အဆောက်အအုံ ဆောက်လုပ်ခြင်း

ကမ္ဘာအရပ်ရပ်၌ ရှေးမင်းများ လက်ထက်က တည်ဆောက်ခဲ့သော စေတီပုထိုးကြီးများ၊ ပိရမစ်ကြီးများ၊ နန်းတော်ဆောင်ကြီးများ၊ ရဲတိုက်ကြီးများ စသော အဆောက်အအုံကြီး များအနက် အချို့ကို ယခုထက် တိုင် တွေ့မြင်နိုင်သေးသည်။ သို့သော် ထိုအဆောက်အအုံကြီး များကား လပိုင်း လောက်နှင့် ဆောက်လုပ်ပြီးစီးခဲ့သော အဆောက်အအုံများ မဟုတ်ပေ။ ယခုခေတ်နှင့်စာသော် ထို ခေတ်က သိပ္ပံပညာသည်လည်းကောင်း၊ အင်ဂျင်နီယာအတတ် သည်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည်လည်းကောင်း အတော်ပင် နုပေသေးသည်။ ထိုခေတ်က ကျောက်တုံးကျောက် ခဲများကိုလိုလျှင် ကျောက်စိုင် ကျောက်တောင်ကြီးများမှ လူတွေ ကိုယ်တိုင် စူးဆောက်တို့ဖြင့် တူးယူ ဖဲ့ယူကြရ၏။ လေးလံ သည့် ပစ္စည်းများကို ပင့်လိုရွှေ့လိုသော် ယခုခေတ်မှာကဲ့သို့ စက်ကြီးစက်ကလေး အမျိုးမျိုး မပေါ်ပေါက်သေးသည့်အတွက် ကုတ်များ၊ ဒလိမ့်တုံးများ မျက်နှာပြင်စောင်းများကိုသာ အသုံး ပြုခဲ့ကြ၏။ ထိုပစ္စည်းများကို တစ်နေရာမှတစ်နေရာသို့ လူအား တိရစ္ဆာန်အားဖြင့်သာလျှင် သယ်ယူကြရ၏။ ထိုကြောင့် ရှေး ဗိသုကာဆရာ၊ ပန်းရန်ဆရာကြီးများ၏ လက်ရာကို အထင်မသေးသင့်သော်လည်း သူတို့သည် အထက်တွင် ဖော်ပြခဲ့သော အဆောက်အအုံကြီးများကို နှစ်ပေါင်းများစွာ ကြီးမားသော လူစုလူဝေးဖြင့် အလွန်ပင်ပန်းခက်ခဲစွာ ဆောက်လုပ်ခဲ့ကြရပေသည်။ သို့ရာတွင် သိပ္ပံဘက်၌ အလွန်အမင်း တိုးတက်လာသည့် ကျွန်ုပ်တို့၏ ခေတ်သို့ရောက်လာသောအခါ ထို အဆောက်အအုံ ကြီးများထက် ကြီးကျယ်မြင့်မား၍ ပို၍လည်း ခိုင်ခံ့သော အဆောက်အအုံကြီးများကိုပင် နှစ် အနည်းငယ်အတွင်း၊ သို့မဟုတ် လပိုင်းအတွင်း၌ ပြီးစီးအောင် ဆောက်လုပ်နိုင်သည်ကို တွေ့ရလေသည်။ ယခုအခါ အဆောက်အအုံများ၏ ကိုယ်ထည်အတွက် သံမဏိတိုင် သံမဏိယက်မ၊ သံမဏိဘောင် စသော သံထည် ပစ္စည်းများကို လိုသလောက် ရနိုင်ပေပြီ။ လေးလံသော ပစ္စည်းများကို လိုရာပင့်နိုင် ရွှေ့နိုင်သည့် ဝန်ချီစက်ကြီးများ ရှိသည်။ မြေစက်၊ တွင်းတူးစက်စသော စက်ယန္တရား များလည်း အမျိုးမျိုးပင် ရှိ၏။ ဘိလတ်မြေများကိုလည်း ကျနစွာ ဖော်ယူနိုင်ပြီ ဖြစ်သဖြင့် ခိုင်ခံ့သော အင်္ဂတေများကို ပြုလုပ်နိုင်သည်။ တိုက်တာကြီးများကို ဆောက်လုပ်ရာ၌ ခေတ်မီအင်ဂျင်နီယာ အတတ်ဖြင့် လိုအပ်သော အလေးချိန် အမျိုးမျိုး၊ အားအမျိုးမျိုးကို တွက်ချက်နိုင်သည့်အတွက် အဆောက်အအုံများကို