အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (အိုင်အက်စ်)

အစ္စလာမ္မစ်နိုင်ငံတော် (ISIS)" ဆိုသည် အစွန်းရောက် အကြမ်းဖက် အစ္စလာမ္မစ်အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ဆီးရီးယား အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်းနှင့် အနောက်ပိုင်းတလျှောက် နယ်မြေများကို သိမ်းယူထိန်းချုပ်ထားသော အဖွဲ့ဖြစ်သည်။ ယနေ့ ကမ္ဘာ့သတင်းခေါင်းစဉ်များတွင် ထိပ်တန်းမှနေ၍ ပါနေသော ISIS ဆိုသည်မှာ Islamic State of Iraq and Syria ဖြစ်သည်။ အစ္စလားမစ် ဂျီဟာဒီအဖွဲ့ဖြစ်သည်။ အဖွဲ့နာမည်မှာ အမျိုးမျိုးပြောင်းလာသည်။ တစ်ကမ္ဘာလုံးက မွတ်ဆလင်အားလုံး၏ ခေါင်းဆောင်ဟု ကိုယ့်ဘာသာကိုယ် ကြေညာထားသည်။

လူအမြောက်အမြား သတ်ဖြတ်မှုတွေ၊ သာသာရေးလူနည်းစု၊ တိုင်းရင်းသား လူနည်းစုတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများနှင့် စစ်သားတွေ သတင်းသမားတွေကို ခေါင်းဖြတ်သတ်ဖြတ်မှုများ အပါအဝင် သူတို့၏ရက်စက် ကြမ်းကြုတ်သော နည်းဗျူဟာတွေကြောင့် ကမ္ဘာတစ်ဝန်း ထိတ်လန့်ကြောက်ရွံ့မှုနှင့်အတူ စိတ်ဆိုးဒေါသထွက်မှုကို ဖြစ်စေခဲ့သည်။ ထိုလုပ်ရပ်တွေကြောင့်လည်း အမေရိကန်တို့၏ စစ်ရေး ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်လာခဲ့ရသည်။

အိုင်အက်စ် အစ ပြင်ဆင်ရန်

ဇာကာဝီ စထူထောင်စဉ်ကတည်းက သူတို့၏ နည်းလမ်းတွေကို အယ်လ်ကိုင်ဒါးက ဝေဖန်ခဲ့သည်။ အိုင်အက်စ်၏ ဇစ်မြစ်ကို ခြေရာခံမယ်ဆိုရင် ကွယ်လွန်သူ ဂျော်ဒန်နိုင်ငံသား အဘူ မူဆာဘ် အဲ ဇာကာဝီ ၂၀၀၂ ခုနှစ်မှာ ထူထောင်ခဲ့သော တော်ဟစ် ဝါအဲ ဂျီဟတ်အဖွဲ့သည် အိုင်အက်စ်၏ အစဟု ပြောနိုင်သည်။ အီရတ်ကို အမေရိကန် ဦးဆောင်သော နိုင်ငံတကာတပ်ဖွဲ့များ ဝင်ရောက်ခဲ့ပြီး တစ်နှစ်အကြာမှာ မစ္စတာ ဇာကာဝီဟာ အယ်လ်ကိုင်ဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သစ္စာခံပြီး အီရတ်မှာ AQI ဟုခေါ်သော အီရတ်အယ်လ်ကိုင်ဒါးအဖွဲ့ကို ထူထောင်ခဲ့သည်။ ထိုအဖွဲ့က အီရတ်မှာ နိုင်ငံတကာတပ်ဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်နေသော အဓိကကျသည့်အင်အားစု ဖြစ်လာခဲ့သည်။ မစ္စတာ ဇာကာဝီ ကွယ်လွန်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်တွင် AQI အဖွဲ့သည် တခြားအဖွဲ့များကို စုစည်းပြီး အိုင်အက်စ်အိုင်ဟု ခေါ်သော Islamic State in Iraq (ISI) အီရတ် အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို ထူထောင်ခဲ့သည်။

