အတ္ထဿဒွါရဇာတ်
ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၈၄ - အတ္ထဿဒွါရဇာတ်။ ။ ဖခင်သူဌေးအား အကျိုးစီးပွား ဖြစ်ကြောင်း တရားမေးကြားသော ခုနစ်နှစ်အရွယ် သူဌေးသားငယ် အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်သားမေးပြဿနာ လျှောက်ထားရာ
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် သူဌေးတစ်ဦး၏ ခုနစ်နှစ်အရွယ်ရှိ သားငယ်သည် ပညာရှိ၏။ အကျိုးစီးပွား၌ လိမ္မာ၏။
ထိုသူဌေးသငယ်သည် တစ်နေ့သ၌ အဖထံကပ်၍ အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း ပြဿနာကို မေးလေ၏။ အဖသူဌေးလည်း အဖြေနိုင်၍ သားကိုခေါ်ကာ မြတ်စွာဘုရားထံ သွားပြီးလျှင် မြတ်စွာဘုရားအား “အရှင်ဘုရား ... ဤသူငယ်ကား ပညာရှိ၏၊ အကျိုးစီးပွား၌ လိမ္မာ၏၊ အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း ပြဿနာမေးရာ အဖြေနိုင်၍ အထံတော်သို့ လာရပါသည်၊ ထိုပြဿနာ အကျွန်ုပ်အား ဖြေကြားတော်မူပါ” ဟု လျှောက်ထားလေ၏။
မြတ်စွာဘုရားလည်း “သူဌေးကြီး ... ဤသူငယ်သည် ရှေးအခါ၌လည်း ဤပြဿနာကို ငါဘုရားအား မေးဖူးပြီ၊ ငါဘုရားလည်း ဖြေကြားခဲ့ဖူးပြီ၊ ဤသူငယ်ကား ဤပြဿနာ အဖြေကို သိခဲ့ဖူးပြီ၊ ယခုအခါ ဘဝတစ်ပါး ဖုံးလွှမ်းသဖြင့် မမှတ်မိ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်လောကစီးပွား ကြောင်းခြောက်ပါး
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးဖြစ်လေ၏။ ထိုသူဌေး၏ ခုနစ်နှစ်အရွယ်ရှိ သားငယ်သည် ပညာရှိ၏။ အကျိုးစီးပွား၌ လိမ္မာ၏။
ထိုသူဌေးသားငယ်သည် တစ်နေ့သ၌ အဖသူဌေးကို ကပ်ကာ “ဖခင် ... အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း အဘယ်နည်း” ဟု မေးလေ၏။ ထိုအခါ အဖသူဌေးသည် သားငယ်အား အောက်ပါအတိုင်း ဖြေကြားလေ၏။
အကျိုးစီးပွားဖြစ်ကြောင်း ခြောက်ပါး
ပြင်ဆင်ရန်(၁) အနာရောဂါ မရှိခြင်း၊
(၂) အကျင့်သီလနှင့် ပြည့်စုံခြင်း၊
(၃) ပညာရှိတို့ အဆုံးအမ ဩဝါဒကို လိုက်နာခြင်း၊
(၄) အကြားအမြင်များခြင်း၊
(၅) သုစရိုက်သုံးပါးကို ကျင့်ခြင်း၊
(၆) မပျင်းရိခြင်း။
ဤခြောက်ပါးတို့ကား အကျိုးစီးပွားဖြစ်ကြောင်း ဖြစ်သည်ဟု ဖြေကြားလေ၏။ ထိုသူသားလည်း ထိုအခါမှစ၍ ထိုတရားခြောက်ပါးတို့၌ ကျင့်လေ၏။ အဖသူဌေးလည်း ကုသိုလ်ကောင်းမှုတို့ကို ပြုလျက် သေလွန်သောအခါ ကံအားလျော်စွာ ဖြစ်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ သူဌေးသားသည် - ယခုအခါ သူဌေးသား။
ဗာရာဏသီသူဌေးသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) အနာမခ၊ ကျင့်သီလ၊ လိုက်ရဩဝါဒါ။
(၂) သုစရိုက်ပွား၊ ကြား, မြင်များ၊ မှတ်သားမပျင်းရာ။
(၃) အကျိုးစီးပွား၊ ဖြစ်ကြောင်းကား၊ ခြောက်ပါးဤသို့လာ။
အတ္ထဿဒွါရဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။