အင်ကြင်းတောစေတီ သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့နယ်ဆိပ်ခွန်ရွာတွင် တည်ရှိသည်။ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုတော်စေတီတော်ပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သမိုင်းအထောက်အထားတို့ဖြင့် အစဉ်အဆက် လက်ခံယုံကြည်ခဲ့ကြသော မုဋ္ဌောဘွဲ့မည်ခံ စေတီတစ်ဆူ ဖြစ်ပြီး[၁] အင်ကြင်းတစ်ကိုင်း၊ ပျဉ်းတစ်ကိုင်း အင်ကြင်းတောစေတီတော်မြတ်ဟူ၍လည်း ကျော်ကြားသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မူလမုဋ္ဌောစေတီတော်၏ ဉာဏ်တော်နှင့်ပတ်သက်၍ အချို့က ဝါပခြင်း(ဝါဖတ်ခြင်း) အရွယ်မျှဟု ခန့်မှန်းရေးသားခဲ့ကြသည်။ သက္ကရာဇ် ၅၄၅ ခုနှစ်တွင် နရပတိစည်သူမင်းကြီး ဖူးမြှော်တွေ့ရှိသော အင်ကြင်းတောစေတီတော်မှာ ဉာဏ်တော် ၅ တောင်နှင့် ထီးတော် ၅ ဆင့်ပါရှိသည်ဟု ဆိုသည်။

ရှေးဟောင်းသုတေသနဌာနရှိ "သျှိုင်းတော်ရှစ်သောင်းလေးထောင်စာရင်းဘုရား"ခေါင်းစီးအမည်ရှိ ပေထုပ်တွင်" ဆိတ်တခွံမုဋ္ဌော " ဟူ၍ မုဋ္ဌောဆူရေ (၈၀) ထဲတွင် တွေ့ရှိရသည်။ အင်ကြင်းတောစေတီတော် ဗုဒ္ဓပုဇနိယပွဲတော်ကျင်းပသော သမိုင်းနှင့်ပတ်သက်၍ အစောဆုံးအနေနှင့် ပုဂံပြည်ဓမ္မရာဇိကဂူဘုရား နံရံတွင် ရေးထားသော မင်စာအနေနှင့်လည်းကောင်း၊ အင်းဝခေတ်က မင်းအဆက်ဆက်တို့ အင်ကြင်းတောစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ကျော် (၁၊ ၂၊ ၃) ရက်နေ့များ၌ ဆီမီးထွန်းညှိပူဇော်ကြပုံများကိုလည်းကောင်း၊ မြန်မာဂေဇက်တီးယားစာစောင်ထဲမှ ရွှေဘိုမြို့နယ်စစ်တမ်းတွင် အင်ကြင်းတောဘုရားပွဲတော်အကြောင်း ဖော်ပြထည့်သွင်းထားသည်ကိုလည်းကောင်း၊ အစောဆုံးပြဋ္ဌာန်းစာအုပ်ဖြစ်သော ပဉ္စမတန်းဒေါင်းဖတ်စာတွင်လည်း သင်ခန်းစာတစ်ခုအနေနှင့် "အင်ကြင်းတောဘုရားပွဲတော်အကြောင်း" ဟူ၍ ထည့်သွင်းရိုက်နှိပ်ထားသည်ကိုလည်းကောင်း အသီးသီးလေ့လာတွေ့ရှိရသည်။[၁]

အင်ကြင်းတောစေတီတော်မြတ်ကြီးကို သီရိဓမ္မာသောက မင်းကြီးက သာသနာသက္ကရာဇ် ၂၂၃ ခုနှစ် (BC 300) ခန့်တွင် တည်ထားတော်မူခဲ့သည်။ မှတ်တမ်းမှတ်ရာများအရ သက္ကရာဇ် ၅၄၅ ခုနှစ် ပုဂံမင်းဆက် ၄၇ ဆက်မြောက်ဖြစ်သော နရပတိစည်သူမင်းကြီးက အင်ကြင်းတောစေတီတော်၏ မူလဉာဏ်တော်အမြင့် ၅ တောင်မှ ဉာဏ်တော်အတောင် ၄၀ ခန့်အထိ တိုးမြှင့်၍ မွမ်းမံတည်ထားတော်မူခဲ့ကြောင်းကိုလည်း တွေ့ရှိရသည်။ ထိုအချိန်က စေတီတော်မှာ ပစ္စယံ ၃ ဆင့်၊ အထက်လေးထောင့်ချိုး၊ ပန်းအိုးတင်ပွတ်စေတီ၊ ဉာဏ်တော်အတောင် ၄၀ ရှိသည်ဟု ဆိုသည်။ ထို့အပြင် အင်ကြင်းတောစေတီတော်၏ တနင်္ဂနွေထောင့်(အရှေ့မြောက်)အရပ်တွင် စေတီတော်နှင့် အတောင်(၂၀)ခန့်အကွာ၌ အရှေ့နောက်အလျားအတောင်(၃၀)၊ တောင်မြောက်အနံ (၁၉)တောင်နှင့်(၁)မိုက်ရှိ သိမ်တစ်ခုနှင့် ၎င်းသိမ်၏မြောက်ဘက်မှကပ်လျက် တောင်ဘက်မျက်နှာလှည့်ပေါင်းကူး အခုံးနှင့် အုတ်ဂူဘုရားတစ်ဆူ၊ ဂူအထွက်အရှေ့ဘက်အနောက်ဘက် ဆီမီးလှူရန်အပေါ်မှ အခွက်များစွာပါရှိသော တစ်တောင်တစ်မိုက်ခန့်အမြင့်ရှိ ကျောက်တိုင်များ စိုက်ထူထားကြောင်းကိုလည်း မှတ်တမ်းမှတ်ရာများမှတဆင့်သိရှိရသည်။

