ်တန့်ရာမှ အသက်ရှူပါ မကြာမီ ရပ်သွားမည်ဖြစ်သည်။

ပြင်းထန်သော ရင်ခေါင်းဒဏ်ရာ ပြင်ဆင်ရန်

ရင်ခေါင်းပြင်းထန်စွာ ဒဏ်ရာရလျှင်လည်း ရုတ်တရက် အသက်ရှူရပ်ပြီး နှလုံးခုန်ရပ်နိုင်သည်။(ဥပမာ-ကားတိုက်မှု)

အထက်ဖော်ပြပါ အခြေအနေများတွင် လူနာများအား အချိန်မီ ကယ်မည့်သူမရှိလျှင် ရာနှုန်းပြည့် အသက်ဆုံးရှုံးရမည် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်သည် အသက်ရှူခြင်းနှင့် နှလုံးခုန်ရပ်သွားသည်ကို ယေဘုယျအားဖြင့် သေသည် ဟု မှတ်ချက်ချလေ့ ရှိသည်။ သို့ရာတွင် ဘေးပတ်ဝန်းကျင်ရှိ တစ်ဦးတစ်ယောက်က (၄)မိနစ်မှ (၆)မိနစ်အတွင်း လျင်မြန်ဖျတ်လတ်စွာ အခြေခံအသက်ကယ် အထောက်အကူပြုနည်းကို ကျင့်သုံးပေးပါက လူနာများ၏ ထက်ဝက်သည် အသက်ပြန်ရှင်လာနိုင်မည် ဖြစ်ပါသဖြင့် လူတိုင်းသည် အခြေခံ အသက်ကယ် အထောက်အကူပြုနည်းကို ကျင်လည်မှန်ကန်မြန်ဆန်စွာ ကျင့်သုံးပေးတတ်ရန် လိုအပ်သည်ကို အသိပေးလိုသည်။

နှလုံးဖွဲ့စည်းတည်ဆောက်ပုံ ပြင်ဆင်ရန်

နှလုံးသည် ကြွက်သားများဖြင့် ပြုလုပ်ထားသော အခေါင်းပွ အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ရင်ခေါင်းထဲတွင် အဆုတ်နှင့် ရင်ညွန့်ရိုးတို့ဖြင့် ခြံရံလျက်ရှိသည်။ နှလုံးအရွယ်အစားမှာ လက်သီးဆုပ်ခန့် ပမာဏရှိပြီး နှလုံး၏အလယ်တွင် ကြွက်သားဖြင့် ဖွဲ့စည်းထားသော အကန့်က နှလုံးကို လက်ယာနှင့် လက်ဝဲဘက်အခန်းကြီးများဟူ၍ ပိုင်းခြားထားသည်။ တဖန် လက်ယာနှင့် လက်ဝဲဘက်အခန်းကြီးများကို အပေါ်ခန်းနှင့် အောက်ခန်းများဟူ၍လည်း ထပ်မံပိုင်းခြားလိုက်သဖြင့် စုစုပေါင်း(၄)ခန်း ဖြစ်လာသည်။ နှလုံးအကာ၏ အပြင်ဘက်ဆုံးအလွှာကို(Pericardium)၊ အလယ်ကြွက်သားအလွှာကို(Myocardium)နှင့် အတွင်းဆုံး အမှေးပါးအလွှာကို(Endocardium)ဟု ခေါ်သည်။ အဆို့ရှင်များ (၄)ခုရှိသည့်အနက် (၂)ခုက နှလုံး၏ဝဲယာတွင် အပေါ်ခန်း၊ အောက်ခန်းဟူ၍ ပိုင်းခြားပေးထားသည်။ ကျန်အဆို့ရှင် (၂)ခုသည် နှလုံးမှထွက်သော အဓိကသွေးလွှတ်ကြောကြီး (၂)ခု၏အဝတွင် တည်ရှိပြီး သွေးလည်ပတ်ရာတွင် တစ်ဖက်သို့သာ စီးစေပြီး နောက်ပြန်စီးခြင်းကို တားဆီးထားသည်။