အညာတကဝိညတ္တိသိက္ခာပုဒ်
အညာတကဝိညတ္တိသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်ခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]
သမိုင်း
ပြင်ဆင်ရန်မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဥပနန္ဒသည် တရားဟောရာ၌ ကျွမ်းကျင်၏။ တစ်ခုသောအခါ သူဌေးသားတစ်ယောက်သည် အသျှင်ဥပနန္ဒအား “အသျှင်ဘုရား လိုရာကို အမိန့်ရှိပါ” ဟု လျှောက်၏။ ထိုအခါ “သင်ဝတ်လာသော အဝတ်နှစ်ထည်မှ တစ်ထည်ကို လှူလော့” ဟု အသျှင်ဥပနန္ဒသည် မိန့်တော်မူ၏။
ထိုအခါ သူဌေးသားသည် “အဝတ်တစ်ထည်တည်းဖြင့် သွားရန် ရှက်ဖွယ်ဖြစ်သဖြင့် အိမ်သို့ရောက်သည့်တိုင်း ဆိုင်းငံ့ပါ။ အိမ်ရောက်ပါက တစ်ထည်ကိုလည်းကောင်း၊ ဤထက်ပိုလွန်ကောင်းမြတ်သော အထည်ကိုလည်းကောင်း ပို့ပါမည်” ဟု လျှောက်၏။ ဤသို့ ဖြင့် အသျှင်ဥပနန္ဒသည်လည်း သုံးကြိမ်တိုင် အလှူခံ၏။ သူဌေးသားသည်လည်း သုံးကြိမ်တိုင် ငြင်းပယ်၏။
ထို့နောက် အသျှင်ဥပနန္ဒသည်” သင်သည် ပေးလှူချင်ယောင်ဆောင်ကာ မပေးလှူ” ဟု ဆို၏။ ထိုသို့ အတင်းအကြပ် ပြောသဖြင့် သူဌေးသားသည် အဝတ်တစ်ထည်ကို လှူကာ တစ်ထည်တည်းဖြင့် ပြန်သွား၏။ ထိုအခါ လူတို့သည် သူဌေးသားအား မေးမြန်းကြ၏။ သူဌေးသားလည်း ဖြစ်ကြောင်းကုန်စင် ပြောပြ၏။ ထိုအခါ လူတို့သည် အသျှင်ဥပနန္ဒကို ကဲ့ရဲ့ကုန်၏။
ထို့နောက် ရဟန်းတို့သည်လည်း ကဲ့ရဲ့ကုန်၏။ မြတ်စွာဘုရားထံ လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား “ဟုတ်မှတ်ပါသလော” ဟု မေးမြန်း၏။ အသျှင်ဥပနန္ဒသည် “ဟုတ်မှတ်ကြောင်း” ဝန်ခံ၏။ “သင့်နှင့် ဆွေမျိုးတော်စပ်သလော” ဟု ထပ်မံမေးမြန်းရာ “မတော်စပ်ကြောင်း” ဖြေကြား၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်“အကြင် ရဟန်းသည် ဆွေမျိုးမတော်စပ်သော အိမ်ရှင်ကိုသော်လည်းကောင်း၊ အိမ်ရှင်မကိုသော်လည်းကောင်း သင်္ကန်းကို တောင်းငြားအံ့။ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]
အနုပညတ်သိက္ခာပုဒ်
ပြင်ဆင်ရန်ထိုသို့ သိက္ခာပုဒ်ကို ပညတ်ပြီးချိန်တွင် သာကေတမြို့မှ သာဝတ္ထိသို့ ခရီးသွားကြသော ရဟန်းတို့သည် ခိုးသူတို့၏ လုယက်ခြင်းကို ခံရ၏။ သိက္ခာပုဒ်ကို ပညတ်ထားသဖြင့် အဝတ်မပါဘဲ သာဝတ္ထိသို့ သွားကာ ရဟန်းတို့ကို ရှိခိုးကြ၏။ ထိုအခါ ရဟန်းတို့သည် ထိုအဝတ်မပါသော ရဟန်းတို့အား အာဇီဝက’တက္ကတွန်း’ များဟု ထင်ကြ၏။ ထိုအခါ “မိမိတို့သည် တက္ကတွန်း မဟုတ်ပါ၊ ရဟန်းများ ဖြစ်သည်” ဟု ပြော၏။ ထိုအခါ ရဟန်းတို့သည် အသျှင်ဥပါလိအား “ထိုရဟန်းများကို မေးစိစစ်ပါလော့” ဟု ဆိုကုန်၏။ ထိုအခါ အသျှင်ဥပါလိက “ဤသူတို့သည် ရဟန်းဖြစ်ကြသည်။ သင်္ကန်းကို ပေးကြလော့” ဟု မိန့်တော်မူ၏။
ထိုအခါ အလိုနည်းသော ရဟန်းတို့သည် “ရဟန်းတို့သည် အဘယ်ကြောင့် အချည်းနှီး လာကုန်ဘိသနည်း၊ မြက်၊ သစ်ရွက်ဖြင့် ဖုံးလွှမ်း၍ လာရာသည် မဟုတ်ပါလော” ဟု ကဲ့ရဲ့၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ခိုးသူ အလုခံရပါက ဆွေမျိုးမတော်စပ်သော အိမ်ရှင်၊ အိမ်ရှင်မထံမှ သင်္ကန်းတောင်းခြင်းကို ခွင့်ပြု၏။ ကျောင်းတိုက်သို့ ကပ်ရောက်ကာ သံဃာ၏ ကျောင်းပိုင် သင်္ကန်းကိုသော်လည်ကောင်း၊ အပေါ်အလွှမ်းခင်းကိုသော်လည်းကောင်း၊ မြေအခင်းကိုသော်လည်းကောင်း၊ ဘုံလျိုရေ ‘အစွပ်’ကိုသော်လည်းကောင်းယူကာ ‘ပြန်ထားမည်’ ဟု နှလုံးသွင်း၍ ဝတ်ရုံခြင်းကို ခွင့်ပြု၏။ အကယ်၍ မရှိငြားအံ့ မြက်ဖြင့်သော်လည်းကောင်း သစ်ရွက်ဖြင့်သော်လည်းကောင်း ဖုံးလွှမ်းလာရမည်။ အချည်းနှီးဖြင့် မလာရ။ လာသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏” ဟု မိန့်တော်မူ၏။[၁]