စေတီတော်ကြီး၏ အရှေ့မျက်နှာတွင် နရပတိစည်သူမင်းကြီး ဖောင်ဦးဆိုက်ရာ အထိမ်းအမှတ်အဖြစ် စေတီငယ်(၂)ဆူကို ဖိနပ်တော်နှင့်တစ်ဆက်တည်း (၂)ဆူတွဲများကို လှူဒါန်းခဲ့သေးသည်။ ၎င်းအလှူကောင်းမှုများအပြင် ဆီမီး၊ ဆွမ်း၊ သင်ပုတ်ဝတ်အတွက် ဝတ်ပြေပယ်(၅)ပယ်(၂)စိတ်(တင်း ၂၀ ကြဲခန့်) လယ်မြေကိုလည်း လှူဒါန်းခဲ့ပြီး အစောင့်နေဘုရားကျွန်များကိုပါ လှူဒါန်းခဲ့သည်။

သက္ကရာဇ်(၁၂၁၄)ခုနှစ် အရေးတော်ပုံတွင် မင်းတုန်းမင်း သားနှင့်ညီတော်ကနောင်မင်းသားတို့ဘက်မှ အမှုတော်ကို လိုက်ပါထမ်းရွက်ခဲ့သော တည်တောဗိုလ်၏သား "ကြောင်သင်းဗိုလ်" သည် အရေးတော်ပုံအတွင်းက မလွှဲရှောင်သာသော စစ်ရေးကိစ္စကြောင့် အင်ကြင်းတောဘုရားရင်ပြင်တော်ပေါ်တွင် မြင်းဆွဲသွားမိသည်ကို နောင်တွင်သတိတရားရ၍ ထိုအပြစ်မှကျေပါစေရန် ရည်သန်သောအားဖြင့် ရင်ပြင်တော်အပြည့် သဲကျောက်ပြားများကို ခင်းကျင်းလှူဒါန်းခဲ့လေသည်။ ထိုသဲကျောက်ပြားအချို့ကို ယခုထက်တိုင်ရင်ပြင်တော်ပေါ်တွင်တွေ့မြင်နိုင်သည်။

ကောဇာသက္ကရာဇ်(၁၂၁၅)ခုနှစ်တွင် ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းသည် အင်ကြင်းတောစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူတော်မူခဲ့သည်။

ကောဇာသက္ကရာဇ်(၁၂၄၀)ခုနှစ်တွင်နန်းတက်သော သီပေါမင်းသည်လည်း ရွှေသင်္ကန်းကပ်လှူတော်မူခဲ့သည်။

ကောဇာသက္ကရာဇ်(၁၂၅၅)ခုနှစ်တွင် ဆိပ်ခွန်ရွာနေ ဦးလူကြီး၊ ဦးလေးကြီး၊ ဦးပေါ်ဦး၊ ဦးကျော်တို့ကြီးမှူး၍စေတီရံ (၁၅၃)ဆူ ပူဇော်ခဲ့ကြသည်။

ကောဇာသက္ကရာဇ်(၁၂၅၆)ခုနှစ်တွင် ဆိပ်ခွန်ရွာအနီးဝန်းကျင်ရှိ ကင်းဖျားရွာနေ ဦးရွှေကုန်း ကြီးမှူး၍ အရှေ့ဘက်လှေကား မုခ်နှင့် ၎င်းအထက်ရှိစေတီတစ်ဆူကို ပူဇော်ကြသဖြင့် မူလစေတီရံ (၄)ဆူနှင့်အတူ စေတီရံစုစုပေါင်း (၁၅၈)ဆူ ဖြစ်လာခဲ့သည်။

ကောဇာသက္ကရာဇ်(၁၂၆၇)ခုနှစ်တွင် အနီးဝန်းကျင်ရွာများဖြစ်သော တည်ပင်၊ စောင်တန်း၊ ရေကြည်ဝ၊ ဝါးရုံကန်၊ လက်လှုပ်၊ ကြောင်လျှာတော၊ ရုံးတော၊ ဆူးတပ်၊ မိကျောင်းအိုင်စသော ရွာများ စုပေါင်းလျက် ငှက်မြတ်နားတော်ကို လှူဒါန်းပူဇော်ခဲ့သည်။