ဒါပေမယ့် အမေရိကန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ အိုင်အက်စ်အိုင်ရဲ့ ရက်စက်မှုတွေကို မကြိုက်ကြတဲ့ ဆွန်နီ အာရပ်မျိုးနွယ်စုတွေက Sahwa ရှဝါကောင်စီဆိုတာကို သီခြားဖွဲ့စည်းခဲ့ကြတာတွေကြောင့် အိုင်အက်စ်အိုင်ရဲ့ အင်အားဟာ တဖြေးဖြေးလျော့နည်းသွားခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာ အဘူ ဘာကာ အဲ ဘက်ဒါဒီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးတဲ့နောက် သူဟာ အိုင်အက်စ်အိုင်ရဲ့ အင်အားကို ပြန်တည်ဆောက်ယူခဲ့ပါတယ်။

၂၀၁၃ နှစ်ကစလို့ အိုင်အက်စ်အိုင်ဟာ အီရတ်မှာ တလကို တိုက်ခိုက်မှုတွေ အတော်များများ ပြန်လုပ်လာနိုင်ခဲ့ပါတယ်။ နောက်ပြီး အိုင်အက်စ်အိုင်ဟာ ဆီရီးယားက သမ္မတ ဘာရှာ အဲ အာဆတ်ကို ဆန်ကျင်တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်လာခဲ့ပြီး al-Nusra အဲ နုဆရာ တပ်ဦးကို ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၃ ဧပြီလမှာတော့ ဘာဂါဒီဟာ အီရတ်နဲ့ ဆီရီးယားမှာရှိတဲ့ သူ့ရဲ့ တပ်တွေကို ပေါင်းပြီး ISIS အိုင်စစ်လို့ ခေါ်တဲ့ အီရတ်နဲ့ လဲဗန့်ဒေသဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ လဲဗန့်ဒေသဆိုတာကတော့ ဆီရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ ဆိုက်ပရပ် နိုင်ငံတွေပါတဲ့ ဒေသဖြစ်ပါတယ်။

ဒီလို အိုင်စစ်ဖွဲ့စည်းတာကို al-Nusra အဲ နုဆရာ တပ်ဦးနဲ့ အယ်လ်ကိုင်ဒါး ခေါင်းဆောင်တွေ လက်မခံကြပါဘူး။

ဒါပေမယ့် ဘက်ဒါဒီကို သစ္စာခံတဲ့ တပ်ဖွဲ့ဝင်တွေက အဲ နုဆရာ ကခွဲထွက်ပြီး အိုင်စစ် ဆီရီးယားနိုင်ငံထဲမှာ ဆက်လက်ရှင်သန်အောင် ပံ့ပိုးကူညီခဲ့ကြပါတယ်။

၂၀၁၃ ဒီဇင်ဘာလအကုန်မှာ အိုင်စစ်ဟာ အီရတ်ကို ပြန်အာရုံစိုက်ပြီး ရှီအိုက်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ ဆွန်နီအာရပ် လူနည်းစုတွေကြား နိုင်ငံရေးတင်းမာမှုကို ကောင်းကောင်း အသုံးချပါတော့တယ်။

ဒီနောက်မှာ အိုင်စစ်အဖွဲ့ဟာ မျိုးနွယ်စုတွေရဲ့ အထောက်အကူနဲ့ အီရတ်နိုင်ငံအလယ်ပိုင်းက ဖာလူဂျာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

၂၀၁၄ ဇွန်လမှာ အိုင်စစ်တို့ဟာ အီရတ်မြောက်ပိုင်းက မိုဆူးလ် မြို့ကို ဝင်သိမ်းလိုက်ပြီး အဲဒီကနေ တောင်ဘက်မှာရှိတဲ့ ဘဂ္ဂဒက်မြို့တော်ဆီ ရှေ့တိုးချီတက်လာခဲ့ကြပါတယ်။

ဇွန်လအကုန်မှာ မြို့ကြီး မြို့ငယ်အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အင်အားတွေကိုစုစည်းကာ အစ္စလာမ္မစ်နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ပြီး သူတို့ အိုင်စစ်အဖွဲ့ကိုလည်း အိုင် အက်စ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့လို့ အမည်ပြောင်းခဲ့ပါတယ်။

