အာဏာရအစိုးရကို တရားဝင်ဆန့်ကျင်ပိုင်ခွင့်ရှိသောအဖွဲ့ကို အတိုက်အခံဟုခေါ်သည်။ တိုင်းပြည်ကိုသစ္စာရှိပြီး အာဏာရအစိုးရကိုသာ ဆန့်ကျင်သူကို သစ္စာရှိအတိုက်အခံ Loyal Opposition ဟု ခေါ်ပါတယ်။ အတိုက်အခံသည် တနေ့တွင် အစိုးရဖွဲ့မည်ဖြစ်၍ မမြင်ရသောအစိုးရ shadow government ဟုလည်း အင်္ဂလန်၌ခေါ်သည်။ သစ္စာရှိအတိုက်အခံဟူသော ဝေါဟာရသည် အင်္ဂလိပ်နိုင်ငံရေးစနစ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

(၁၈) ရာစုတွင် နိုင်ငံရေးပါတီများ အင်္ဂလန်၌ စတင်ပေါ်ထွက်လာစဉ် အတိုက်အခံဆိုသည့်စကား ပေါ်ပေါက်လာ သည်ဖြစ်၍ အနှစ်သုံးရာခန့် ရှိနေပါပြီ။ ထိုစဉ်က ဘုရင်ကို သစ္စာရှိပြီး အာဏာရအစိုးရကို အတိုက်အခံလုပ်သဖြင့် ဘုရင့်သစ္စာခံအတိုက်အခံ Majesty’s Loyal Opposition ဖြစ်လာ၏။ အတိုက်အခံ၏ တာဝန်သည် အစိုးရ၏ အပြစ်အနာအဆာကို ဖော်ထုတ်ဝေဖန်တိုက်ခိုက်ရုံသာမကဘဲ အစိုးရနှင့် ပူးတွဲဆောင်ရွက်သည်လည်းရှိ၏။

သို့သော် အစပိုင်းတွင် ရင့်ကျက်မှုနည်းသေးသည့်အတွက် အစိုးရလုပ်သမျှကို ဆန့်ကျင်ခြင်းသည် အတိုက်အခံ၏ တာဝန်ဟု အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုးလည်း ရှိသည်။ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစိုးရကို အတိုက်အခံက ထောက်ခံတတ်သည်။ ဥပမာ ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့က နယူးရောက်နဲ့ဝါရှင်တန်ကို အကြမ်းဖက် သမားတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သမ္မတ ဘုရှ်ကို ထောက်ခံသော အတိုက်အခံဒီမိုကရက်ပါတီဝင်များ ထိုစဉ်က ရှိလာသည်ကို တွေ့ရ၏။

သဘောထားကွဲလွဲမှုကို လက်ခံသည်-agree to disagree သို့မဟုတ် agreeing to disagree ဆိုသော အင်္ဂလိပ် စကားသည် (၁၈) ရာစု အင်္ဂလိပ်နိုင်ငံရေးလောကမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အငြင်းပွားကြသည့်အခါ၌ တဦး အမြင်ကို တဦးက သဘောမတူသော်လည်း ဤသို့ ကွဲပြားနေသော အမြင်များရှိသည်ကို လက်ခံပြီး ပဋိပက္ခမဖြစ်ဘဲ အဆင်ပြေအောင် စခန်းသွားကြဖို့ သဘောတူခြင်းဖြစ်သည်။ ဤစကားကို ဖန်တရာတေအောင် သုံးနေကြသော်လည်း နားလည်ရန် မလွယ်ပါ။

အတွေ့အကြုံနဲ့ ပညာအခြေခံ ဗဟုသုတကိုလိုက်၍ ပြဿနာတခုကို မြင်ပုံခြင်း ကွဲပြားခြားနားကြသည်။ ထို့ကြောင့် အချက်အလက်တခုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်း ကွဲပြားသွားကြသည်။ ထို့ကြောင့် ဤသို့ အမြင်ကွဲပြားရသည့် အကြောင်းရင်းကို လေ့လာဆန်းစစ်ရန် လိုသည်။ အမြင်ကွဲပြားသူကို အပြစ်တင်စရာမလိုပါ။ ၎င်းကို နားလည်ရန်သာ ကြိုးပမ်းရပါမည်။ သို့မှသာလျှင် ကွဲလွဲမှုကို လက်ခံနိုင်သည့် အရည်အသွေးရှိလာမည် ဖြစ်ပေသည်။

