အင်ဒရူး ကာနက်ဂျီ
လူမှုရေးရာ ကောင်းစားရေးကို မြင်သိသော အမေရိကန်သူဌေးကြီး အင်ဒရူး ကာနက်ဂီသည် ဇာတိအားဖြင့် စကော့လူမျိုးဖြစ်၏။ စကော့ လူမျိုးများသည် ပင်ကိုဉာဏ် ထက်သန်ကြသည့်ပြင် ညီညွတ် မျှတသော စိတ်သဘောလည်း ရှိကြ၏။ သူတို့၏ အတွေး အခေါ် အယူအဆ များမှာ ယထာဘူတကျ၏။ မာနကြီးရာ ခေါင်းမာရာတွင်လည်း ကမ္ဘာ့စံချိန်ပြုသူများ ဖြစ်ကြသည်။ တစ်စုံတစ်ခုကို ပြုလုပ်မည်ဟု စိတ်ပိုင်းဖြတ်ပြီးက နောက်ဆုတ် လေ့မရှိကြချေ။ ထိုလူမျိုးသည် ငွေကိုခင်၏။ သို့ရာတွင် ပညာ ကို သာ၍ပင် ခင်မင်ကြလေသည်။ ထိုအချက်များကို အထောက်အထားပြုလျှင် အင်ဒရူးကာနက်ဂီသည် ကမ္ဘာကျော် သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့သည်မှာ အံ့ဩဖွယ်ရာ မရှိပေ။ ထို့ပြင် သူစုဆောင်းခဲ့သော ဒေါ်လာငွေ သန်း ၃ဝဝကျော် စည်းစိမ်ဥစ္စာများကို နောက်ဆုံးတွင် လူထုကောင်းစားရေး အတွက် ရက်ရောစွာ အသုံးချခဲ့ခြင်းမှာလည်း ထူးဆန်းသည်ဟု ယူဆဖွယ်ရာ မဟုတ်တော့ပေ။
အင်ဒရူးကာနက်ဂီသည် စကော့တလန်ပြည် ဒန်ဖားမလင်း မြို့၌ ၁၈၃၅ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖွားမြင်၏။ အင်ဒရူး ၁၃ နှစ်သားအရွယ်တွင် သူ၏ဖခင်သည် အမေရိကန် ပြည်ထောင်စု ပင်ဆီလ ဗေးနီးယားပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့၏။ ထိုအခါက အင်ဒရူး၏ဖခင်တွင် သင်္ဘောစရိတ်မှ လွဲ၍ ငွေပိုတစ်ပြား တစ်ချပ်မျှ မပါချေ။ ထိုကြောင့် အင်ဒရူး သည် ကလေးဘဝကပင် အသက်မွေးမှုအတွက် အလုပ်လုပ်ရရှာ သည်။ ရှေးဦးစွာ ဝါစက်တခုတွင် လုပ်ကိုင်လျက် နောင်တွင် ကြေးနန်းရုံတစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့၏။ ထိုနောက် ပင်ဆီ လဗေးနီးယား မီးရထားကုမ္ပဏီမှ အရာရှိကြီးတစ်ဦးသည် အင်ဒရူး၏ လူစွမ်းလူစ ရှိပုံကို သိရှိ အကဲခတ်မိသဖြင့် အင်ဒရူးအား သူ၏ အတွင်းရေးမှူးအဖြစ် ခေါ်ယူ ခန့်ထားခဲ့ လေသည်။ ကြီးပွားလိုသောစိတ်ဖြင့် ကြိုးစားဆောင်ရွက်လာရာ၊ အင်ဒရူးကာနက်ဂီသည် အသက် ၂၃ နှစ်အရွယ်တွင် မီးရထား ဌာနခွဲတစ်ခုကို အုပ်ချုပ်ရသော အရာရှိတစ်ယောက် ဖြစ်လာ လေသည်။
ထိုနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုကို လုပ်ကိုင်လို သော အာသာဆန္ဒကြောင့် ရေနံလုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခဲ့လေသည်။ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားသော အခါ အင်ဒရူးကာနက်ဂီသည် စစ်ထဲသို့ဝင်၍ ရှေ့တန်းစစ် မျက်နှာမှ အမှုထမ်းရွက်ခဲ့၏။ ပြည်ထောင်စုဖက်မှ ဒဏ်ရာသူ ထဲတွင် တတိယမြောက် ဖြစ်ခဲ့လေသည်။
စစ်ပြီးသွားသောအခါ ရေနံလုပ်ငန်းသည် သံလုပ်ငန်း လောက် အလားအလာ မကောင်းသည်ကို တွေ့မြင် လာသဖြင့် သံနှင့် သံမဏိလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့၏။ အင်ဒရူး ကာနက်ဂီသည် သံလုပ်ငန်းတစ်ခု တွင် အစုဝယ်ယူခဲ့၏။ ထိုနောက် များမကြာမီ မိတ်ဆွေအချို့နှင့် ပူးပေါင်း၍ ယူနီယန် သံစက်ကုမ္ပဏီကို တည်ထောင်လိုက်လေသည်။ မတည် သောငွေရင်းမှာ ဒေါ်လာ ၂၅ဝဝဝဝ မျှသာ ဖြစ်ခဲ့သော်လည်း ထိုငွေရင်းမှာ ထိုအချိန်အခါက အင်ဒရူးအဖို့ တရင်းတနှီးပင် ဖြစ်လေသည်။
အင်ဒရူး၏ လုပ်ရည်ကိုင်ရည် ထက်မြက်မှုကြောင့် ယူနီယန် သံစက်ကုမ္ပဏီသည် တစ်ရှိန်ထိုး တိုးတက် ခဲ့၏။ အင်ဒရူး သည် စကော့သွေးပီပီ အခွင့်ကောင်းကို မလွတ်တမ်း အသုံးချ နိုင်ခဲ့လေသည်။ စရိတ် နည်းနည်းဖြင့် သံမဏိကောင်းကောင်း ပြုလုပ်နိုင်သည့် နည်းလမ်းများကို ရှာဖွေအသုံးပြုပြီးလျှင် ကုမ္ပဏီ နာမည်ထွက်အောင် ပြုလုပ်ခဲ့၏။ အကင်းပါးသော အင်ဒရူးသည် အင်္ဂလန်ပြည်သို့ တစ်ခေါက်သွားရာတွင် ဗက်ဆီမာနည်းဖြင့် သံမဏိပြုလုပ်နည်းကို အတုရလာ၍ ထိုနည်းဖြင့် သံမဏိထည်တို့ကို အကြီးအကျယ် လုပ်ကိုင် ရောင်းချခဲ့လေသည်။ သို့ဖြင့် အင်ဒရူးသည် နှစ်အနည်းငယ် အတွင်း၌ပင် ဒေါ်လာငွေ ၅ဝဝဝဝဝဝ မျှ အကျိုးဖြစ်ထွန်းခဲ့ လေသည်။
ကုန်ထုတ်လုပ်ရာတွင် စရိတ်သက်သာရန် အင်ဒရူးသည် တစ်ဆင့်တက်၍ ကြံပြန်သည်။ မီးရထားနှင့် မီးသင်္ဘောများကို အပိုင်ဝယ်ယူ၍ စက်ရုံများ၌ လိုသော သတ္တုရိုင်းများကို သယ် ယူပို့ဆောင်စေသည်။ သယ်ပို့စရိတ်ကျဉ်း၍ သူ၏ အလုပ်ရုံမှ သံထည်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာနှင့် ရောင်းချနိုင်သော အခါ အပြိုင်အဆိုင်များကို ချိုးနှိမ်လာနိုင်သည်။ ဤသို့ဖြင့် ၁၈၈၈ ခုနှစ် ရောက်သည်တွင် အင်ဒရူး ကာနက်ဂီသည် မီးရထားလမ်း မိုင်ပေါင်း ၄၂၅ မိုင်နှင့် မီးသင်္ဘော အများကို ပိုင်ဆိုင်၍၊ သံလုပ်ငန်းအပြင်၊ ကျောက်မီးသွေး လုပ်ငန်း၊ ရေနံ လုပ်ငန်း၊ သင်္ဘောကျင်းလုပ်ငန်းနှင့် အခြား စက်မှုလက်မှု လုပ်ငန်း အများ အပြားကို ကြိုးကိုင်နိုင်သော အခြေသို့ ရောက်ရှိလာခဲ့သည်။ ၁၈၉၉ ခုနှစ်တွင် သူပိုင်လုပ်ငန်း အရပ်ရပ်ကို စုပေါင်းကာ ကာနက်ဂီသံမဏိ ကုမ္ပဏီဟူ၍ ဖွဲ့စည်းတည်ထောင်လေသည်။