အိုင်အက်စ်တို့ ဘာကိုလိုချင်သလဲ ပြင်ဆင်ရန်

အိုင်အက်စ်အဖွဲ့၏ ရည်ရွယ်ချက်က တစ်ဦးတည်းသော နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်က ရှာရီယာ အစ္စလာမ္မစ်ဥပဒေကို ကျင့်သုံးအုပ်ချုပ်သော (သူတို့အခေါ် caliphate )ဟု ခေါ်သော အစ္စလာမ္မစ် နိုင်ငံကို ထူထောင်ရန် ဖြစ်သည်။ လောလောဆယ် သူတို့၏အင်အားသည် အီရတ်နှင့် ဆီရီးယားမှာပဲ ရှိနေပေမယ့် အိုင်အက်စ်တို့က နယ်စပ်တွေကို ဖြတ်ကျော်ပြီး ဂျော်ဒန်နှင့် လက်ဘနွန်အထိ သူတို့အင်အားကို ဖြန့်ကျက်ကာ ပါလက်စတိုင်းကို လွတ်မြောက်အောင် လုပ်မယ်ဟု ဂတိပြုထားသည်။ ထိုဂတိစကားသည် ကမ္ဘာတဝန်းရှိ မွတ်ဆလင်များ၏ ထောက်ခံမှုရအောင် ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့၏ ခေါင်းဆောင် အဘူဘာကာ ဘက်ဒါဒီကို သစ္စာခံကြဖို့ အိုင်အက်စ်တို့က တောင်းဆိုနေကြသည်။

အိုင်အက်စ် ထိန်းချုပ်နယ်မြေ ပြင်ဆင်ရန်

အိုင်အက်စ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ အီရတ်နဲ့ ဆီရီးယားနိုင်ငံပေါင်း စတုရန်းမိုင်ပေါင်း ၁၅၀၀၀ လောက်ရှိတယ်လို့ တချို့က ခန့်မှန်းကြပါတယ်။ ဒါဟာ အကြမ်းအားဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံ အရွယ်အစားလောက်ရှိပါတယ်။

တချို့ကလည်း ဂျော်ဒန်နိုင်ငံ အရွယ် စတုရန်းမိုင် ၃၅၀၀၀ လောက်လို့ ပြောကြပါတယ်။

သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အီရတ်က မိုဆူးလ်၊တီကရစ်၊ဖာလူဂျာနဲ့ တယ်လ်အာဖာ မြို့တွေ နဲ့ ဆီရီးယားက ရေနံတွင်းတွေ၊ ဆည်ကြီးတွေ၊ အဓိက လမ်းမကြီးတွေနဲ့ နယ်စပ်ဖြတ်စခန်းတွေရှိတဲ့ Raqqa ရက္ကာမြို့တို့ပါဝင်ပါတယ်။

အိုင်အက်စ်တို့ရဲ့ အပြည့်အဝ ဒါမှမဟုတ် တစိတ်တပိုင်း ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ လူဦးရေက ၈ သန်းလောက်ရှိမယ်လို့ ယူဆရပါတယ်။

အဲဒီနယ်မြေတွေမှာ အိုင်အက်စ်တို့ဟာ တင်းကြပ်တဲ့ ရှရီယာဥပဒေကိုပြဋ္ဌာန်းအုပ်ချုပ်နေပြီး အမျိုးသမီးတွေကို အတင်းအကျပ် ခေါင်းမီးခြုံခိုင်းတာတွေ၊ မွတ်ဆလင်မဟုတ်သူတွေကို အထူးအခွန်ဆိုပြီးဆောင်ခိုင်းတာတွေ ဒါမှမဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းခိုင်းတာတွေ နဲ့ ကြိမ်ဒဏ် သေဒဏ်တွေနဲ့ အပစ်ပေးတာတွေ လုပ်နေကြပါတယ်။

လူအင်အား ပြင်ဆင်ရန်

ဆီရီးယားနဲ့ အီရတ်မှာ အိုင်အက်စ်မှာ ဝင်တိုက်နေတဲ့ နိုင်ငံခြားသား ထောင်နဲ့ချီရှိသည်။ အိုင်အက်စ်မှာ တကယ်တန်း တိုက်ခိုက်နေသူ ၁၅၀၀၀ လောက်ရှိမယ်လို့ အမေရိကန်အရာရှိတွေက ယူဆကြပါတယ်။ ဒါပေမယ့် ဩဂုတ်လအစောပိုင်းမှာ အီရတ်ကျွမ်းကျင်သူ ဟီရှမ် အဲ ဟာရှီမီ Hisham al-Hashimi က ၃၀၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီထဲမှာ ၃၀ ရာခိုင်နှုန်းက လောက်ကပဲ အိုင်အက်စ်ရဲ့ အတွေးအခေါ်ကို လက်ခံယုံကြည်သူတွေဖြစ်ပြီး တခြားလူတွေကတော့ အတင်းအဓ္ဓမ ဝင်ခိုင်းလို့ ကြောက်လို့ ဝင်ကြရသူတွေလို့ ဆိုပါတယ်။

