သန့်ရှင်းသော အစားအစာ

(အစားအစာသန့်ရှင်းခြင်း မှ ပြန်ညွှန်းထားသည်)

သန့်ရှင်းသော အစားအစာဆိုသည်မှာ ရေကောင်းရေသန့်ရှိမှ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးရှိမှ၊ ယင်လုံအိမ်သာရှိမှ အကျိုးဖြစ်ထွန်းနိုင်သည့် သန့်လေးသန့်ထဲမှ အရေးအကြီးဆုံး အနှစ်ချုပ်ဖြစ်သည်။ ဝမ်းနှင့် ပတ်သက်သည့် ရောဂါများ ကာကွယ်နိုင်ရန် အစားအစာသန့်ရှင်းရေးသည် အဓိကကျသည်။ အစားအစာသန့်ရှင်းရေးနှင့် ပတ်သက်ပြီး ပြုပြင်ရမည့် အချက်များစွာရှိသည်။ ယင်းတို့ထဲမှ အရေးအကြီးဆုံး အကြောင်းအရင်းမှာ မစင်တွင်ပါသည့် ရောဂါပိုးများ အစာထဲ မရောက်ရှိရန် ကာကွယ် တားဆီးရေးဖြစ်သည်။

မစင်မှ ရောဂါပိုးများ အစာထဲသို့ ရောက်ရှိလာပုံ ပြင်ဆင်ရန်

ယင်ကောင်ဆိုသည်မှာ မစင်ထဲတွင် ပေါက်ပွားသည့် လောက်ကောင်များမှ ဖြစ်လာခဲ့သည်။ မစင်ထဲတွင် ပေါက် မစင်ပေါ်တွင် နားပြီး လူများစားသည့် အစာပေါ်တွင်လည်း နားသည်။ လူတို့စားသည့် အစာကို စားသည့်အခါ အစာပေါ်တွင် ယင်ကောင်နားလိုက်သည်နှင့် ယင်းတွင် ကပ်ပါလာသည့် မစင်များနှင့် ရောဂါပိုးတို့သည် အစာထဲကို ရောက်ရှိသွားသည်။

ရေမှ တစ်ဆင့် ရောဂါပိုးများ အစာထဲသို့ ရောက်ရှိလာပုံ ပြင်ဆင်ရန်

အိမ်သာမရှိပဲ တောထိုင်သည့် သူများကြောင့် လူ့မစင်များသည် ရေထဲကို စီးဝင်ရောက်ရှိလာသည်။ ရေပေါ် အိမ်သာများကြောင့်လည်း မစင်များသည် ရေထဲသို့ တိုက်ရိုက်ကျလာသည်။ ယင်လုံအိမ်သာဖြစ်ပေမယ့် ရေတွင်းနှင့် ပေ ၅၀ မကွာပဲ ဆောက်ထားလျှင် မစင်များ ရေထဲသို့ စိမ့်ဝင်နိုင်ပြီး အန္တရာယ်ရှိသည်။ ယင်းကဲ့သို့ နည်းများဖြင့် ရောဂါပိုးများသည် ရေထဲဝင်နေပြီး သောက်မိပါက ရောဂါရနိုင်သည်။ ထို့ပြင် ယင်းရေဖြင့် အိုး၊ ခွက်၊ ပန်းကန်၊ ဟင်းသီးဟင်းရွက်၊ သား၊ ငါးတို့ကို ဆေးမိလျှင် ရောဂါရနိုင်သည်။

လူများမှတစ်ဆင့် ရောဂါပိုးများ အစာထဲသို့ ရောက်ရှိလာပုံ ပြင်ဆင်ရန်

အညစ်အကြေးစွန့်ပြီး စင်ကြယ်အောင် မသန့်ရှင်းလျှင် မစင်မှ ပိုးများသည် ကိုယ်မှာ ကပ်ပါလာသည်။ အိပ်ယာခင်းများ အဝတ်အစားများတွင်လည်း ရောဂါပိုးများ ပိုးဥများကပ်နေနိုင်သည်။ အိမ်သာ၏ တံခါးချက်များတွင် ရောဂါပိုးများ ကပ်နေနိုင်သည်။ ငွေစက္ကူများပေါ်တွင်လည်း ရောဂါပိုးများ ကပ်နေတတ်သည်။ ယင်းကြောင့် လက်ကို ဆပ်ပြာဖြင့် စင်အောင် မဆေးပဲ အစာကို ကိုင်လိုက်သည်နှင့် အစာထဲသို့ ရောဂါပိုးများ ထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

အစာထဲသို့ ရောဂါပိုးများ ရောက်ရှိလာသည့် အခြားနည်းလမ်းများ ပြင်ဆင်ရန်

ကြွက်၊ ပိုးဟက်၊ ပုရွတ်ဆိတ် စသည့် တိရစ္ဆာန်များသည် ရောဂါပိုးများ သယ်ဆောင်လာနိုင်သည်။ မသန့်ရှင်းသည့် ရေနှင့်လောင်းပြီး စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များတွင်လည်း ရောဂါပိုးများ ဥပြီး ကပ်ပြီး နေထိုင်နိုင်သည်။ ငါးများနှင့် အခြားသော ရေသတ္တဝါများတွင်လည်း လူ့မစင်မှ ရောဂါပိုးများ ကပ်နေနိုင်သည်။ ကြက်၊ ငှက်၊ တိရစ္ဆာန်များနှင့် သူတို့၏ အသားများ၊ ဥများ၊ တိရစ္ဆာန်ထွက် ပစ္စည်းများတွင်လည်း ရောဂါပိုးများ ကပ်နေနိုင်သည်။