သဘောမတူကြောင်း ရိုးသားစွာ ထုတ်ဖော်ပြောဆိုခြင်းသည် တိုးတက်မှုရှိလာသည်ကို ပြသရာရောက်သည်ဟု အိန္ဒိယခေါင်းဆောင် မဟတ္တမဂန္ဒီ ပြောဖူးပါသည်။ ပါဝင်လုပ်ကိုင်သူ၏ ကွဲလွဲသော သဘောထားကို နားလည်အောင် ကြိုးစားခြင်းဖြင့် ၎င်း၏ဆန့်ကျင်မှုကို ပျက်ပြယ်စေသည်။ စီမံကိန်းချရာတွင် စာရွက်ပေါ်၌ကောင်းသကဲ့သို့ လက်တွေ့အကောင်အထည်ဖော်ရာ၌ ကောင်းရန်မလွယ်ပါ။ ဤနေရာတွင် မိမိအဖွဲ့ဝင်၏ ဝေဖန်သုံးသပ်မှုသည် အလွန်အဖိုးတန်၏။ မိမိ၏အားနည်းချက်ကို သူများမမြင်မီ သိရှိနိုင်ခြင်းသည် ဝေဖန်ခံနိုင်မှု၏ တန်ဖိုးပင်ဖြစ်သည်။

သဘောထားကွဲလွဲမှုကို ပြေလည်အောင်ဆွေးနွေးပြီး လုပ်ကိုင်သူများသည် အချင်းချင်း နားလည်မှုပိုရကြပြီး အပြန်အလှန်ယုံကြည်မှုလည်း ပိုမိုခိုင်မာလာတတ်သည်။ မကျေနပ်မှုကို ကွယ်ဝှက်သော အဖွဲ့အစည်း၌မူ အချင်းချင်း ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲတတ်သည်။ ရိုးရိုးသားသားကွဲလွဲသည့် သဘောထားကို ထုတ်ဖော်ပြောဆိုခွင့်ရ သော အဖွဲ့အစည်းများသည် အားကောင်းသည်ကို တွေ့ရ၏။ အဖွဲ့ဝင်များ နားလည်မှု ရှိလေလေ အဖွဲ့ကလည်း အားကောင်းလေလေဖြစ်လာသည်။

သို့သော်လည်း ရိုးသားသော သဘောထားကွဲလွဲမှုနှင့် ထိပ်တိုက်တွေ့သော သဘောထားကွဲလွဲမှုသည် ကွာခြားပါ၏။ ထိပ်တိုက်တွေ့သော သဘောထားကွဲလွဲမှုသည် အာဃာတဖြင့် အပြစ်ရှာသကဲ့သို့ ဖြစ်နေသဖြင့် မည်သူကမျှ ကြိုက်မည် မဟုတ်ပါ။ မိမိကိုယ်မိမိ ယုံကြည်မှုအားနည်းပြီး ဘဝလုံခြုံမှုမရှိသူသည် ကွဲလွဲသော သဘောထားကို တင်ပြရာတွင် ထိပ်တိုက်တွေ့ပြီး ရန်လုပ်သကဲ့သို့ ပြုမူတတ်သည်။ သဘောထားကွဲလွဲမှုကို မကျော်လွှားနိုင်သော အုပ်စုသည် လုပ်ငန်းရည်ရွက်ချက်ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်မည်မဟုတ်ပါ။

ရိုးသားသော သဘောထားကွဲလွဲမှုသည် စည်းရုံးရေးကို ပိုမိုအားကောင်းစေ၍ ထိပ်တိုက်တွေ့သော သဘောထား ကွဲလွဲမှုမှာမူ စည်းရုံးရေးကို ပျက်စီးစေသည်။ နားလည်မှုနှင့် ယုံကြည်မှုကို မရယူနိုင်သဖြင့် အဖွဲ့အတွင်း ဂိုဏ်းကွဲ များနှင့် သူ့လူကိုယ့်ဘက်သားများကို ပေါ်ပေါက်စေသည်။ ဆုံးဖြတ်ချက်ချရာတွင် အဖွဲ့ဝင်အားလုံး၏ ရာခိုင်နှုန်းပြည့် ထောက်ခံမှု မရနိုင်တော့ပါ။ ထိုကြောင့် ရိုးသားသော သဘောထားကွဲလွဲမှုကို တင်ပြနိုင်မည့် အခြေအနေကို ဒီမိုကရေစီခေါင်းဆောင်ပိုင်းက ဖန်တီးပေးရမည် ဖြစ်ပေသည်။