အိုင်အက်စ် တိုက်ခိုက်ရေးသမားအတော်များများဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံသားတွေ မဟုတ်ကြပါဘူး။ နိုင်ငံပေါင်း ၈၁ နိုင်ငံထက်မနည်းက နိုင်ငံခြားသား ၁၂၀၀၀ ကျော် အိုင်အက်စ်မှာ ပါဝင်တိုက်ခိုက်နေကြပြီး အဲဒီထဲက ၂၅၀၀ ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆီရီးယားကို လာပြီးတိုက်ခိုက်နေကြတဲ့ အနောက်နိုင်ငံတွေက လူ တွေ ဖြစ်တယ်လို့ လေ့လာပြုစုတဲ့ Soufan Group က လောလောဆယ်ခန့်မှန်းပါတယ်။

သူတို့၏လက်နက် ပြင်ဆင်ရန်

အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ ထရပ်ကားပေါ် တင်ပစ်လို့ရတဲ့ စက်သေနတ်တွေ၊ ရော့ကက်လောင်ချာတွေ၊ လေယာဉ်ပစ်သေနတ်တွေ၊ အလွယ်တကူ သယ်ယူပစ်ခတ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေအပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံကို ရရှိနေကြပြီး ပစ်ခတ်နိုင်စွမ်းလည်း ရှိကြပါတယ်။

သူတို့ဟာ အီရတ်နဲ့ ဆီရီးယားစစ်တပ်က တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကိုလည်း သိမ်းဆည်း ရမိထား ကြပါတယ်။

သူတို့ကို လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အဆက်မပြတ်အောင် ပို့ပေးနေတဲ့ အဖွဲ့တခုရှိလိမ့်မယ်လို့ ယူဆရပါတယ်။

သူတို့ရဲ့ ဒီလိုလက်နက်စွမ်းရည်တွေကြောင့် ဩဂုတ်လမှာ အီရတ်တောင်ပိုင်းက ကာဒ်လူမျိုးပြည်သူ့စစ်စခန်း အတော်များများကို ဝင်စီးခဲ့နိုင်ခဲ့ပါတယ်။

ငွေကြေးထောက်ပံ့မှု ပြင်ဆင်ရန်

သတင်းတွေအရ အိုင်အက်စ်မှာ ငွေသားနဲ့ တခြားပိုင်ဆိုင်မှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း၂၀၀၀ လောက်ရှိတယ်ဆိုတော့ ကမ္ဘာမှာ အချမ်းသာဆုံး စစ်သွေးကြွအဖွဲ့လို့ ပြောနိုင်ပါတယ်။

အစပိုင်းမှာ ငွေကြေးထောက်ပံ့မှု အများစုကို အာရပ် ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ ပုဂ္ဂိုလ် တဦးချင်း တယောက်ချင်းဆီက ရတာ ဖြစ်ပေမယ့် ဒီနေ့အခါမှာတော့ အိုင်အက်စ်ဟာ ကိုယ်ဖာသာ ကိုယ် ငွေကြေးရှာဖွေ ထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်း ဖြစ်လာနေပါပြီ။

သူတို့ ထိန်းချုပ်ရာ ဒေသတွေမှာရှိတဲ့ ရေနံနဲ့ ဓာတ်ငွေ့တွင်းတွေကနေ တစ်လ တစ်လကို ဒေါ်လာ သန်းချီ ဝင်နေသလို အခွန်အကောက်တွေ၊ မှောင်ခို အရောင်းအဝယ်တွေ၊ ငွေညှစ်မှုတွေ နဲ့ ပြန်ပေးဆွဲမှုတွေကလည်း ဝင်ငွေတွေ ရနေပါတယ်။

အီရတ်က တိုက်ခိုက်မှုတွေအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ကြီးမြို့ငယ်တွေမှာရှိတဲ့ ဘဏ်တွေကနေလည်း ငွေကြေး အမြောက်အမြား ရထားခဲ့ပါတယ်။

ဘာကြောင့် ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာတွေကို သုံးကြသလဲ ပြင်ဆင်ရန်