ရောဂါပိုးများ အစားအစာထဲသို့ မရောက်ရှိရန် ကာကွယ်နည်း ပြင်ဆင်ရန်

(၁) အစားအစာကို ယင်မနားအောင် ဖုံးအုပ်ထားခြင်း ပြင်ဆင်ရန်

အစားအစာကို ယင်မနားနိုင်လျှင် ယင်ကောင်က သယ်လာသည့် ရောဂါပိုးများ မဝင်နိုင်တော့ပါ။ ယင်လုံအိမ်သာ ရာနှုန်းပြည့်ရှိနေသည့် ရပ်ရွာများတွင် ယင်နှင့် လူ့မစင်ထိတွေ့မှု မရှိနိုင်ပါ။ သို့သော် ကလေးမစင်ကို အိမ်သာထဲ မစွန့်ပစ်နိုင်လျှင်၊ တိရစ္ဆာန်များ၏ မစင်ပေါ်တွင် နားလာသည့် ယင်ကောင်ဖြစ်ခဲ့လျှင် ရောဂါရနိုင်သည်ကို သတိပြု ကာကွယ်ကြရမည်။

(၂) အိုးခွက် ပန်းကန်များကို သုံးရေသန့်ဖြင့် ဆေးကြောခြင်း ပြင်ဆင်ရန်

အများစုသည် သုံးရေကို မြစ်ရေ၊ ချောင်းရေ၊ ကန်ရေများမှ ယူငင်သုံးစွဲကြသည်။ ယင်းအလေ့အထသည် ကျန်းမာရေးအတွက် မသင့်တော်ပါ။ ထို့ကြောင့် ရောဂါပိုးကင်းသည့် ရေကိုသာ သုံးရေအဖြစ် သုံးစွဲသင့်သည်။ ယင်းကြောင့်လည်း အစာထဲသို့ ရောဂါပိုးများ မဝင်ရောက်နိုင်ပေ။

(၃) အစာနှင့် အစာထည့်သည့် ပန်းကန်ခွက်ယောက်များကို ကိုင်တွယ်ရာတွင် လက်ကို စင်ကြယ်အောင် ဆေးကြောပြီးမှ ကိုင်တွယ်ခြင်း ပြင်ဆင်ရန်

လက်သုတ်၊ တို့စရာ စသည့် အစားအစာများသည် ချက်ပြုတ်ပြီး ပူပူနွေးနွေးစားသောက်ရသည့် အစာများ မဟုတ်သော်ကြောင့် အစာကိုင်သည့် လူ၏ လက်သည် သန့်ရှင်းရန် အရေးကြီးသည်။ အစာချက်ပြုတ်ရန်ဖြစ်စေ၊ စားသောက်ရန်ဖြစ်စေ၊ ကလေးများကို အစာခွံ့ရန်ဖြစ်စေ လက်သန့်ရှင်းရေကို ဦးစားပေးရမည်။ သို့မှသာ ရောဂါမရနိုင်မည်ဖြစ်သည်။

(၄)ဟင်းသီးဟင်းရွက်၊ သီးနှံ၊ သားငါးများကို သုံးရေသန့်ဖြင့် စင်ကြယ်အောင် ဆေးကြောခြင်း ပြင်ဆင်ရန်

ဟင်းသီးဟင်းရွက်၊ သီးနှံ၊ သားငါးများကို စင်ကြယ်အောင် ဆေးကြောခြင်း မပြုပဲ အစိမ်းစာလျှင် သို့မဟုတ် မကျက်တကျက် ချက်စားလျှင် ရောဂါပိုးများ ရှင်သန်နေသောကြောင့် ရောဂါရနိုင်သည်။

(၅)အစားအစာများကို စားခါနီးမှ ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးခြင်း ပြင်ဆင်ရန်

အစာထဲမှ ပိုးများသည် ကျက်အောင် ချက်လိုက်လျှင် သေသွားသည်။ ယင်းကြောင့် ပိုးသန့်လိုလျှင် အစာကို ပူပူနွေးနွေး ချက်ပြုတ်ပြီး ချက်ချင်းစားပါ။ အစာကို နွေးရုံနွေးလျှင် ရောဂါပိုးများ မသေနိုင်ပါ။ အချို့သော ရောဂါပိုးများသည် အစာကို အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် သတိထားပြီး သိမ်းဆည်းထားရန် လိုအပ်သည်။ ကြက်၊ ငှက်တို့၏ အသားများနှင့် ဥများကို ကျက်အောင် ချက်ပြီးမှ စားသောက်ပါ။

(၆)သားငါး ဥများကို ကိုင်တွင်ပြီး လက်၊ ဓား၊ စဉ့်နှီတုံးတို့ကို စင်ကြယ်အောင် ဆေးကြောခြင်း ပြင်ဆင်ရန်

သားငါ ဥများကို ကိုင်တွယ်ပြီး လက်၊ ဓား၊ စဉ့်နှီတုံးတို့ကို စင်ကြယ်အောင် ဆေးကြောရမည်။ ယင်းသို့ လက်မဆေးပဲ ဟင်းသီးဟင်းရွက်၊ ဟင်းခွက်၊ အစားအစာ၊ အိမ်သုံးပစ္စည်းနှင့် မိမိကိုယ်ကို ပြန်လည် ကိုင်တွင်မိလျှင် ရောဂါပိုးများ ကူးစက်နိုင်ပြီး မိသားစုကိုလည်း ကူးစက်နိုင်သည်။

ကိုးကား ပြင်ဆင်ရန်

ယူနီဆက်၏ ပံ့ပိုးမှုဖြင့် ဗဟိုကျန်းမာရေးပညာဌာန သန့်လေးသန့် စီမံချက်မှ ထုတ်ဝေသည့် လက်ကမ်း စာအုပ်ငယ်