၁၉ဝ၁ ခုနှစ်သို့ ရောက်သောအခါကား ကာနက်ဂီ၏ လက်ထဲတွင် ဒေါ်လာ ၅ဝဝဝဝဝဝဝဝ မျှ ပိုင်ရှိနေလေပြီ။ ထိုအခါ သူသည် အလုပ်ခွင်မှ အနားယူပြီးလျှင် သူ၏စည်းစိမ် ဥစ္စာများကို စနစ်တကျ အသုံးချရန်ဆန္ဒ ဖြစ်ပေါ်လာတော့၏။ ဤသို့ဖြင့် ထိုနှစ်တွင်ပင် အမေရိကန်ပြည်ထောင်စု သံမဏိ လုပ်ငန်းအဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ပြီးလျှင် သူပိုင်ဆိုင် သော လုပ်ငန်းများကို ထိုအဖွဲ့ကြီးသို့ အားလုံး လွှဲအပ်လိုက် လေသည်။
'လူတစ်ယောက်သည် မိမိစည်းစိမ်ဥစ္စာ အမြောက်အမြားကို ပေးကမ်းလှူဒါန်းနိုင်ပါလျက် မပေးကမ်း မလှူဒါန်းဘဲထား၍ သေဆုံးသွားခဲ့လျှင် ထိုသေခြင်းကား အကျိုးမရှိ သေခြင်းသာ တည်း။' ဤကား သူဌေးကြီး အင်ဒရူးကာနက်ဂီ၏ စွဲမြဲသော ယုံကြည်ချက်ပင် ဖြစ်သည်။ သူသည် စုဆောင်းခဲ့သော ပစ္စည်း ဥစ္စာ များကို ဆင်းရဲသားတို့၏ အကူအညီဖြင့် မြေကြီးထဲမှ တူးဖော်ရရှိခဲ့၏။ သို့ဖြစ်၍ ထိုပစ္စည်းဥစ္စာများကို ဆင်းရဲသား လူထု၏ လက်ထဲသို့ ပြန်အပ်ရန်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယူဆထားလေသည်။ အင်ဒရူး၏ အတွင်းသန္တာန်တွင် ငါ့ စည်းစိမ် ငါ့ဥစ္စာတည်းဟူသော ငါစွဲမထားဘဲ၊ မိမိရရှိခဲ့သော စည်းစိမ်ဥစ္စာများသည် လူထု၏ စည်းစိမ်ဥစ္စာများသာဖြစ်၍ မိမိက ခေတ္တမျှ ထိန်းသိမ်းစောင့်ရှောက်ထားရခြင်း ဖြစ်သည်ဟု ယူဆ လေသည်။
ပိုက်ဆံကို ရအောင်ရှာခြင်းထက် ရပြီးသောပိုက်ဆံကို အကျိုးရှိအောင် အသုံးချရခြင်းမှာ သာ၍ခက်ခဲကြောင်း အင်ဒရူးသည် ကောင်းစွာ သိထားနှင့်၏။ သို့အားလျော်စွာ သူ၏စည်းစိမ်ဥစ္စာများကို လူ့လောကအတွက် အကျိုး ဖြစ်ထွန်း စေရန် မည်သို့မည်ပုံ အသုံးချရမည်ဟူသော ပြဿနာကို နှစ်ပေါင်း များစွာကပင် နက်နက်နဲနဲ စဉ်းစားလာခဲ့၍ နောက် ဆုံး၌ ပညာရေးအတွက် အသုံးချရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ဇာတိဖြစ်သော စကော့ တလန်ပြည်ရှိ တက္ကသိုလ်ကျောင်းကြီးလေးကျောင်းသို့ ဒေါ်လာ ၁ဝဝဝဝဝဝဝ လှူဒါန်းလိုက်၏။ ထိုနောက် အမေရိကန် ပြည်ထောင်စု ပစ္စဗတ်မြို့၌ ဝါရှင်တန် မြို့များတွင် ကာနက်ဂီ အမည်ဖြင့် ပညာမြှင့်တင်ရေးအဖွဲ့များကို တည်ထောင်ထားခဲ့၏။ သူ၏ချက်မြှုပ်ဒေသ ဖြစ်သော ဒန်ဖားမလင်မြို့ရှိ စာသင် ကျောင်းများအတွက်လည်း ငွေအမြောက်အမြား လှူဒါန်း ခဲ့လေသည်။
ထို့ပြင် သူရဲကောင်းများ ချီးမြှင့်ရေး၊ ကပ္ပလီလူမျိုးများအား ပညာသင်ပေးရေးနှင့် အင်္ဂလိပ်စာလုံးပေါင်း ပြုပြင်ရေးကိစ္စများ အတွက်လည်း ရန်ပုံငွေအမြောက်အမြားကို သီးသန့်ထားခဲ့ သည်။ အသက်အရွယ်ကြီးရင့်၍ အလုပ်မလုပ်နိုင်တော့သော ကျောင်းဆရာများအားလည်း အငြိမ်းရိက္ခာထောက်ပံ့ထားခဲ့၏။ ကမ္ဘာပေါ်ရှိ စာကြည့်တိုက်များကိုလည်း ငွေအမြောက်အမြား ထောက်ပံ့လှူဒါန်းခဲ့လေသည်။ သူဌေးကြီး ကာနက်ဂီ၏ အထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော စာကြည့် တိုက်ပေါင်းမှာ ကမ္ဘာအရပ်ရပ်တွင် ၃ဝဝဝ ခန့်မျှရှိသည်။ ထိုမှ တစ်ပါးလည်း ကမ္ဘာပေါ်၌ စစ်မက်တိုက်ခိုက်မှုများ ပပျောက် ကာ ထာဝစဉ်ငြိမ်းချမ်းရေး ရရှိစေရန် ရည်သန်၍ အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောပြောခြင်း၊ စာအုပ်စာတမ်း များ ရေးသားထုတ်ဝေခြင်း အစရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်း များအတွက်လည်း ငွေသန်းပေါင်းများစွာ လှူဒါန်း ခဲ့လေသည်။ နောက်ဆုံး၌ အင်ဒရူး၏လက်ထဲတွင် ဒေါ်လာ ၂၅ဝဝဝဝဝဝ မျှသာချန်လှပ်၍ ဒေါ်လာ ၁၂၅ဝဝဝဝဝဝ မျှကို ထိန်းသိန်းစောင့်ရှောက်ရန် နယူးယော့မြို|တွင် ကာနက်ဂီကော်ပို ရေးရှင်းဟူ၍ ထရတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီးလျှင် လူ့လောက အကျိုးစီးပွား ဖြစ်ထွန်းစေမည့်ကိစ္စဟူက မည်သည့်အကြောင်း ကိစ္စအတွက်မဆို ထိုငွေထဲမှ ထုတ်နုတ်အသုံးပြုရန် မှာကြား အပ်နှံထားခဲ့လေသည်။ ကိုယ်ပိုင်စည်းစိမ်ဥစ္စာတို့ကို မိမိတစ်ဦး တည်းအတွက် အသုံးချမှုမှာ ကျဉ်းမြောင်းလှသည့်အလျောက် အကောင်းဆုံးသော အသုံးချနည်းမှာ အများ အတွက် လှူဒါန်း ပေးကမ်းခြင်းသာလျှင် ဖြစ်သည်ဟူသော သာဓကကို ပြသွား သည့် သူဌေးကြီး ကာနက်ဂီသည် ၁၉၁၉ ခု ဩဂုတ်လ ၁၁ ရက်နေ့တွင် အနိစ္စရောက်လေသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)