တာရှည်တည်တံ့အောင် ဆောက်လုပ်နိုင်သည်။ ထို့အပြင် မော်တော်ကား၊ မီးရထား၊ သင်္ဘောစသည့် သယ်ယူပို့ဆောင်ရေးယာဉ်များ ရှိနေသည့်အတွက် ဝတ္ထုပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ရာတွင် ရှေးကကဲ့သို့ ခဲယဉ်းကြန့်ကြာ ခြင်းမရှိတော့ပေ။ ရှေးက အဆောက်အအုံများ၏ အလေးချိန်ကို အုတ်နံရံ များဖြင့်သာ ထောက်ခံပေးထားခဲ့ကြ၍ ယခုအခါ၌မူ အုတ်နံရံများအစား သံတိုင်များကို အသုံးများကြ၏။ သစ်သား ယက်မများ အစားလည်း သံယက်မများကို အသုံးပြုနိုင်ကြ ပြီဖြစ်သဖြင့် အဆောက်အအုံများမှာ ရှေးကထက် ပိုမို စိတ်ချ ရပေသည်။ ရှေးက အုတ်နံရံ၊ ကျောက်နံရံများကိုသာ အားထား ခဲ့ရသဖြင့် အဆောက်အအုံများတွင် အထက်ပိုင်း မလေးစေရန် အုတ်နံရံများကို အောက်ခြေတွင် ပြက်ကျယ်ကျယ်ထား၍ အပေါ်ဘက်သို့ ရှူးပေးရသည်။ သို့သော် သံတိုင်၊ သံယက်မ များကို သုံးသောအခါ အုတ်ကျောက်တို့ကဲ့သို့ မလေးလံသည့် အပြင် အုတ်ကျောက်တို့ထက်လည်း ပို၍ ခိုင်ခံ့သည့်အတွက် အထပ်တိုင်းကို တစ်ညီတစ်ညာတည်း ဆောက်လုပ်နိုင်ပေသည်။ ထို့အပြင် အုတ်နှင့် ကျောက်များကို သုံးစဉ် တစ်ထပ်ပြီးမှ တစ်ထပ်ကို ဆောက်နိုင်ရာ သံထည်များကို သုံးသောအခါ အလုပ်သမားများသည် သူ့အစုနှင့်သူ ဆိုင်ရာအထပ်၊ ဆိုင်ရာ အခန်းများကို တစ်ဦးတစ်ခြား ဆောက်လုပ်မွမ်းမံနိုင်ပေသည်။ ပုံစံအားဖြင့် အောက်ထပ်၌ နံရံတွင် အုတ်စီ၍ မပြီးမီ အပေါ် ထပ်၌ နံရံကို အင်္ဂတေကိုင်ခြင်း၊ အခန်းဖွဲ့ခြင်း၊ အိမ်ထောင် ပရိဘောဂများ တပ်ဆင် ဆင်ပြင်ခြင်းများကို ပြုလုပ်နိုင်၏။ သံထည်ကို အတွင်း၌ခံ၍ ဆောက်လုပ်ကြသော ယခုခေတ် အဆောက်အအုံကြီးများတွင် အုတ်ကို သံထည်များအပြင်ဘက်၌ ဖုံးလွှမ်းရန် အခင်းအကာများ အတွက်သာ အသုံးပြုကြခြင်း ဖြစ်သည်။ အုတ်ဖြင့် အခင်းအကာများ မလုပ်မီ သံထည်များကို များသော အားဖြင့် သံချေးမတက်နိုင်သော ဆေးများ အထပ် ပေါင်းများစွာ သုတ်လိမ်းပေးလေ့ရှိသည်။ အဆောက်အအုံများကို မဆောက်လုပ်မီ အုတ်မြစ်ကောင်းကောင်း ချပေးရန် လိုပေသည်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ အဆောက်အအုံ၏ အလေးချိန်သည် အောက်ခံမြေ၌ ပျံ့နိုင်သမျှ ပျံ့သွားစေရန် ဖြစ်၏။ ရှိသမျှ အလေးချိန်ကို အောက်ခံမြေက ကောင်းစွာ ခံနိုင်ရည် ရှိရပေမည်။ အုတ်မြစ်ချရာ၌ သံတိုင်များ အောက်တွင် ခိုင်ခံ့သော အင်္ဂတေတုံးများကို သံချောင်းများနှင့် ရောစပ်၍ ပိုမို