နိုင်ငံအသီးသီးတွင် Grand Strategy ခေါ် အဂ္ဂဗျူဟာတစ်ခု ရှိကြစမြဲ ဖြစ်သည်ဟု အဆိုရှိသည်။ သို့သော် နိုင်ငံတိုင်းတွင် ထို Grand Strategy ရှိကြသည် မဟုတ်ပါ။ နိုင်ငံတစ်ခု၏ Grand Strategy ဆိုသည်မှာ အဆိုပါနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် မည်သို့သော နိုင်ငံအဖြစ် ရပ်တည်လိုသည်ဆိုသော သန္နိဋ္ဌာန်ပေါ်တွင် အခြေခံသောကြောင့် သက်ဆိုင်ရာနိုင်ငံ၏ DNA ထဲတွင် ပါရှိလာသောအရာ ဖြစ်သည်ဟု ကမ္ဘာကျော်ပညာရှင်တစ်ဦးက ရေးသားခဲ့သည်။

သက်ဆိုင်ရာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် မည်သို့ရပ်တည်လိုသည်ဆိုသော သန္နိဋ္ဌာန် ပြဋ္ဌာန်းချက်ပေါ်တွင် အခြေခံသောကြောင့် နိုင်ငံတစ်ခု၏ Grand Straegy ဆိုသည်မှာ ထိုနိုင်ငံတစ်ခုထဲကို ကွက်၍ စဉ်းစားထားခြင်း မဟုတ်ဘဲ ကမ္ဘာကြီးနှင့်ချိတ်၍ စဉ်းစားထားသည်ဟုလည်း သဘောပေါက်နိုင်သည်။ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ပထဝီနိုင်ငံရေး (Geopolitics) ၊ AFTA ကဲ့သို့ ဒေသတွင်း ချိတ်ဆက်ထားသော စီးပွားရေး (Regionalization) ၊ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော လှိုင်းများနှင့် ချိတ်ဆက်မှုများ (Global Trend and Integration) စသည်တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာသည်ကို တွေ့မြင်နိုင်သည်။ ခြုံငုံ၍ပြောရလျှင် တစ်နိုင်ငံတည်းသဘောကို ကျော်၍ အပြင်ကို ကြည့်သော Outwards Looking သဘော ပါရှိရသည်ဟု ဆိုလိုပေသည်။

ထိုသဘောတရား၏ ဆန့်ကျင်ဘက်မှာ အတွင်းသို့ ပြန်ကြည့်သည့် သဘောတရားဖြစ်သည်။ Inward Looking ဟု သုံးနှုန်းပါသည်။ Inward Looking သဘောကိုသာ ကျင့်သုံးသောနိုင်ငံများသည် ပြည်တွင်းရေးကိုသာ အဓိကထားသောကြောင့် အဆုံးတွင် သွင်းကုန်အစားထိုးရေး၊ ရိက္ခာဖူလုံရေးစသည့် Self Suffiency သဘောကို ရောက်ရှိသွားတတ်သည်ကို တွေ့ရသည်။ ဒေသတွင်း ချိတ်ဆက်ထားသော နယ်ခြားမဲ့ ကူးသန်းရောင်းဝယ်ရေးများ (ဥပမာ-AFTA) လက်မှတ်ရေးထိုးထားသော နိုင်ငံများတွင် ‘ရောင်းစရာ' ပို့ကုန်မြှင့်တင်ရေးကို မလုပ်ခဲ့လျှင် ‘အရောင်းခံရမည်' မှာ သေချာနေပေသည်။

အဓိကပြောလိုသောအချက်မှာ နိုင်ငံတစ်ခုသည် စိတ်ပိုင်းဘဝအတွက် (ဥပမာ-အမျိုးသားရေး) အတွင်းကိုကြည့်သည့်သဘောကို ကျင့်သုံးရန် လိုပြီး ရုပ်ပိုင်းဘဝ (ဥပမာ- Development) အတွက် အပြင်ကိုကြည့်ရန် လိုအပ်သည်ဆိုသော သဘောတရား ဖြစ်သည်။ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်နှင့် တတိယ မြန်မာနိုင်ငံတော်များကို ထူထောင်ခဲ့သူများတွင် Grand Strategy ရှိသည်ကို မြင်နိုင်သည်။