အိုင်အက်စ်တွေဟာ ဆွန်နီ အစ္စလမ်ဘာသာကို အစွန်းရောက်အမြင်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆို လက်ခံ ကျင့်သုံးကြတဲ့ ဂျီဟတ်ဒစ်တွေဖြစ်ပါတယ်။

နောက်ပြီး သူတို့ကမှ တကယ်တန်း အစ္စလမ်ဘာသာကို အစစ်အမှန် သက်ဝင်ယုံကြည်သူတွေလို့ ကိုယ့်ကိုကိုယ် မှတ်ယူကြပါတယ်။

သူတို့လွဲပြီး ကျန်တကမ္ဘာလုံးဟာ အစ္စလမ်ဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေကြတဲ့ အစ္စလမ်ဘာသာကို မယုံကြည်သူတွေ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒီလို အကြောင်းပြချက်တွေနဲ့ တခြားမွတ်ဆလင်တွေရော မွတ်ဆလင်မဟုတ်သူတွေကိုပါ တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

ခေါင်းဖြတ်သတ်တာတွေ၊ လက်ဝါးကပ်တိုင်မှာ သုတ်သင်တာတွေ နဲ့ အစုလိုက်အပြုံလိုက်ပစ်သတ်မှုတွေဟာ ရန်သူကို ကြောက်လန့်တုန်လှုပ်အောင် လုပ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကိုရမ်ကျမ်းစာပါ ဖော်ပြရေးသားချက်အရ မယုံကြည်သူတွေအပေါ် ဒီလို လုပ်တာဖြစ်တယ်လို့ အိုင်အကိစ် အဖွဲ့ဝင်တွေ အကြောင်းပြပေမယ့် မွတ်ဆလင်တွေကတော့ သူတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြပါတယ်။

အယ်လ်ကိုင်ဒါးခေါင်းဆောင် Ayman al-Zawahiri အေမန် အဲ ဇာဝါဟီရီကတောင် ဖေဖော်ဝါရီလက ဆီရီးယားမှာ လုပ်ခဲ့ အိုင်အက်စ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သူတာဝန်မယူဘူးလို့ ပြောခဲ့သလို ၂၀၀၅ ခုနှစ်ကလည်း ဒီလိုရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မွတ်ဆလင်တွေရဲ့ လေးစားချစ်ခင်မှုကို ဆုံးရှုံးနိုင်တယ် လို့ အဲဒီအချိန်က ခေါင်းဆောင် ဖြစ်တဲ့ ဇာကာဝီကို သတိပေးခဲ့ဘူးပါတယ်။ [၁]

  • ၂၉-၆-၂ဝ၁၄ ကတည်းက အဘူဘာကာ ဘက်ဒါဒီ (AbuBakral-Baghdadi)က ခေါင်းဆောင်ဖြစ်သည်။ သူ့နယ်မြေတွေဟာ ဂျော်ဒန်၊ အစ္စရေး၊ ပါလစ္စတိုင်း၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်၊ တူရကီတောင်ပိုင်းတွေဟု ဆိုထားသည်။
  • ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဩစတြေးလျ၊ ကနေဒါအပြင် မွတ်ဆလင်နိုင်ငံတွေဖြစ်ကြသော အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကတော့ ISIS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။
  • ဆူနီးမွတ်ဆလင်အဖွဲ့ဖြစ်သည်။ အီရတ်က Al-Qaeda အယ်လ်ကိုင်ဒါ (၂ဝဝ၃-၂ဝဝ၆)၊ Mujahideen Shura Council မူဂျာဟီဒင် ရှူရာ ကောင်စီ (၂ဝဝ၆)၊ Islamic State of Iraq (ISI) (၂ဝဝ၆-၂ဝ၁၃) တွေပြင် Jeish al-Taiifa al-Mansoura, Jaysh al-Fatiheen, Jund al-Sahaba and Katbiyan Ansar Al-Tawhid wal Sunnah တွေလဲ ပါနေကြသည်။
  • ဆီးရီးယားပြည်တွင်းစစ်မှာ ဝင်ပါရာကနေ အင်အားကြီးလာမယ်။ အီရတ်စစ်ပွဲမှာလဲ အီရတ်အစိုးရကနေ ကူညီခဲ့သည်။
  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟယ်လရီကလင်တန်က သမ္မတ အိုဘားမား၏ဆီးရီးယား ပေါ်လစီဟာ ကျဆုံးမှုဖြစ်သည်ဟု ဝေဖန်လိုက်သည်။ အားဆဒ်အစိုးရကို ခုခံတိုက်မဲ့ အတိုက်အခံတွေကို စစ်ရေးအရ ထိထိရောက်ရောက် မကူညီခဲ့၍ ISIS လဲ ကြီးထွားလာတာဟု ဆိုလိုက်တာ ဖြစ်သည်။
  • ကုလသတင်းအရ ISIS ကနေ အခုနှစ် ဇွန်လ ၅ ရက်ကနေ ၂၂ ရက်အတွင်း အီရတ်အရပ်သား ၁ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ အမျိုးသမီးတွေကို မတရားရက်ရက်စက်စက်ပြုကျင့်သည်။