ကောဇာသက္ကရာဇ်(၁၂၈၂) ခုနှစ်တွင် ဆိပ်ခွန်ရွာနေ ဦးနွယ်၊ ဦးအင်္ဂါ၊ သူကြီးဦးဖိုးဆိုင်၊ ဦးရွှေတုပ်တို့ကြီးမှူး၍ ထပ်မံပြုပြင်ကြရာ ဦးရွှေတုပ်ဒေါ်လေးမြင့်တို့မှ ထီးတော်၊ စိန်ဖူးတော်တို့ကို လှူဒါန်းပူဇော်ခဲ့ကြသည်။

ကောဇာသက္ကရာဇ်(၁၂၈၇)ခုနှစ်တွင် ဆိပိခွန်ရွာနေ ဦးဘိုးရင်၊ ဦးဘစိန်ကြီး တို့ကြီးမှူး၍ ငှက်ပျောဖူးမှ တတိယပစ္စယံထိ၊ (၁၂၈၈)ခုနှစ်တွင် တတိယပစ္စယံမှ ဒုတိယပစ္စယံထိ၊ (၁၂၈၉) ခုနှစ်တွင် ဒုတိယပစ္စယံမှ ဖိနပ်တော်အထိတိုင်အောင် ရွှေသင်္ကန်းကပ်လှူခဲ့ကြသည်။ လုံးတော်ပြည့်ရွှေသင်္ကန်းဟုခေါ်တွင်သည်။ အဆိုပါ (၁၂၉၀)ပြည့် ရွှေသင်္ကန်းကို ဂုဏ်ပြုသောအားဖြင့် တေးပြုစာဆို ဆရာကြီးဦးစိုးဝက မြန်မာညွန့်တီးလုံးအလိုက်နှင့်သီချင်းကို စပ်ဆိုပေးခဲ့သည်။

အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်းခေါ်တွင်ပုံ ပြင်ဆင်ရန်

စေတီတော်ကြီး၏ အရှေ့မုခ်၊ အုတ်လှေကား၏ တောင်ဘက်၊ ဖိနပ်တော်အုတ်ခုံနှင့် ကပ်လျက်တွင် အင်ကြင်းပင်ကြီးတစ်ပင်ရှိပြီး လုံးပတ်မှာ ၉ တောင်ခန့်ရှိပြီး အရှေ့မုခ်ဦးပြာသာဒ်နှင့် ၃ တောင်ခန့်အကွာတွင် တည်ရှိသည်။ အဆိုပါအင်ကြင်းပင်ကြီးမှ ထူးဆန်းအံဩဖွယ် ပျဉ်းပန်းများမှာ အင်ကြင်းပန်းများနှင့်အတူ တစ်ပြိုင်နက်တည်း ရောနှောပွင့်နေသည်ကို အစွဲပြု၍ "အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း"ဟု ခေါ်ဝေါ်ကြသည်။ အမှန်မှာ ပျဉ်းကိုင်းဟူ၍ သီးခြားအကိုင်းတစ်ကိုင်းအဖြစ် ပေါက်ရောက်နေခြင်း မဟုတ်ဘဲ ထိုအင်ကြင်းပင်ကြီး၏ စနေထောင့်ဘက်သို့ ထိုးထွက်နေသော အောက်ဆုံးအကိုင်း တစ်ကိုင်းတည်း၌ အင်ကြင်းပန်းပွင့်များနှင့် ပျဉ်းပန်းပွင့်များ အတူတကွ ရောနှောပွင့်နေခြင်းဖြစ်သည်။

ဘုရားပွဲတော် ပြင်ဆင်ရန်

အင်ကြင်းတော ဗုဒ္ဓပူဇနိယပွဲတော်သည် နှစ်စဉ်တရားဝင် ကျင်းပခွင့်ရသောဂေဇက်ဝင်ဘုရားပွဲတော်တစ်ခု ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက်တော်မှ စတင်ခွင့်ပြုခဲ့ပြီး ဗြိတိသျှခေတ်အပါအဝင် ခေတ်အဆက်ဆက် စဉ်လာမပျက် ကျင်းပခဲ့ကြသည်။ ပွဲတော်ရက်မှာ နှစ်စဉ်တန်ခူးလဆန်း(၁၁)ရက်မှ လပြည့်နေ့အထိ ကျင်းပလေ့ရှိသည်။[၁] အညာကျေးလက်၏ လူသုံးကုန်ပစ္စည်းများ၊တောင်သူသုံးပစ္စည်းများစသည်တို့ကို ကုန်စည်ဖလှယ်ရောင်းဝယ်ကြရာ ပွဲတော်ကြီးတစ်ခုအဖြစ် အထက်မြန်မာပြည်တွင် ထင်ရှားသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဆဏ်းဝင်းအောင် (၂ ဧပြီ ၂၀၁၉)။ အညာကျေးက ဘုရားပွဲတော်။ The Voice။ 11 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ဆိပ်ခွန်၊ အင်ကြင်းတောစေတီနှင့်မဟာစည်သမိုင်း(ဆရာဦးချစ်ဆွေ)