ခိုင်ခံ့အောင် ပြုလုပ်ထားသည်။ အဆောက်အအုံ ဆောက်လုပ်သောနေရာတွင် မြေပျော့နေပါက အုတ်မြစ်ကို ပိုခိုင်ခံ့အောင် လုပ်ပေးဖို့ လိုလေသည်။ အခိုင်ခံ့ဆုံးသော အုတ်မြစ်ချနည်းမှာ အင်္ဂတေတိုင်များကို မြေအောက် ကျောက် ထပ်ထိအောင် မြှုပ်ပေးခြင်း ဖြစ်၏။ ထိုအတွက် လေလုံသံစည် များကို မြေအောက်သို့ချပေးရ၍ ထိုစည်များကဲ့သို့ သံကူ ကွန်ကရစ် အင်္ဂတေများ လောင်းထည့်ပေးရသည်။ အဆောက်အအုံများ၏ နံရံများ၊ ပန်းများနှင့် အခြား အလှ အပ အဆင်အယဉ်များအတွက် ကျောက်အင်္ဂတေနှင့် အုတ်များ ကို အသုံးပြုကြသည်။ ထိုပစ္စည်းများကို ရောစပ်၍သော်လည်းကောင်း၊ သီးသန့်သော် လည်းကောင်း အသုံးပြုကြသည်။ အဆောက်အအုံဆောက်ရာ၌ မီးမလောင်နိုင်သော ပစ္စည်းများကို သုံးနိုင်သလောက် သုံးကြသည်။ ကြမ်းပြင်များကို အုတ်များခင်း ၍ အင်္ဂတေကိုကိုင်ပြီးလျှင် မျက်နှာပြင်ကို အလိုရှိသောပစ္စည်းဖြင့် ညှိပေးကြသည်။ အမိုးများကို ရေစီးဆင်းစေရန်အတွက် ဆင်ခြေလျှောပြုလုပ်၍ အုတ်ကြွပ်များနှင့် မိုးလေ့ရှိကြသည်။ ကြေးနီကို ယခုခေတ် အဆောက်အအုံများ အမိုးများ ဆောက်လုပ်ရာ၌ အများအပြား အသုံးပြုလာကြ၏။ ကြေးနီကို အမိုးပြုလုပ်သောအခါ ကြေးနီရောင်သည် တဖြည်းဖြည်း မှိန် သွာသော်လည်း နောင်သော် လှပသော အရောင်တစ်မျိုး ဖြစ် ပေါ်လာတတ်ပေသည်။ အချို့သော အဆောက်အအုံများတွင် အမိုးကို အင်္ဂတေခင်း၍ သမံတလင်းကိုင်ပြီးလျှင် ကတ္တရာစေး သုတ်လိမ်းထားလေ့ရှိသည်။ ကတ္တရာစေးပေါ်တွင် တစ်ဖန် နေပူရှိန်ကို လျော့စေရန်အတွက် ဒါဗီရှိုင်ယာစပါးခေါ် အခင်း တစ်မျိုးကို ခင်းလေ့ရှိပြန်သည်။ အချို့ အမိုးများတွင်မူ သက္ကလပ်ကြမ်းများ ခံထားသော အုတ်ကြွပ်တစ်မျိုးကို ခင်းပေးထား လေ့ရှိကြသည်။ ယခုခေတ် အဆောက်အအုံများတွင် တယ်ရကောတားခေါ် မီးခံအုတ်ကြွပ်တစ်မျိုးကို အသုံးများကြသည်။ ထိုအုတ်ကြွပ် မျိုးကို ရွှံ့စေးတစ်မျိုးမှ ပြုလုပ်၍ အပူဒဏ်ကို အထူးခံနိုင်ရည်ရှိ သောကြောင့် နံရံနှင့်အမိုးများအတွက် အသုံးများကြသည်။ ထို အုတ်ကြွပ်ကို အရောင်အမျိုးမျိုး တင်နိုင်၍ ပုံအမျိုးမျိုး ပြုလုပ် နိုင်သည်။ သံကိုယ်ထည်များကို မီးမလောင်နိုင်သော ပစ္စည်း များဖြင့် ဝိုင်းရံထားလေ့ရှိရာ ထိုအတွက် အထက် ဖော်ပြပါ အုတ်ကြွပ်မျိုးကို သုံးလေ့ရှိကြသည်။ ကွန်ကရစ် အင်္ဂတေသည် လည်း မီးဒဏ်ကို ခံနိုင်သည့်သတ္တိရှိ၍ အသုံး များကြပေသည်။ သာမန် ကွန်ကရစ်အင်္ဂတေသည် အုတ်ကျိုးအုတ်ပဲ့၊ ကျောက် စကျောက်နများကို ဘိလတ်မြေနှင့် ရောစပ် ပြုလုပ်ထားခြင်း ဖြစ်သည်။ သံကူကွန်ကရစ်အင်္ဂတေတွင်မူ ကွန်ကရစ်ထဲ၌ သံမဏိချောင်းများ ထည့်ထားသည့်အတွက် ကွန်ကရစ် ရိုးရိုး ထက် အားပို၍ ကောင်းသည်။ ဖိအားဆွဲအားများကို ပို၍ ခံနိုင် ရည် ရှိသည်။ တိုင်များ ပြုလုပ်ရာ၌လည်း သံချောင်းများကို အင်္ဂတေထဲတွင် မြှုပ်ထားလေ့ရှိကြသည်။ ကြမ်းပြင်ပြုလုပ်ရာ တွင်မူ သံချောင်းများကို နှစ်ထပ်ဆင့် ကြက်ခြေခတ် ထည့် ထားလေ့ ရှိကြသည်။ တစ်နည်းဆိုသော် ယခုခေတ် တိုက်တာ အဆောက်အအုံများတွင် သံကူကွန်ကရစ်အင်္ဂတေကို အသုံး အများဆုံး ဖြစ်၏။ အသုံးများ ရသည့်အကြောင်းမှာ အခြား ပစ္စည်းနှင့်စာလျှင် ဈေးသက်သာခြင်း၊ ခိုင်ခံ့ခြင်း၊ နေရာတကာ တွင် သုံးနိုင်ခြင်းနှင့် လွယ်ကူစွာ ပြုလုပ်နိုင်ခြင်းတို့ကြောင့် ဖြစ်လေသည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် အရေးအကြီးဆုံးမှာ ကောင်းမွန်သင့်တော်သော လူနေအိမ်များ ဆောက်လုပ်ရေးပင် ဖြစ်သည်။ ထိုအတွက် ရှေးဦးစွာ အိမ်ရာဆောက်လုပ်မည့်နေရာ ကို ရွေးချယ်ရ၏။ ဖြစ်နိုင်ပါက မီးရထား ဘူတာရုံ၊ မော်တော် ကားဆိပ်၊ ကျောင်း၊ ဈေး စသည်တို့နှင့်နီးသော နေရာကို စိတ်တိုင်းကျ ရွေးချယ်ရန် လိုပေသည်။ ယခင်ကဆိုလျှင် ကြိုက်ရာတစ်နေရာတွင် အိမ်၏လှပခြင်း၊ ပတ်ဝန်းကျင်၏ သာယာခြင်းတို့ကို ဂရုမပြုဘဲ အိမ်ဖြစ်ရုံ ဆောက်လုပ်ခဲ့ကြသည်သာ များသည်။ အိမ်မြေရာပေါ်ရှိ သစ်ပင်ကြီးများကိုလည်းကောင်း၊ လမ်း နံဘေးရှိ သစ်ပင်များ ကိုလည်းကောင်း ခုတ်လဲလိုက ခုတ်လှဲပစ်ကြ၏။ ယခုသော် မြို့ပြဆိုင်ရာ အာဏာပိုင်တို့က သစ်ပင်ကြီးငယ်များကို ဂရုတစိုက် အလှအပထားကြသဖြင့် အိမ်ဆောက်လိုသူများသည် အပင်များကို အရမ်းမဲ့ ခုတ်လှဲခွင့် မရကြတော့ပေ။ တိုက်တာ အိမ်ရာ အနီးအနားတွင် စိမ်းလန်းသောအပင်များ ရှိခြင်းသည် စိတ်ကို ကြည်နူး သာယာစေ၍ အရိပ်လည်းရစေသည်။ အိမ်ရာ ဆောက်လုပ်ရာတွင် နောက်တစ်ခု သတိပြုရန်မှာ အလင်း ကောင်းစွာ ဝင်နိုင်အောင် ဂရုစိုက်ရခြင်း ဖြစ်၏။ နေရောင်တွင် လူကို ကျန်းမာစေသော ရောင်ခြည်များသဖြင့် အလင်းကောင်း စွာ ဝင်မှသာလျှင် ကျန်းမာရေးနှင့် ညီညွတ်ပေမည်။ အိပ်ခန်းများတွင် နံနက်ပိုင်း၌ ရောင်ခြည်ကို ဝင်စေရန် အရေးကြီး သည်။ ရုံးခန်း၊ အလုပ်ခန်းများကို နေရောင်မဝင်သော နေရာ များတွင် ထားနိုင်ပေသည်။ မီးဖိုခန်းထဲသို့လည်း နေရောင်ဝင် စေရန် လိုအပ်ပေသည်။ ယခုခေတ် အဆောက်အအုံများတွင် မီးဖိုခန်းနှင့် ပန်းကန် ခွက်ယောက် ဆေးကြောသော အခန်းများကို တစ်ဆက်တည်း ထားလေ့ရှိကြသည်။ ထိုကဲ့သို့ တွဲ၍ထားခြင်းသည် တစ်နည်း အားဖြင့် အလုပ်သက်သာသော်လည်း အိမ်ခန်းကျယ်က ခွဲထား သင့်ပေသည်။ မည်သို့ဖြစ်စေ မီးဖိုဆောင်ကို စံနစ်တကျ ဆောက်လုပ်ရန်မှာ လိုအပ်သော အချက်တစ်ရပ်ပင် ဖြစ်သည်။ သို့မှသာ ထမင်းဟင်းချက်သူအတွက် များစွာ သက်သာပေ သည်။ မီးဖိုခန်း၏ နံရံများတွင် ဗီရို၊ ပန်းကန်စင်၊ စားပွဲ စသည်များကို စံနစ်ကျကျ ထားပေးခြင်းဖြင့် ထမင်းချက် သူအဖို့ လိုရာကို အလွယ်တကူနှင့် ယူငင်သုံးနိုင်စွဲနိုင်ပေသည်။ တိုက်တာအိမ်ရာများ ဆောက်လုပ်ရာ၌ အသုံးပြုမည့်ပစ္စည်း များကို ရွေးချယ်ခြင်းသည်လည်း အရေးကြီး၏။ ကျောက်ထူ ထပ်သော နေရာမျိုးတွင် ကျောက်ဖြင့် တိုက်ဆောက်ရန် သင့်၍ အခြားအရပ်ဒေသမျိုးတွင် အုတ်ဖြင့် ဆောက်သော တိုက်များကို လည်းကောင်း၊ ပျဉ်ထောင်အိမ်များကိုလည်းကောင်း ဆောက် လုပ်ရန် သင့်ပေသည်။ အနောက်နိုင်ငံများတွင် အုတ်ကို အသုံး များသကဲ့သို့ အရှေ့နိုင်ငံများတွင် ပျဉ်ထောင်အိမ်များကို အဆောက်များကြသည်။ ပျဉ်ထောင်အိမ်များတွင် ပန်းဆွဲများ ကို အလှဆွဲကာ တန်ဆာဆင်တတ်ကြ၍ တိုက်တာများတွင်မူ နံရံများကို ဆေးသုတ်၍ တန်ဆာဆင်တတ်ကြလေသည်။ အချို့တိုက်တာ အိမ်ရာများတွင် အိမ်ရှေ့မျက်နှာစာ၌ နေပူ မိုးရွာကို ကာကွယ်ပေးသော ဆင်ဝင်ကို အဆောက်အအုံတွင် သုံးသည့် ပစ္စည်းမျိုးဖြင့်သာ ဆောက်လုပ်သင့်ပေသည်။ ပုံစံအားဖြင့် တိုက်အိမ်ဖြစ်လျှင် အုတ်ဖြင့်လည်းကောင်း၊ ပျဉ်ထောင်အိမ်ဖြစ်လျှင် သစ်သားဖြင့်လည်းကောင်း ဆောက် သင့်ပေသည်။ အိမ်ကို လှပအောင် ဖန်တီးရာတွင် အိမ်၏ အပြင်ဘက်နံရံ ကို သင့်တော်သော ဆေးဖြင့် သုတ်ခြယ်ပေးရန် အရေကြီးပြန် သည်။ ထိုကိစ္စအတွက် အိမ်၏ ပတ်ဝန်းကျင်နှင့် ပနံရစေမည့် ဆေးရောင်များကို ရွေးချယ်သင့်ပေသည်။ ပြတင်းပေါက်များကို သစ်သားနှင့် မှန်ပေါင်းစပ်၍ ပြုလုပ် လေ့ရှိကြ၏။ အချို့ပြတင်းပေါက်များတွင်မူ သစ်သားမပါပဲ သံဘောင်နှင့်မှန်ကိုသာ ပေါင်း၍ ပြုလုပ်ထားတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ ပြတင်းပေါက်များကို အဆောက်အအုံတွင်းသို့ နေရောင်နှင့် လေကောင်းလေသန့် ဝင်စေရန်အပြင် သူခိုးသူဝှက် ဘေးမှ လုံခြုံစေရန်အတွက် ရည်စူးဂရုစိုက်ပြီး ဖောက်လုပ်ရန် အရေးကြီးပေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)