၂ဝ၁၄ ဩဂုတ်လ အဖြစ်အပျက်များ ပြင်ဆင်ရန်

  • ၁-၈-၂ဝ၁၄ မွတ်ဆလင်နိုင်ငံ အင်ဒိုနီးရှားကနေ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခံရသည်။
  • ၂-၈-၂ဝ၁၄ အီရတ်စစ်တပ်နှင့် တိုက်ပွဲများဖြစ်သည်။ Patriotic Union of Kurdistan (PUK)တပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်သည်။
  • ၃-၈-၂ဝ၁၄ ကာဒစ်အဖွဲ့တွေဆီကနေ Zumar ဇူးမားရေနံတွင်းကို သိမ်းယူနိုင်ခဲ့သည်။
  • ၅-၈-၂ဝ၁၄ အီရတ်မြောက်ပိုင်းက Yazidis ယာဗီဒီ အရပ်သား ၅ သောင်း ထွက်ပြေးကြရသည်။ အများစုဟာ ခရစ်ယန်တွေဖြစ်ပြီး အစ္စလမ်ဘာသာထဲ အတင်းသွင်းခံရာမှာကြောက်၍ ပြေးကြရတာဖြစ်သည်။
  • ၆-၈-၂ဝ၁၄ Yazidis ယာဗီဒီ အမျိုးသမီး ၄ဝဝကို ပြန်ပေးဆွဲခဲ့သည်။ လိင်ကျွန် အလုပ်ခိုင်းဖို့ ဖြစ်သည်။
  • ၇-၈-၂ဝ၁၄ ခရစ်ယန်တွေနေသော Qaraqosh ကာရာကွက်ရှ်ကို သိမ်းသည်။ လူအများစုက ထွက်ပြေးကြရသည်။ အိုဘားမားကနေ လေကြောင်းကတိုက်ဖို့ အမိန့်ပေးလိုက်သည်။
  • ၈-၈-၂ဝ၁၄ အမေရိကန်အစိုးရကနေ ISIS ဟာ Yazidis ယာဗီဒီ လူမျိုးပြုန်း သတ်နေသည်ဟု ကြေညာလိုက်သည်။ ယူကေနိုင်ငံကပါ အမေရိကန်ဘက်ကနေ ဝင်တိုက်လာသည်။
  • ၁ဝ-၈-၂ဝ၁၄ ပြင်သစ်ကနေ ကဒ်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးမယ်လို့ကြေညာသည်။ ISIS ကနေ အီရတ် အမျိုးသမီးနှင့် ကလေးတွေကို အစုလိုက်အပြုံလိုက် ၅ဝဝ ကို သတ်လိုက်သည်။
  • ၁၁-၈-၂ဝ၁၄ Arab League အာရတ်လိခ် ကနေ ISIS ကို လူသားမဆန်ကြောင်း ပြောဆိုလိုက်သည်။
  • ၁၂-၈-၂ဝ၁၄ ယူအက်စ်နှင့် ယူကေနိုင်ငံတွေကနေ လူသားခြင်းစာနာမှု အကူအညီတွေ လေကြောင်းကနေ ချပေးနေရသည်။ ကလေး၊ လူကြီး၊ လူအို၊ ယောက်ျား၊ မိန်းမတွေ နေစရာနှင့် စားစရာမရှိ ထွက်ပြေးနေကြရသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၊ စက်တင်ဘာ(၁၆)၂၀၁၄
  2. ဒေါက်တာတင့်ဆွေ(၁၃-၈-၂ဝ၁၄)